ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲနှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ
မလေးရှား ဝန်ကြီးချုပ် ရုံး၌ ကျင်းပပြုလုပ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်
တို့နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊
ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ်
ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ၊
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာ စစ်သံ (ကြည်း၊ရေ၊
လေ) ဗိုလ်မှူးချုပ် ညီညီဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ အစိုးရအဖွဲ့မှ
အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့်
မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဝင်များအား
လှိုက်လှဲနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည်
ကာလရှည်ကြာသည့် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းများ ရှိခဲ့ကြသည့်နိုင်ငံများဖြစ်ကြပါကြောင်း၊
နောက်ပိုင်း တွင် ဆက်ဆံရေးအားဖြင့် အနည်းငယ်အလှမ်းကွာဝေးခဲ့သည်ဟုဆိုသော်လည်း
မိမိတို့နှစ်နိုင်ငံသည် အိမ်နီး ချင်းနိုင်ငံများကဲ့သို့ အရေးကြီးသည့်
မိတ်ဆွေနိုင်ငံများဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအတွက်လည်း
အရေးကြီးသည့်နိုင်ငံဖြစ်ပြီး မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေးကောင်းများထားရှိရေးကို
အမြဲအလေးထားပါကြောင်း။
မိမိတို့နှစ်ဦးသည် ထိုင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင်
တွေ့ဆုံခဲ့ဖူး ကြပြီး ထိတွေ့ဆက်ဆံမှုသည် ချစ်ကြည်ရင်းနှီးမှုကို
ပိုမိုခိုင်မြဲပါစေကြောင်း၊ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို
ပိုမိုခိုင်မြဲစေရေးနှင့် ထိတွေ့ဆက်ဆံမှုများနှင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက်
ပူးပေါင်း ဆောင်ရွက် မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး မိမိ၏ဖိတ်ကြားမှုကို
လက်ခံပေးခဲ့သည့်အတွက်လည်း ကျေးဇူး တင်ရှိပါကြောင်း။
မလေးရှားနိုင်ငံသို့ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခ
များကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့
ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကို အလေးထား ပူးပေါင်းဆောင်ရွက်ပေးခဲ့မှုများအတွက်လည်း
ကျေးဇူးတင်ရှိပါကြောင်းဖြင့် ဦးစွာ ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့ ကွာလာလမ်ပူမြို့သို့ ရောက်ရှိချိန်တွင် နွေးထွေးလှိုက်လှဲစွာ
ကြိုဆိုမှုများအတွက် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ယခုခရီးစဉ်သည် မိမိအနေဖြင့်
နိုင်ငံတော်သမ္မတတာဝန် ယူပြီးနောက် အာဆီယံနိုင်ငံများသို့ သွားရောက်သည့်
ပဉ္စမမြောက်ခရီးစဉ်ဖြစ်ပြီး အဆွေတော်နှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရသည့် အတွက်လည်း
ဝမ်းမြောက်မိပါကြောင်း။
မိမိ၏ ယခုမလေးရှားနိုင်ငံခရီးစဉ်အတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စနစ်တကျရှိသည့်
ကွာလာလမ်ပူ မြို့၏ သာယာလှပမှုနှင့် တက်ကြွလှုပ်ရှားမှုများကို ကိုယ်တိုင်တွေ့မြင်ခွင့်ရပြီး
နောက်ဆုံးတစ်ကြိမ် ရောက်ရှိစဉ်ကထက် သိသာသည့်ပြောင်းလဲတိုးတက်မှုများကိုလည်း
တွေ့မြင်ရပါကြောင်း၊ မလေးရှား နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို
ချီးကျူးပါကြောင်း။
မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကစပြီး BRICS
၏ မိတ်ဖက်နိုင်ငံအဖြစ် ပါဝင် ဆောင်ရွက်နေသည်ကိုလည်း
ဂုဏ်ယူဝမ်းမြောက်ကြောင်းကို ပြောကြားလိုပါကြောင်း၊ မိမိတို့၏ ယနေ့တွေ့ဆုံ ဆွေးနွေးမှုမှတစ်ဆင့်
နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးကို ပိုမိုခိုင်မာစေပြီး
ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားနိုင်မည်ဟုယုံကြည်ပါကြောင်း၊
မိမိတို့နှစ်နိုင်ငံအကြား ၁၉၅၈ ခုနှစ်တွင် သံတမန်အဆက်အသွယ် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည့်အတွက်
၆၈ နှစ်ကျော် ရှိခဲ့ပြီဖြစ်ပြီး လာမည့် ၂၀၂၈ ခုနှစ်တွင် နှစ် (၇၀) ပြည့်မြောက်တော့မည်
ဖြစ်ပါကြောင်း၊ ထို့အတွက်လည်း ထူးခြားလေးနက်သည့် အထိမ်းအမှတ် အခမ်းအနားများပြုလုပ်နိုင်ရေး
ကြိုတင် ပြင်ဆင်ရန် အဆိုပြုလိုပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတစ်လျှောက်တွင်
မိမိတို့နှစ်နိုင်ငံအကြား ရင်းနှီးသည့်ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြပါကြောင်း၊
အိမ်နီးချင်း မဟုတ်သော်လည်း ကိုလိုနီလက်အောက်တွင် အတူနေခဲ့ဖူးကြပြီး အရှေ့တောင်အာရှ
ကျွန်းဆွယ် နိုင်ငံများအဖြစ် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်
နိုင်ငံများအဖြစ် နှစ်ပေါင်း များစွာ ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည့် မိတ်ဖက်နိုင်ငံများလည်း
ဖြစ်ကြပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် မလေးရှားနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု
တိုးတက်ခိုင်မာစေရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုများကို
တိုးမြှင့်လုပ်ဆောင်သွားလိုကြောင်းကို အသိပေးလိုပြီး ကွာလာလမ်ပူမြို့တွင်
သံရုံးဖွင့်လှစ်ထားကာ မလေးရှားရောက် မြန်မာနိုင်ငံသားများ၏အကျိုးကို
ကူညီဆောင်ရွက်ပေးနေ သကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်စေရန်အတွက်လည်း
အထူးအလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း
မြန်မာနိုင်ငံသားများ အတွက် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် အထွေထွေရွေးကောက်
ပွဲအောင်မြင်စွာ ပြုလုပ်ခဲ့ ပါကြောင်း၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်
လွှတ်တော်အစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိရာ ယခုအခါ တတိယအကြိမ်မြောက် အစည်းအဝေး
ကျင်းပလျက်ရှိပြီး ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်သူ့အကျိုးဖော်ဆောင်မည့်
ဆွေးနွေးမှုများကို ဒီမိုကရေစီ နည်းလမ်းများနှင့်အညီ အရှိန်အဟုန်နှင့်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်
ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်
ဆောက်ရေးကို သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်နေပါကြောင်း။
မိမိတို့နှစ်နိုင်ငံအကြား လေကြောင်းပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊
သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး၊ အခွန်နှစ်ထပ်စည်းကြပ်မှု
ရှောင်ရှားရေးနှင့် ရာဇဝတ်မှု ဆိုင်ရာ အပြန်အလှန်ဥပဒေ အကူအညီပေးရေး စသည့်နယ်ပယ်များတွင်
သဘောတူစာချုပ်နှင့် နားလည်မှု စာချွန်လွှာများချုပ်ဆိုထားပြီး ဖြစ်ပါကြောင်း၊ ယခုသဘောတူညီချက်များကို
အခြေခံပြီး နှစ်နိုင်ငံအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့်နယ်ပယ်များကို
ဆက်လက် ရှာဖွေသွားလိုပါကြောင်း။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး ပြီးခဲ့သည့်နှစ်တွင်
နှစ်နိုင်ငံစုစုပေါင်းကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော်ရှိခဲ့ပြီး မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံ၏
ကုန်သွယ်ဖက်နိုင်ငံ အဆင့် ၄ နှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ၊
ဒေသပေါင်း ၄၈ ခုအနက် မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် ၉
ရှိနေသည်ကို သိရှိရပါကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းပြီး
စီးပွားရေးဖိုရမ်များ၊ B2B မိတ်ဆက်ပွဲများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး အသိပညာ ဖလှယ်ပွဲများ၊
သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး
လုပ်ငန်းများ (MSMEs) အတွက်
နိုင်ငံတကာဈေးကွက် ဝင်ရောက်မှုများအတွက် အတွေ့အကြုံမျှဝေခြင်းတို့တွင်
ပူးပေါင်းဆောင်ရွက်သွားလိုပြီး မလေးရှား နိုင်ငံတွင် ပြုလုပ်သည့်
ကုန်စည်ပြပွဲများတွင်လည်း ပါဝင်ပြသသွားလိုပါကြောင်း၊ ထို့အပြင် နှစ်နိုင်ငံအကြား
ဒီဂျစ်တယ်ကုန်သွယ်ရေးနှင့် အွန်လိုင်းပလက်ဖောင်းမြှင့်တင်ရေး ဆောင်ရွက်မှု (E-commerce
and Digital Promotion Platform) များအပေါ်
ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ
တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်
ချက်များဖြည့်ဆည်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို
ဦးစားပေးဖိတ်ခေါ်လျက် ရှိရာ မလေးရှားနိုင်ငံမှ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံ ရန်
ဖိတ်ခေါ်လိုပါကြောင်း။
ယမန်နေ့က ပြုလုပ်ခဲ့သည့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတွင် ကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ရေး၊ လယ်ယာနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှု
ပူးပေါင်းဆောင်ရွက် ရေးတို့ကို ဆွေးနွေးခဲ့ပြီး SEZ ၊ MSME နှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံရန်
ဆွေးနွေးခဲ့ပါကြောင်း။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး
မိမိတို့အနေဖြင့် စိုက်ပျိုး မွေးမြူရေးအခြေခံ စက်မှုကဏ္ဍများကို စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မလေးရှားနိုင်ငံသည်
သုတေသနလုပ်ငန်းများစွာ အတွေ့အကြုံရှိသည့်အတွက် စိုက်ပျိုးရေးနှင့်
မွေးမြူရေးသုတေသနနယ်ပယ် များကို ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း။
ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးလိုပြီး
မိမိတို့နိုင်ငံ၏ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက်
နည်းပညာတက္ကသိုလ် တို့သည် မလေးရှား Multimedia University နှင့် MoU အသီးသီး ချုပ်ဆိုပြီး ပညာ ရေးနှင့် သုတေသန
ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါကြောင်း။
သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်သွားနိုင်မည်ဟု
ယုံကြည်ပါကြောင်း၊ အထူးသဖြင့် နည်းပညာ၊ ကွန်ပျူတာနှင့် Polytechnic
တက္ကသိုလ်များအကြား ကျောင်းသားဖလှယ်ရေး အစီအစဉ်များ၊
ဘွဲ့ယူစာတမ်းနှင့် သုတေသန ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်သွားလို ပါကြောင်း။ ထို့အပြင် ပူးတွဲအလုပ်ရုံဆွေးနွေးပွဲများ၊
စာတမ်းဖတ်ပွဲများ ကျင်းပခြင်း အားဖြင့် နှစ်နိုင်ငံလုံး၏ သုတေသနနှင့်
ပညာရေးအဆင့်အတန်းကို အတူတကွ မြှင့်တင် သွားကြရန် တိုက်တွန်းလိုပါကြောင်း။
ကျန်းမာရေးကဏ္ဍတွင်လည်း မြန်မာ-မလေးရှားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်သည့်
လုပ်ငန်း များစွာရှိပါကြောင်း။ မလေးရှားနိုင်ငံတွင် လာရောက်လုပ်ကိုင်နေကြသည့်
မြန်မာဆရာဝန်များစွာ ရှိခဲ့သကဲ့သို့ မလေးရှားနိုင်ငံ၏ ဆေးပညာအဆင့် အတန်း
မြင့်မားမှုနှင့် ဈေးနှုန်းသင့်တင့်မှုတို့ကြောင့် မြန်မာနိုင်ငံသားများစွာသည်လည်း
မလေးရှားနိုင်ငံတွင် ဆေးကုသမှုခံယူရန် ရွေးချယ်လာကြ ပါကြောင်း၊ ထို့ကြောင့်
မြန်မာ–မလေးရှား နှစ်နိုင်ငံအနေဖြင့် ဆေးရုံနှင့် ဆေးခန်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေး၊
ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ကျန်းမာရေးနည်းပညာနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး
စသည့် အပိုင်းများတွင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်ကို
တွေ့ရပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတများကို စနစ်တကျ ထိန်းသိမ်စောင့်ရှောက်ပြီး
စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက် ညီညီ
ဖော်ဆောင်ပေးလျက် ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ပထဝီဝင်အရ နီးကပ်ပြီး
အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း
ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်မည့် အလားအလာများလည်း များစွာရှိပါကြောင်း။
အခါအခွင့်ကြုံခိုက်တွင် မြန်မာနိုင်ငံ၌ အွန်လိုင်းလိမ်လည်မှု၊
အွန်လိုင်းရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စရပ်များကို
အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် Zero Tolerance မူချမှတ်ပြီး ဆောင်ရွက်နေမှုများကို
အသိပေးမျှဝေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင်ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်တွင်
အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည့်အတွက်
အွန်လိုင်းလိမ်လည်မှုများကို ထိထိရောက်ရောက် ပြစ်ဒဏ်စီရင်ပြီး
တားဆီးနှိမ်နင်းနိုင်တော့မည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင်
အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ် ကိုင်ခြင်းမရှိစေရေး
ရှင်းလင်းခြင်း၊ သိမ်းဆည်းရမိပစ္စည်းများကို စနစ်တကျ ဖျက်ဆီးခြင်းနှင့် တရားမဝင်
အဆောက်အဦများကို စနစ်တကျ ဖြိုချဖျက်ဆီးခြင်းတို့ကို အိမ်နီးချင်းနိုင်ငံများနှင့်
ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
အလားတူ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး
လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကဏ္ဍနှင့် ပတ်သက်ပါကလည်း
မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်
တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (Central Committee for Drug Abuse
Control – CCDAC) က မလေးရှားနိုင်ငံ၊
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ (National Anti-Drugs
Agency – NADA)၊ မလေးရှား တော်ဝင်
ရဲအဖွဲ့ (Royal Malaysia Police – RMP) တို့နှင့် အပြန်အလှန် သတင်းဖလှယ်ဆောင်ရွက်လျက်
ရှိပါကြောင်း၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်
ရောင်းဝယ်ဖောက်ကားမှုများသည် မြန်မာအစိုးရ၏ အုပ်ချုပ်မှုနှင့်အလှမ်းကွာပြီး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြီးစိုးနေသည့် နယ်စပ်ဒေသများတွင်
အဓိကဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌သာမက ဒေသတွင်းနိုင်ငံများ အပေါ်၌ပါ
ဆိုးကျိုးများသက်ရောက်မှုရှိသည့် နိုင်ငံဖြတ်ကျော် မှုခင်းများဖြစ်သည့်အတွက် တစ်နိုင်ငံ
တည်းက ကိုင်တွယ်ဖြေရှင်း၍မရဘဲ ဒေသတွင်း နိုင်ငံများအကြား သတင်း အချက်အလက်များ
မျှဝေခြင်းနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ချိတ်ဆက်ပြီး ပူးပေါင်း ဆောင်ရွက်ခြင်းတို့
ပြုလုပ်နိုင်မှသာ ပြဿနာများ ပြေလည်မည်ဖြစ်ပါကြောင်း။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများနှင့်
မိသားစုဝင်များအနေဖြင့် မိမိတို့ မှတ်တမ်းများအရ ၁၆၀၀၀၀ ကျော်
လာရောက်နေထိုင်လုပ်ကိုင်လျက်ရှိသောကြောင့် ၎င်းတို့၏ လုပ်ငန်းခွင် လုံခြုံဘေးကင်းရေး၊
ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် အကာအကွယ်များရရှိရေး၊ လူမှုဖူလုံရေးနှင့်
စောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် မလေးရှားအစိုးရနှင့် နီးကပ်စွာ
ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း၊ ထို့အပြင် အလုပ်သမားများ
တရားဝင်လမ်းကြောင်းကတစ်ဆင့် စနစ်တကျ လာရောက်လုပ်ကိုင်နိုင်ရေး၊
ခေါင်းပုံဖြတ်ခံရမှုများမှ ကာကွယ်နိုင်ရေး၊ ဗီဇာနှင့် အလုပ် လုပ်ခွင့်
ပါမစ်ဆိုင်ရာကိစ္စရပ်များ ချောမွေ့စေရေးနှင့် နှစ်နိုင်ငံအလုပ်သမားသဘောတူညီချက် (MoU)
များအတိုင်း ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးတို့ကိုလည်း
ဆွေးနွေးလို ကြောင်း၊ မလေးရှားနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေကြသည့်
