မင်းဘူးမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
မင်းဘူး အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး
မင်းဘူးမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းများကို
စက်တင်ဘာ ၃၀ ရက် က မင်းဘူးမြို့ အမှတ် (၄) သူဌေးကုန်းရပ်ကွက် မဟာသကျမုနိ အာရုံခံတန်ဆောင်းနှင့်
ကမ်းနားလမ်းရေလွှဲပေါက်၌ ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့က
အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး
အဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမရှိစေရေး၊
ပင်လယ်သမုဒ္ဒရာနှင့် မြစ်ချောင်းများအတွင်း ပလတ်စတစ်နှင့် အခြားအမှိုက်များ မစွန့်ပစ်ခြင်းဖြင့်
အဏ္ဏဝါအမှိုက်သရိုက်များ ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး အသိပညာပေး ဟောပြောဆွေးနွေးကြသည်။
ဆက်လက်၍ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ
ပူးပေါင်းအဖွဲ့များက မင်းဘူးမြို့အမှတ် (၄) ကမ်းနားလမ်းရေလွှဲပေါက် ဧရိယာအတွင်း၌ ပလတ်စတစ်အစားထိုး
ပစ္စည်းများသုံးစွဲရေး ပညာပေးလုပ်ငန်းများဆောင်ရွက်ကာ ဒေသခံများနှင့်အတူ ဧရာတီမြစ်ကမ်းဘေးတစ်လျှောက်
စုပေါင်းအမှိုက်ကောက်ခြင်း၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များတွင် အသိပညာပေးပိုစတာကပ်ခြင်း၊
လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် လူစည်ကားရာ နေရာများတွင် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး
အမှိုက်ပုံးထားရှိခြင်း စသည့်လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)

No comments