တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

 



နေပြည်တော် အောက်တိုဘာ ၁


တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးပဉ္စမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၈ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၉) ဦးသောင်းရွှေ၏ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ် ဘုရားငါးဆူကျေးရွာအုပ်စု ဘုရားငါးဆူ ကျေးရွာတွင် တိမ်ကောနေသော ကန်ဦးရေကန်ကြီးအား ပြန်လည်တူးဖော်ပြုပြင်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ကန်ဦးရေကန်သည် ဘုရားငါးဆူကျေးရွာ နယ်နိမိတ်အတွင်း တည်ရှိပြီး ကျေးရွာသောက်သုံးရေကန်မဟုတ်ဘဲ ကြွယ်လုလင်လေးကျေးရွာနှင့် ပင်ကတော ကျေးရွာတို့၏ လယ်မြေများအတွက် စိုက်ပျိုးရေရယူအသုံးပြုသည့် ရေကန်ဖြစ်ပါကြောင်း၊ လယ်မြေဧက ၁၂၀ ခန့်အတွက် အကျိုးပြုပြီး ရေနေဧရိယာ ၂ ဒသမ ၃၆ ဧကခန့်နှင့် ရေနေအနက် ပျမ်းမျှပေ ၂၀ ခန့်ဖြစ်ပြီး ချုံနွယ်များပိတ်ဆို့နေပါကြောင်း။


အဆိုပါရေကန်ကြောင့် စိုက်ပျိုးရေအပြင် မြေအောက်ရေအောင်းလွှာကို အထောက်အကူဖြစ်စေပြီး အနီးကျေးရွာများမှ တွင်းတိမ်များ၊ လက်တူးတွင်းများမှာ နွေရာသီရေပြတ်လပ်ခြင်း မရှိနိုင်ပါသဖြင့် ဒေသခံများအနေဖြင့် နှစ်စဉ်ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်း ဆောင်ရွက်သင့်ပါကြောင်း၊ ရေကန်ဧရိယာအတွင်းရှိနေသည့် ချုံနွယ်နှင့်အမှိုက်သရိုက်များ ဖယ်ရှားနိုင်ရေးအတွက် ကျေးရွာလူထုသို့ အသိပညာပေးဆွေးနွေးကာ ရှင်းလင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါရေကန်အား ပြုပြင်ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၂၀ ခန့် ရှိမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေဖြင့် လျာထားတင်ပြထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်မာလာဆန်း၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် နန်းခုံကျေးရွာအုပ်စုမှ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအုပ်စု ကျွဲဒပ်ကျေးရွာ ကျောက်ချုပ်ကျေးရွာအုပ်စုအထိ ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့စေပြီး အများပြည်သူအကျိုးရှိစေမည့် အကွာအဝေး ၁၃ မိုင် ၂ ဖာလုံခန့်ရှိသော ကုန်စည်ပို့ဆောင်ရေးလမ်းမကြီး ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သို့ ဆက်သွယ်သောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင် လမ်းပိုင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းပိုင်းနှစ်ခု ပါဝင်ပါကြောင်း။


