မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တပ်မတော်မှ စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်

 



နေပြည်တော် အောက်တိုဘာ ၁


မလေးရှားနိုင်ငံ၌ တရားမဝင် နေထိုင်မှုများနှင့် အခြားသော လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံ ပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံ သို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုအရ တပ်မတော်(ရေ)မှ တာဝန်ရှိသူများ ဦးဆောင်သည့် စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)၊ စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့သည် ရန်ကုန်မြို့မှ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထွက်ခွာ၍ သွားရောက်ခေါ်ဆောင် ခဲ့ရာ မလေးရှားနိုင်ငံ၊ လူမွတ် ဆိပ်ကမ်းသို့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း၊ ပြစ်ဒဏ်ကျခံပြီးသော မြန်မာနိုင်ငံသား ၁၄၇၆ ဦးအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး(ကြည်း၊ ရေ၊ လေ)တို့အနေဖြင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၊ တာဝန်ရှိသူများထံမှ စနစ်တကျလွှဲပြောင်း လက်ခံခဲ့ပြီးနောက်၊ စစ်ရေယာဉ်များသည် စက်တင်ဘာလ ၂၉ ရက် နေ့ ညပိုင်းတွင် မလေးရှားနိုင်ငံ၊ လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာမှုအား သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။


အဆိုပါ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံကြပြီး စစ်ရေယာဉ် များပေါ်တွင် စနစ်တကျနေရာ ချထားပေးခြင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ နေ့စဉ် စားသောက်ဖွယ်ရာများ ချက်ပြုတ် ကျွေးမွေးခြင်း၊ စိတ်အပန်းဖြေ စေရန် နှစ်သက်ရာ Game များ ကစားကြခြင်းနှင့် ရုပ်ရှင်ဗီဒီယို ဇာတ်ကားများ ပြသခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး စုပေါင်း လေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်း၊ လိုအပ်သည့် အဝတ်အထည်နှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း တို့ကို စစ်ရေယာဉ်များ၌ တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များက ဆောင်ရွက်ပေးလျက်ရှိပါသည်။


စစ်ရေယာဉ်များသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာ့ရေပြင်ပိုင်နက်သို့ စတင်ချင်းနင်းဝင်ရောက် ချိန်တွင် အမိနိုင်ငံရေမြေနှင့် ကာလအတန်ကြာ ဝေးကွာနေခဲ့ရသော မြန်မာနိုင်ငံသားများကို နိုင်ငံတော် အကြီးအကဲနှင့် တပ်မတော် အကြီးအကဲများက မိရင်းဖသဖွယ် လှိုက်လှဲစွာကြိုဆို ကြောင်း သတင်းစကားပါးမှုအပေါ် သင်္ဘောပေါ်တွင် လိုက်ပါလာသော ပြန်လည်ဝင်ရောက်လာသူ မြန်မာ နိုင်ငံသားများအနေဖြင့် ဝမ်းမြောက် ဝမ်းသာ လက်ခုပ်တီး၍ ပျော်ရွှင်မှု စိတ်ခံစားချက်များကို ဖော်ထုတ် ပြသခဲ့ကြကြောင်း၊ ခေါ်ယူရေးစီမံ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော် အကြီးအကဲ၏ ကြီးမားသော မေတ္တာတရားနှင့် စေတနာပြည့်ဝစွာဖြင့် အဘက်ဘက်က ဆောင်ရွက် ပေးလျက်ရှိသော တာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင် လျက်ရှိကြကြောင်းလည်း သိရှိရပါသည်။


 အဆိုပါ စစ်ရေယာဉ်များသည် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ မိဘဆွေမျိုးများ၊ မိသားစုများနှင့် အမြန်ဆုံးပြန်လည် တွေ့ဆုံနိုင်ရေးအတွက် ဆိပ်ကမ်း တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် မိသားစုဝင်များက အသင့်စောင့်ကြို ၍ နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးရန် စီစဉ်ထားရှိကြောင်း၊ မိမိနိုင်ငံအတွင်း၌ပင် မိသားစုများနှင့် အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လိုအပ်သည်များ ဆက်လက်ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 


မလေးရှားနိုင်ငံမှ ပြန်လည် ခေါ်ဆောင်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရ ပါသည်- 




