နိုင်ငံတကာရက်သတ္တပတ်ကြောင့် ရပ်နားထားသည့် M-League ပြိုင်ပွဲ ပွဲစဉ်(၃) ပြန်လည်ကျင်းပမည်

 


ရန်ကုန်     အောက်တိုဘာ     ၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay  တို့က  အဓိကကူညီပံ့ပိုးသည့်  ၂၀၂၆-၂၀၂၇  ရာသီ  Grand Royal M-League  ပြိုင်ပွဲ ပွဲစဉ်(၃)ကို  အောက်တိုဘာ  ၉  ရက်တွင်  ပြန်လည်ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို  နိုင်ငံတကာရက်သတ္တပတ်ကြောင့် ရပ်နားထားခြင်းဖြစ်ပြီး ပြန်လည်ကျင်းပမည့် ပွဲစဉ်(၃)တွင် စိတ်ဝင်စားစရာ ပွဲကောင်းများ ပါဝင်နေသည်။

ရန်ကုန်ဒါဘီပွဲဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရန်ကုန်စီးတီးအသင်း ထိပ်တိုက်တွေ့ဆုံမှုအပါအဝင် လက်ရှိ ချန်ပီယံရှမ်းယူနိုက်တက်အသင်းသည် ဟံသာဝတီယူနိုက်တက်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။ ထိပ်ဆုံးမှ ဦးဆောင်နေသည့် ဒဂုံစတားယူနိုက်တက်အသင်းသည် အား/ကာသိပ္ပံအသင်းနှင့် တွေ့ဆုံနေသည်။ ရန်ကုန်စီးတီး အသင်းသည် တန်းတက်အသင်းဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပ ကစားသမားကောင်းများစွာ ခေါ်ယူထားခြင်း၊ ရှမ်းယူနိုက်တက်၊ ရတနာပုံအသင်းတို့ကို သရေကစားထားခြင်းတို့ကြောင့် ရန်ကုန်ယူနိုက်တက် အသင်းအတွက် အခက်တွေ့မည့် ပွဲဖြစ်လာနိုင်သည်။ ရန်ကုန်ယူနိုက်တက်အသင်းတွင် မောင်မောင်လွင်နှင့် ဟိန်းဖြိုးဝင်းတို့ မပါဝင်နိုင်သဖြင့် အားလျော့နိုင်ပြီး နည်းပြချုပ် မာဆယ်လို၏ အပြောင်းအလဲကို စောင့်ကြည့်ရမည်ဖြစ်သည်။

ပွဲစဉ်(၃)အဖြစ် အောက်တိုဘာ ၉ ရက်တွင် သန်လျင်သီဟဒီပကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ဒဂုံစတားယူနိုက်တက် အသင်း၊ YUSC ကွင်း၌  စစ်ကိုင်းယူနိုက်တက်အသင်းနှင့် Chinland  အသင်း၊ အောက်တိုဘာ ၁၀ ရက်တွင် ပုသိမ် ကျောက်တိုင်ကွင်း၌ ဧရာဝတီယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်း၊ သန်လျင်သီဟဒီပကွင်း၌ မြဝတီ အသင်းနှင့် ရတနာပုံအသင်း၊ အောက်တိုဘာ ၁၁ ရက်တွင် YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရန်ကုန်စီးတီး အသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပွဲစဉ်(၂)အပြီးတွင် ဒဂုံစတားယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းက ခြောက်မှတ်စီ၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းက လေးမှတ်စီ၊ စစ်ကိုင်းယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်းက သုံးမှတ်စီ၊  သစ္စာအားမာန် နှင့်  ရန်ကုန်စီးတီးအသင်းက  နှစ်မှတ်စီ၊ ဟံသာဝတီယူနိုက်တက်နှင့်  မြဝတီအသင်းက တစ်မှတ်စီရရှိထားပြီး အား/ကာသိပ္ပံနှင့် Chinland အသင်းက အမှတ်မရသေးပေ။

ကိုညီလေး

No comments

Powered by Blogger.