ရွာငံမြို့နယ် ပဲရင်းတောင် - နန်းခုံ မြေသား လမ်း ၁ မိုင် ၄ ဖာလုံအပိုင်းမှ ပျက်စီးလျက်ရှိသော ၄ ဖာလုံအား သွားလာမှုအဆင်ပြေစေရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် စတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊ သာစည်မြို့နယ်အပိုင်းမှ ပျက်စီးလျက်ရှိသော မြေသားလမ်း ၅ မိုင် ၅ ဖာလုံသည် ပျမ်းမျှအကျယ် ၈ ပေခန့်သာရှိသော လမ်းဖြစ်ပါကြောင်း၊ နယ်မြေကွင်းဆင်း ဆောင်ရွက်ပြီးမှသာ တိုင်းဒေသကြီး ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သာစည်မြို့နယ် လမ်းပိုင်းဖြစ်သည့် လည်ခေါင်း - ကြပ်စခန်း လမ်းပိုင်း ၃ မိုင် ၁ ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော မြေသားလမ်းဖြစ်ပါကြောင်း၊ မိတ္ထီလာ - သာစည် - တောင်ကြီးလမ်းနှင့် ကျေးရွာများသို့ တိုက်ရိုက် ချိတ်ဆက်သောလမ်းဖြစ်ပါကြောင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ခြင်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှစီမံခန့်ခွဲသော မြေသားလမ်းပိုင်းမှ ၂ ဖာလုံအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၉) ဦးစောသွင်၏ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး (စကု) မြို့နယ်ရှိ လက်ခုတ်ပင်၊ ပင်လယ်သက်၊ စကာ၊ ခံကုန်း၊ ပန်းလွှား၊ တောပုတ်ကုန်း၊ ဘုမ္မနိုးကျေးရွာများရှိ လမ်းအရှည် ၈၀၆၂ ပေရှိပြီး အကျယ် ၁၂ ပေရှိသော ကုန်ထုတ်လမ်းကို ကွန်ကရစ်လမ်းအဖြစ် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက လက်ခုတ်ပင်ကျေးရွာ တွင် ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရန်အတွက် လက်ရှိလမ်း အကျယ် ၁၂ ပေခန့်သာရှိပါကြောင်း၊ လိုအပ်သော လမ်းအကျယ် ပေ ၃၀ ပြည့်မီစေရန်အတွက် မြေနေရာရရှိရေးကို ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကုန်ထုတ်လမ်းအဆင့်ကို မြေနီ၊ ကျောက်စရစ်၊ ဂျိုးဇာအဆင့်သာ ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် ဌာနဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ရရှိသည့်အချိန်တွင် အကြိုအင်ဂျင်နီယာလုပ်ငန်းများအား ကွင်းဆင်းတိုင်းတာခြင်း၊ လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့် အသေးစိတ်ခန့်မှန်းခြေတွက်ချက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ မြေနေရာလှူဒါန်းမှုမရရှိသေးခြင်း၊ နယ်မြေကွင်းဆင်း စစ်ဆေးနိုင်မှုမရှိသေးခြင်းတို့ကြောင့် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။


ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၇) ဦးရဲရင့်စိုးညွန့်၏ ရန်ကုန်တိုင်းဒေသကြီး ဖောင်ကြီးအရှေ့ကျေးရွာ ရွာလယ်လမ်းမနှင့် ဖောင်ကြီးအနောက်ကျေးရွာ ဈေးပိုင်းလမ်းမကြီးသို့ ဆက်သွယ်ထားသည့် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော ငမိုးရိပ်ချောင်း လူကူးတံတားအစား နှစ်ဖက်မော်တော်ယာဉ် သွားလာနိုင်သော အဆင့်မြင့် ချောင်းကူးတံတားအသစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာ ရွာလယ်လမ်းမနှင့် ဖောင်ကြီးအနောက်ကျေးရွာ ဈေးပိုင်းလမ်းမကြီးသို့ ဆက်သွယ်ထားသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ပြည်ထောင်စုမှ စီမံခန့်ခွဲသော Class-A အဆင့်လမ်းပေါ်တွင်တည်ရှိသည့် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော ငမိုးရိပ်ချောင်း လူကူးတံတားဖြစ်ပါကြောင်း၊ အရှည် ၂၀၈ ပေ၊ အကျယ် ၇ ပေ၊ အမြင့် ၁၈ ပေ ရှိသော ကွန်ကရစ်တိုင် သံပေါင်ရက်မ C Channel ကြမ်းခင်းတံတားဖြစ်ပါကြောင်း။