အင်တာဗျူး ၁

ဟိုမှာ အလုပ်သွားလုပ်တာပါ။ ကြာပါပြီ ၁၉၉၉ ခုနှစ်ကတည်းက ရောက်တာပါ။ အကြောင်းအမျိုးမျိုး ကြောင့် ပြဿနာတက်ပြီးတော့ ဖမ်းဆီးခံရပြီးတော့ ပြန်လာတာပါ။ တိုင်းရင်းသားတွေ ထောင်ထဲ မှာရော ဒီထိန်းသိမ်းရေးစခန်းမှာ လူပေါင်းများစွာလည်း ကျန်ရှိပါသေးတယ်။ ပြန်ခေါ်နိုင်အောင် ကြိုးစားပေးပါလို့။ အမိမြေနဲ့ ခွဲခွာ သွားတာလည်းကြာပြီလေ လူတွေက အများကြီးပဲ စိတ်ထိခိုက်တယ်။ ဘာသာစကားမတတ် အင်္ဂလိပ် ဘာသာစကား၊ တရုတ်ဘာသာစကား မတတ်တဲ့အတွက်လည်း လူတွေ ဒုက္ခအမျိုးမျိုးရောက်ရတယ်။ သူများနိုင်ငံသွားရင် သူများ ဘာသာစကားတတ်မှ သူများနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေ့လာမှ မလေးရှား နိုင်ငံသားတွေက ချစ်တာပါ။ ကိုယ့်နိုင်ငံလည်း ကိုယ့်နိုင်ငံလာရင် ကိုယ့်ဘာသာစကားကို ကိုယ်တတ်အောင်သင်မှ သူများနိုင်ငံမှာလည်း ယဉ်ကျေးမှုတွေ သူ့အလိုက်ထိုက် နေတတ်အောင်လည်း နေကြပါလို့ ကျွန်တော် ပြောချင်ပါတယ်။ Camp တွေက ဖမ်းမိပြီး မြန်မာသံရုံးကို လွှဲပေးတယ်။ မြန်မာသံရုံးကနေပြီးတော့ ဒီဘက် မြန်မာနိုင်ငံလက်ထဲကို ပြန်ခေါ်ပေးတာပါ။ ဒီမှာတိုင်ရင် လည်း ဖမ်းဆီးခံရတယ်။ မှန်တာပဲ ဖြစ်စေ မမှန်တာပဲဖြစ်စေ ဒီနိုင်ငံမှာ တစ်နှစ်တစ်ခါ ပါမစ်ရှိတယ် သုံးနှစ်တစ်ခါ ပါမစ်ရှိတယ်။ ပါမစ်တွေက သက်တမ်းတိုးမှ ကျွန်တော်တို့က နေထိုင်ခွင့်ရတာ။ သူတို့နိုင်ငံမှာ အခွန်မဆောင်တဲ့ အတွက် မလေးရှားက လဝက ဥပဒေနဲ့ ကျွန်တော်တို့ မိတယ်။ အခုလိုပြန်လာရတာ ဝမ်းသာတာပေါ့။ မိသားစုနဲ့ သားကွဲမယားကွဲ ညီအစ်ကိုမောင်နှမတွေ အဘိုးအဘွားတွေနဲ့လည်း တွေ့ချင်တာပေါ့။ ကျွန်တော်တို့ကို အခုလို ကူညီပေးတဲ့ နိုင်ငံတော်အကြီးအကဲရော ဒီလိုလုပ်ပေးတဲ့အတွက် လူတစ်ယောက်တည်း မဟုတ်ဘူး လူပေါင်းထောင်ချီ လုပ်ပေးတဲ့ အတွက် သိန်းပေါင်းများစွာလည်း ကုန်တာလည်း ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကျွန်တော်တို့ ခံစားလို့ရ တယ်။ ဘယ်လိုဘယ်လို လုပ်ပေး ရတယ်ဆိုတာ၊ အကုန်လုံးကိုလည်း ကျေးဇူးတင်တယ်။ နိုင်ငံတော် အကြီးအကဲတွေ၊ လဝကတို့၊ ဒီဘက် ရေတပ်၊ အင်ဂျင်နီယာတပ်တွေ အကုန်လုံးကို ကျေးဇူးတင်ပါ တယ်။



အင်တာဗျူး ၂

ကျွန်တော် ရမ်းဗြဲကနေပြီးတော့ ရန်ကုန်တက်တယ်။ ရန်ကုန်ကနေ မောတောင်၊ မောတောင်ကတစ်ဆင့် ကျွန်တော် မလေးရှားတက်တယ်။ အခက်အခဲတွေကတော့ ကြုံရတာပေါ့။ ဒါပေမဲ့ မလေးရှား ရောက်တော့လည်း ဟိုအလုပ် ဒီအလုပ် အဆင်မပြေတာတွေက များတယ်။ သူဌေးတွေက အများကြီးဆိုးတယ်။ အဲဒါတွေ အဆင်မပြေဖြစ်ခဲ့တယ်။ ကျွန်တော်တို့ တွေက ဆင်းရဲတော့ နည်းနည်း အခက်အခဲတွေက များတယ်။ အဲဒါကြောင့် ကျွန်တော် မလေးရှား တက်တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြန်ရောက်တော့မယ်ဆိုတော့ ပျော်ပါတယ်။ Camp မှာ ကျန်ခဲ့တဲ့ လူတွေကတော့ နည်းနည်းအခက် အခဲရှိနေတယ်။ ဘာလို့လဲဆိုတော့ ဒီက မြန်မာတွေက အကုန်ထွက် လာတော့ မြန်မာတွေကျန်ခဲ့တဲ့ သူတွေကို နှိပ်စက်နေတာတွေ ရိုက်တာတွေ ခံနေရတာတော့ စိတ်မကောင်း ဖြစ်ရတာပေါ့။ အကုန်လုံး ကျေးဇူးတင်ပါတယ် လာခေါ်တဲ့လူတွေရော အကုန်လုံး ကျေးဇူးအများကြီး တင်ပါတယ်။



အင်တာဗျူး ၃

မလေးရှားရောက်တာ သုံးနှစ် လောက်ရှိပါပြီ။ အောက်လမ်း ကနေပဲ လာတာပါ။ ကော့သောင်း ကနေပြီးတော့ မလေးရှားကို ဝင်တယ် ဝင်ပြီးတော့ ဟိုရောက်တော့ ကျွန်တော်ကားဝပ်ရှော့ပေါ့ ကားဝပ်ရှော့လုပ်ရတယ်။ အလုပ်အကိုင်လည်း အဆင်မပြေပါဘူး။ အထောက်အထားမရှိလို့ လဝကတွေ တော်တော်များများ ဖမ်းကြပါတယ်။ လဝကရောက်မှပဲ အထဲမှာ ခြောက်လလောက် ကြာတယ်။ ပြီးတော့မှ ဒီကျွန်တော်တို့ မြန်မာနိုင်ငံက ပြန်လာခေါ်တော့ ဒီမှာလိုက်ပါ လာပါတယ်။ ဘာလို့လဲဆိုတော့ အထဲမှာ တော်တော်နေရတာ စားရတာ စိတ်ဆင်းရဲတယ် ပင်ပန်းတယ်။ သံရုံးက ပြန်ရတော့မယ် ပြောတော့ ဒီတစ်လလောက် ကျွန်တော်တို့ တော်တော်ပျော်ကြတယ်။ ပြန်ရမှာလား မပြန်ရမှာလား အတိအကျမသိသေးဘူး ပျော်နေကြတယ်။ ပြန်ရမယ့် ညဆို တစ်ညလုံး အိပ်လို့မပျော်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က မြန်မာပြည်ပြန်ရောက်တော့မှာမို့လို့ အပြင်မှာနေတုန်းကတော့ ဘာမှမဖြစ်ဘူး။ အထဲရောက်မှ အနေဆင်းရဲတယ် အစားဆင်းရဲတယ်၊ ထွက်လာမိတာကို နောင်တတွေ အများကြီးရမိပါတယ်။ မလေးရှားကနေ ထွက်လာပြီးတော့ ကျွန်တော်တို့ သင်္ဘောဆိပ်ရောက်တော့ မြန်မာ့အလံ ကိုမြင်တာနဲ့ စိတ်ထဲမှာ မျက်ရည်တောင်ကျမိပါတယ်ဗျ။ ဒါကတော့ ပြောပြလို့မတတ်အောင် ပျော်ပါတယ်ဗျ။ ဒီမနက်က အထက်အရာရှိတွေက မြန်မာပိုင်နက်ထဲ ရောက်ပြီဆိုတာနဲ့ အော်ပေးတယ် ကိုယ့်အိမ်ကိုယ့်ရာ ရောက်သလိုပါပဲ ငိုတဲ့လူလည်း ငိုကြပါတယ်။ ကိုယ့်အိမ်ကိုယ့်ရာ ရောက်ပြီဆိုတော့ ပျော်ကြတာပေါ့။ သင်္ဘောပေါ်မှာ အစစအရာရာ အဆင်ပြေအောင် တာဝန်ရှိသူတွေက လုပ်ထားပေးပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့ ဌာနဆိုင်ရာ အသီးသီးမှ လာခေါ်ပေးတဲ့ တာဝန်ရှိတိုင်းဒေသကြီး အစိုးရတွေ၊ ဒီသင်္ဘောပေါ်မှာရှိတဲ့ အရာရှိတွေအားလုံးကိုလည်း ရင်ထဲက အတိုင်းမသိ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျ”ဟု ပြောကြားသည်။


၁၀၀



No comments

Powered by Blogger.