မြန်မာအလုပ်သမားများ၏ လုပ်အားနှင့် ကြိုးပမ်းမှု များသည် နှစ်နိုင်ငံလုံး၏
စီးပွားရေးနှင့် ချစ်ကြည်ရေးအတွက် များစွာအဓိကကျပြီး မလေးရှားအစိုးရ၏
ကူညီစောင့်ရှောက်မှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း။
မိမိတို့ နှစ်နိုင်ငံသည် ဒေသတွင်းမိတ်ဖက်နိုင်ငံများ ဖြစ်ကြပါကြောင်း။ အာဆီယံနှင့်
ကုလသမဂ္ဂတို့ အပါအဝင် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင်
အဖွဲ့ဝင်များအဖြစ်လည်း ပါဝင်ကြပါကြောင်း၊ အာဆီယံကြေညာချက် (၅) ရပ်နှင့်ပတ် သက်၍
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း အခြေအနေများအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင်
တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေ ပါကြောင်း၊ မိမိတို့၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ
ပကတိအခြေအနေများကို အခြေခံပြီး အမျိုးသား အကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို
အလေးထားစောင့်ရှောက်ကာ မြန်မာက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့်
အာဆီယံနှင့် ဆက်ဆံရေး တိုးတက်စေရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း
အသိပေးပြောကြားလိုပါကြောင်း ပြောကြားသည်။
မလေးရှား နိုင်ငံဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် အဆွေတော်သမ္မတကြီးအနေဖြင့်
ယခုကဲ့သို့ နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက်
ကျယ်ကျယ် ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့မှုများအပေါ် မိမိအနေဖြင့်
ဝမ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်
လက်တွေ့ကျသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရန်
ယခုတွေ့ဆုံဆွေးနွေးပွဲသို့ တာဝန်ရှိသည့် အစိုးရအဖွဲ့အဆင့်မြင့်ကိုယ်စားလှယ် အရာရှိကြီးများကို
တက်ရောက်စေခဲ့ပါကြောင်း၊ မလေးရှားနိုင်ငံအတွက် လိုအပ်လျက်ရှိသည့် သွင်းကုန်များကို
မြန်မာနိုင်ငံမှ တင်သွင်းနိုင်ရန် ဆန္ဒရှိပါကြောင်း။
မိမိတို့အနေဖြင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊
ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးတက်ခိုင်မာအောင်
ဆောင်ရွက်သွားရမည်ဖြစ်ပြီး နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုများကို
မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ အဆွေတော်သမ္မတကြီး၏ ယခု ခရီးစဉ်သည် အောင်မြင်သည့်
ခရီးစဉ်တစ်ခုဖြစ်ပြီး ယခုကဲ့သို့အချိန်ပေး၍ မိမိတို့နိုင်ငံသို့ လာရောက် သည့်အတွက်
ကျေးဇူးတင်ရှိပါကြောင်း၊ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်မြှင့်တင်
ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည်
နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ထိတွေ့ဆက်ဆံမှုနှင့်
ကဏ္ဍစုံမှပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်
ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
![]() |
နှစ်နိုင်ငံ ခေါင်းဆောင်များ သတင်းစာရှင်းလင်းပွဲပြုလုပ်
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ
ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင်
အီဘရာဟင် တို့သည် နှစ်နိုင်ငံ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍
နှစ်နိုင်ငံဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊
ခရီးစဉ်ဆိုင်ရာများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးတို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ
တာဝန်ရှိသူများ၊ သတင်းမီဒီယာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့သည် အတူတကွ
မော်တော်ယာဉ် စီးနင်း လိုက်ပါ၍ ဝန်ကြီးချုပ် အိမ်တော်သို့ ထွက်ခွာခဲ့ကြကြောင်း
သတင်းရရှိသည်။
သတင်းစဉ်


No comments