လှည်းကူး - ဖောင်ကြီးလမ်းမဆီသို့ ဖောင်ကြီးအရှေ့ကျေးရွာ ကွန်ကရစ်လမ်းနှင့် ငမိုးရိပ်ဆည်သို့ သွားသော ကတ္တရာလမ်းမှလည်းကောင်း၊ ဖောင်ကြီးအနောက်ကျေးရွာ ဈေးအဝင် ကွန်ကရစ်လမ်းမှလည်းကောင်း အဆင်ပြေလွယ်ကူစွာ အချိန်တိုတွင်း သွားလာနိုင်ပါကြောင်း၊ လက်ရှိအချိန်တွင် လူကူးတံတားမှာ ကောင်းမွန်ခိုင်ခံ့နေပြီး ဆက်သွယ်ရေး ပြတ်တောက်မှု မရှိသေးသဖြင့် ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးရန် ဦးစားပေးအစီအစဉ်တွင် မပါဝင်သေးပါကြောင်းနှင့် ပြုပြင်ထိန်းသိမ်းရန်လိုအပ်ပါက ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁) ဦးအောင်ကြူနိုင်၏ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု ချောင်းဝကျေးရွာ အဝင်လမ်းပေါ်တွင်တည်ရှိသည့် အရှည်ပေ ၁၂၀၊ အကျယ် ၁၄ ပေရှိ ယိုယွင်းပျက်စီးနေသော သစ်သားကြမ်းခင်းတံတားအစား ကြံ့ခိုင်မှုရှိသော သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု ချောင်းဝကျေးရွာအဝင်လမ်းသည် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် Class (B) အဆင့်လမ်းဖြစ်ပါကြောင်း။


ကွင်းဆင်းစစ်ဆေးချက်အရ အရှည်ပေ ၁၂၀ ရှိသော သစ်သားကြမ်းခင်း တံတားဖြစ်ပါကြောင်း၊ ၂၀၀၄ ခုနှစ်တွင် INGO အဖွဲ့ဖြစ်သည့် World Vision မှ ကျေးရွာနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့သော တံတားဖြစ်ပါကြောင်း၊ အဆိုပါ သစ်သားကြမ်းခင်းတံတားအား ကျေးရွာမှ ငါးကြိမ်ခန့် ပြင်ဆင်ထိန်းသိမ်းထားသဖြင့် ယခုအချိန်တွင် သွားလာ၍ အဆင်ပြေလျက်ရှိသော်လည်း ခိုင်ခံ့မှု၊ စိတ်ချရမှု အားနည်းနေကြောင်း တွေ့ရှိရသည့်အတွက် အဆိုပါတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်ပေးရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထားတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးရန်နိုင်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် အလျားပေ (၂၀၀) ရှိ “ထန်းတပင်ကြိုးတံတား” အား ပိုမိုကြံ့ခိုင်ကျယ်ဝန်းပြီး ဘေးအန္တရာယ်ကင်းရှင်းသော ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးရန် သို့မဟုတ် ပြုပြင်မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် ထန်းတပင်ကျေးရွာနှင့် ချောင်းတွင်းကျေးရွာအကြား အင်းချောင်းအားဖြတ်၍ တည်ဆောက်ထားသော တံတားဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်ခန့်က ဆောင်ရွက်ခဲ့သော ကြိုးတံတားဖြစ်ပြီး ဒေသနှင့်ကိုက်ညီသော တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးနိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း ကြိုတင်လေ့လာမှု ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လတ်တလောသွားလာမှု အဆင်ပြေစေရန်အတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြည်ထောင်စုပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အကျိုးပြုကျေးရွာ၊ စိုက်ဧကတို့အရ လိုအပ်လျက်ရှိသဖြင့် ဘေလီတံတားတည်ဆောက်ရန် ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၃) ဦးခိုင်ဝင်းအောင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြုပြီး ပေးပို့လာသော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။


ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဆဋ္ဌမနေ့ကို အောက်တိုဘာ ၂ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းအဖွဲ့

No comments

Powered by Blogger.