တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ဆက်လက်ကျင်းပ
မြစ်ကြီးနား အောက်တိုဘာ ၆
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယနေ့နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်သို့တင်ပြပြီး အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင် ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်း တင်သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အကျိုးပြု ကြယ်ပွင့်ပြမေးခွန်း ၁၀ ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး မိုးကောင်းမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးနေလင်းစိုး တင်သွင်းခဲ့သည့် “ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေနှင့် ရုံးအသုံးအဆောင်များကို လက်ရှိကုန်စျေးနှုန်းများဖြင့် ကိုက်ညီမှုရှိစေရန် ပြန်လည်သုံးသပ်၍ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံ ဆွေးနွေးပြီး ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားကာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏အဆုံးအဖြတ်ကို ရယူပြီး ယင်းအဆိုအား မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက လော်ဝေါ်၊ လာချိဒ်နှင့် လီဆူ တိုင်းရင်းသားလူမျိုးများ၏ အမည်မှန်(စာလုံးပေါင်း အမှန်)သတ်မှတ်နိုင်ရေး လွှတ်တော်သို့တင်သွင်းရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်မိုးသီတာ သိန်းက “ဌာနဆိုင်ရာအချို့၏ (၅)နှစ်တာလုပ်ငန်း စီမံကိန်းများ ရေးဆွဲတင်ပြရာတွင် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၄ နှင့်အညီဆောင်ရွက်ရန် ကချင်ပြည်နယ် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံသဖြင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာကာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ရပ်နားလိုက်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments