မအူပင်မြို့နယ်၌ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေး
မအူပင် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စစ်ကိုင်း ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ၌ လူနှင့် တိရစ္ဆာန်များ အကြား ခွေးရူးရောဂါ ကူးစက်ပြန့်ပွားမှုကို ဟန့်တားရန်၊ လူထုအတွင်း ခွေးရူးရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်နှင့် "၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါကြောင့် လူသေဆုံးမှု မရှိစေရေး" (Zero by 30) ကမ္ဘာ့ရည်မှန်းချက် ပန်းတိုင်အား အထောက်အကူပြုစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မျိုးမင်းနှင့် ဝန်ထမ်းများမှ ယမန်နေ့နံနက် ၁၀ နာရီက ခွေးရူးရောဂါ အသိပညာပေးဟောပြောခြင်းနှင့် ခွေးကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများ ဆောင်ရွက်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်တွင် ကာကွယ်ဆေးထိုးအဖွဲ့များမှ ကျေးရွာရှိ စုရပ်နှင့်ကျေးရွာအတွင်း လှည့်လည်၍ ခွေးကြောင်များကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြပြီး ထိုးနှံပြီးသည့် ခွေးကြောင်များအား မှတ်တမ်းတင်ခြင်းနှင့် ကာကွယ်ဆေးထိုးပြီးကြောင်း ကာကွယ်ဆေးထိုးကတ်ပြားများ ထုတ်ပေးခဲ့သည်။
မအူပင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ စစ်ကိုင်းကျေးရွာအုပ်စုနှင့် ရေလဲကလေးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ၏ ခွေး၊ ကြောင်(၅၀၀)ကောင်အား (၃)နှစ် ဆက်တိုက် ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့)ကွက်ပြည့် ထိုးနှံ ပေးခြင်း၊ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မျိုးမင်းထံမှ သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)ေ

No comments