ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၈) သင်တန်းဆင်းပွဲ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) ရဲဗလတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင် က ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းဆင်းတပ်ခွဲများအား စစ်ဆေး၍ ဒုတိယရဲအုပ်လောင်းများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူကာ အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ကောင်းမြတ်သူ(၂)၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ကျော်စိုးဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ကောင်းမြတ်သူ(၂)၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ပြည့်ဖြိုးကျော်၊ အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း လူလူမင်းဆွေတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က သင်တန်းဆင်း ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူကြရမည့် သူများအနေဖြင့် လက်အောက်ငယ်သားများ၏ စိတ်ဓာတ်နှင့် စွမ်းရည်တို့အား စနစ်တကျစုစည်းပြီး ပေးအပ်လာသည့် တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အပေါ်၊ တပ်ဖွဲ့အပေါ်နှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်တွင် ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ပြီး အခက်အခဲ အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်း၌ မှတ်ကျောက်အတင်ခံနိုင်သည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော် တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အစဉ်အလာကောင်းနှင့်အညီ တပ်မတော်နှင့်အတူ လက်တွဲ၍ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ ဒေသခံပြည်သူလူထုများနှင့်အတူ အချို့နေရာဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် ဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်သည်ကို ကောင်းစွာသိရှိနားလည်ကြရမည် ဖြစ်ကြောင်း။
ထို့ပြင် “မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အမြင့်ဆုံးဂုဏ်သိက္ခာသည် ပြည်သူလူထုက အားကိုးယုံကြည်မှုပင်ဖြစ်သည်” ဆိုသည့် ခံယူချက်နှင့်အညီ ပြည်သူကလေးစားပြီး အားကိုးယုံကြည်ရသည့် စွမ်းရည်ရှိသော ရဲတပ်ဖွဲ့ဖြစ်စေရေး ကြိုးပမ်းထမ်းဆောင်သွားကြစေလိုကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ တိုးမြှင့်ဆောင်ရွက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်စေနိုင်သည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ တပ်မတော်၊ ပြည်သူတို့နှင့်အတူ ပူးပေါင်းလက်တွဲကာ အရှိန်အဟုန်မြှင့် ပါဝင်တိုက်ဖျက်ကြရမည် ဖြစ်ကြောင်း။
တပ်ဖွဲ့ဝင်အားလုံး လေ့ကျင့်သားပြည့်ဝနေစေရေး “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေး မူဝါဒနှင့်အညီ တစ်ဦးချင်းအလိုက်၊ တပ်ဖွဲ့အလိုက် ကိုင်တွယ်အသုံးပြုရသည့် လက်နက်၊ ခဲယမ်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန်နှင့် အမြဲအသင့်ဖြစ်နေစေရေး စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်သွားကြရန်နှင့် သိသင့်သိထိုက်သည့် အသိပညာ၊ အတတ်ပညာများကိုလည်း လေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်၌ အသုံးချနိုင်သည်အထိ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူအတွက် ဖြစ်စေရမည်ဟူသည့် ခံယူချက်ဖြင့် လေ့ကျင့်သားပြည့်ဝသော ရဲ၊ အဂတိကင်းရှင်းသော ရဲ၊ ပြည်သူချစ်သော ရဲအရာရှိကောင်းများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်နှင့် ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၂၈) ရဲဗလတပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား ၁၈၄ ဦး၊ အမျိုးသမီး ၅၆ ဦး၊ ပြင်ပဘွဲ့ရ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၅၀၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၃၅၅ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments