အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နည်းပြ (နည်းစနစ်) မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
နေပြည်တော် အောက်တိုဘာ
၁
အားကစားရေးရာဝန်ကြီးဌာန
အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နည်းပြ (နည်းစနစ်) မွမ်းမံသင်တန်း
(၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်
ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းကို
ဇူလိုင် ၆ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ရက်ပေါင်း ၉၁ ရက် ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
သင်တန်းဆင်းပွဲတွင်
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အမှာစကားပြောကြားပြီး အကောင်းဆုံးစံပြထူးချွန်ဆု
ရရှိကြသူများအား ဂုဏ်ပြုဆုများနှင့် ငွေသားဆုများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားနှစ်ဦးအား သင်တန်းဆင်း
လက်မှတ်များကိုလည်းကောင်း ပေးအပ်သည်။
သင်တန်းဆင်းပွဲအပြီးတွင်
အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဆေးခန်း၊ မြန်မာနိုင်ငံ တက်ဂ်ဘောအဖွဲ့ချုပ် လေ့ကျင့်ရေးရုံတွင်
လက်ရွေးစင်ကစားသမားများ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့နံနက်ပိုင်းကလည်း
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ
(ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ (၃၄)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့်
အလေးမ၊ ကရာတေး၊ ဝူရှူး၊ ခရစ်ကတ်၊ တက်ဂ်ဘော၊ ဘိလိယက်နှင့် စနူကာ၊ သေနတ်ပစ်အားကစား အဖွဲ့များ၊
(၅)ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲနှင့် (၁၄) ကြိမ်မြောက် အာဆီယံမသန်စွမ်း
အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်သူ/ နည်းပြများနှင့်
အားကစားသမားများကို ကျိုက္ကဆံအားကစားကွင်း ပြည်ထောင်စုခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မိမိတို့ဝန်ကြီးဌာနအနေဖြင့်
မြန်မာ့အားကစားကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရန် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားအဖွဲ့များအနေဖြင့်
နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး ထူးချွန်ထက်မြက်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများဖြစ်အောင်
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားအားထုတ် လေ့ကျင့်သွားရန် တိုက်တွန်းမှာကြားသည်။
ထိုမှတစ်ဆင့် မင်္ဂလာတောင်ညွန့်မြို့နယ်
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် သိမ်ဖြူလက်ဝှေ့ရုံနှင့် ဟော်ကီအားကစားအဖွဲ့ချုပ်တို့ကို
သွားရောက်ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်လမ်း
Novotel Yangon Max Hotel ၌ ကျင်းပသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲနှင့်
(၆) ကြိမ်မြောက် အာရှသဲသောင်ပြင်ပြိုင်ပွဲတို့တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့ကြသည့်
နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် တက်ဂ်ဘော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့
တက်ရောက်အမှာစကားပြောကြားသည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင်
မြန်မာတက်ဂ်ဘောအသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီက ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ်
သိန်း ၆၀၀ ၊ မြန်မာနိုင်ငံ တက်ဂ်ဘောအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ် သိန်း
၆၀၀ ၊ ဧရာဝတီဘဏ်က ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ် သိန်း ၆၀၀၊ ကမ္ဘောဇဘဏ်က ဂုဏ်ပြုချီးမြှင့်သည့်
ငွေကျပ် သိန်း ၃၀၀ ၊ Rio Commodity Co.,Ltd. က ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ် သိန်း
၂၀၀၊ မြန်မာနိုင်ငံ တက်ဂ်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့က
ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ် သိန်း ၆၀၀ စုစုပေါင်းငွေကျပ် သိန်း ၂၉၀၀ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
Sanya မြို့တွင် ဧပြီ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာရှသဲသောင်ပြင်ပြိုင်ပွဲတွင်
ကြေးတံဆိပ်ဆု သုံးခုရရှိခဲ့သည့် မြန်မာတက်ဂ်ဘော အသင်းအား မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်က
ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ် သိန်း ၃၀၀ စုစုပေါင်း ငွေကျပ် သိန်း ၃၂၀၀ တို့ကို ပြည်ထောင်စုဝန်ကြီး၊
တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်
ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ တက်ဂ်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများက
မြန်မာ့ လက်ရွေးစင်တက်ဂ်ဘောအသင်း အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများထံ ပေးအပ်ကြကြောင်း
သိရသည်။
သတင်းစဉ်

No comments