လက်တွဲညီညီပူးပေါင်းလို့ ခွေးရူးရောဂါတိုက်ဖျက်စို့ …



ဒေါက်တာလှိုင်ဝင်း (မွေး/ကု)

 

ခွေးရူးရောဂါသည် မပေါ့ဆသင့်သည့် ရောဂါအမျိုးအစားတစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် ခွေးရူးရောဂါကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း ၅၉၀၀၀ ခန့်ကို သေဆုံးစေလျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်နေသည့် တိရစ္ဆာန်မှ လူကိုကူးစက်သေဆုံးစေတတ်သည့် Zoonosis ရောဂါတစ်ခုအဖြစ် တည်ရှိနေသည့်အတွက်ဖြစ်သည်။

 

ခွေးရူးရောဂါသည် လူအပါအဝင် ခွေး၊ ကြောင်၊ မြေခွေးစသည့် နို့တိုက်သတ္တဝါများ၏ ဗဟိုအာရုံ ကြောစနစ်ကို ထိခိုက်စေသည့် ဗိုင်းရပ်စ်ရောဂါတစ်ခု ဖြစ်ပါသည်။ ခွေးရူးရောဂါပိုး ကူးစက်ခံ ထားရသည့် တိရစ္ဆာန်များ (အများအားဖြင့် ခွေးများ) ၏ တံတွေး နှင့် ဦးနှောက်အတွင်းရှိနေတတ်ပြီး အဆိုပါတိရစ္ဆာန် များအကိုက်ခံရပါက ရောဂါကူးစက်ပျံ့နှံ့စေပါသည်။

 

တချို့ဒေသများတွင် လင်းနို့များက ခွေးရူး ရောဂါပိုး အဓိကရှိနေတတ်သည့် တိရစ္ဆာန်များဖြစ်ပါသည်။ ရောဂါပိုးပျိုးကာလအနေဖြင့် ရက်သတ္တအနည်းငယ်မှ နှစ်အနည်းငယ်အထိ ကွဲပြားနိုင်သော်လည်း အများအားဖြင့် နှစ်လ၊ သုံးလအကြတွင် ရောဂါဖြစ်ပွားတတ်ပါသည်။ ခွေးရူးရောဂါ လက္ခဏာများ စတင်ပြသလာပါက လူနှင့်တိရစ္ဆာန်များတွင် ခွေးရူးရောဂါဖြစ်ပွားပြီး ၁၀၀ ရာခိုင်နှုန်း သေဆုံးနိုင်ခြေ ရှိပါသည်။

 

ကမ္ဘာတစ်ဝန်း ခွေးရူးရောဂါကူးစက်ပျံ့နှံ့မှု

လွန်ခဲ့သည့်နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းက ခွေးရူးရောဂါသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကပ်ရောဂါ တစ်ခုလို ခြိမ်းခြောက်ခဲ့ပြီး ယင်းကို အမြစ်ပြတ်တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှု များစွာ ပြုလုပ်ခဲ့ကြပါသည်။ အနောက်ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ တောင်ကိုရီးယားနှင့် လက်တင် အမေရိကဒေသများတွင် ခွေးရူးရောဂါကို အမြစ်ပြတ်တိုက်ဖျက်နိုင်ခဲ့ပြီဖြစ်သော်လည်း အာဖရိကနှင့် အာရှတိုက်၏ နေရာအတော်များများတွင် ထိုဗိုင်းရပ်စ်ရောဂါမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။ ခွေးရူးရောဂါကြောင့် သေဆုံးသူအများစုတွင် ခွေးရူးရောဂါဆိုင်ရာ အသိပညာ ဗဟုသုတ နည်းပါးခြင်းနှင့် ကြိုတင်ကာကွယ်ဆေးထိုးနှံရန် အခွင့်အလမ်းနည်းပါးခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများက ယင်းရောဂါ ၏ဒဏ်ကို ပိုမိုဆိုးရွားစွာခံစားနေကြရပါသည်။

 

လူတွင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားသည့်ဖြစ်ရပ်များ၏ ၉၉ ရာခိုင်နှုန်းမှာ ခွေးရူးရောဂါရှိနေသည့် ခွေးများ အကိုက်ခံရရာမှ ကူးစက်ဖြစ်ပွားခြင်းဖြစ်ပါသည်။ ခွေးရူးရောဂါကြောင့် သေဆုံးသူ ၉၅ ရာခိုင်နှုန်း ကျော်မှာ အာဖရိကနှင့် အာရှတိုက်တွင် နေထိုင်သူများဖြစ်ကြသည်။ ခွေးရူးရောဂါကြောင့် သေဆုံးသူ ၄၀ ရာခိုင်နှုန်းသည် ကလေးငယ်များတွင် အဓိကဖြစ်ပွားခြင်းဖြစ်သည်။ ခွေးရူးရောဂါ အသိပညာ ဗဟုသုတနည်းပါးကာ ခွေးကိုက်ပြီး ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်မှုအားနည်းသည့် ကျေးလက်ဒေသများတွင် ခွေးရူး ရောဂါဖြစ်ပွားမှု၏ ၈၀ ရာခိုင်နှုန်းကျော် ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

 

သို့သော် ခွေးရူးရောဂါသည် ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်သည့်ရောဂါဖြစ်ပြီး ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးခြင်းဖြင့် ရောဂါစတင်ဖြစ်ပွားသည့်တိရစ္ဆာန်မှ ခွေးရူးရောဂါပိုးကို ထိရောက်စွာ အမြစ်ပြတ် တိုက်ဖျက်နိုင်ပါသည်။ ထို့ကြောင့် ခွေးရူးရောဂါထိန်းချုပ်ရေး တစ်ကမ္ဘာလုံးမဟာမိတ်များ (Global Alliance for Rabies Control – GARC) ၏ ရည်မှန်းချက်အတိုင်း ၂၀၃၀ ပြည့်နှစ် ရောက်ရှိ ပါက ခွေးရူးရောဂါကြောင့် သေဆုံးသူမရှိ စေရ (Zero by 30) ဖြစ်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံနှင့် ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ခြင်း

ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံသည့် လှုပ်ရှားမှုများ၊ အသိပညာပြန့်ပွားရေးဟောပြောပွဲ များကို နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည်။

 

အမျိုးသားအဆင့် ခွေးရူးရောဂါထိန်းချုပ်ရေး မဟာဗျူဟာမူဘောင် (၂၀၁၈-၂၀၃၀) ကို စတင် ဆောင်ရွက်ခဲ့ချိန်မှစပြီး အသက်ရှစ်နှစ်မှ ၁၆ နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀၀၀၀ ခန့်ကို ခွေးရူးရောဂါအကြောင်း အသိပညာများ ဖြန့်ဝေပေးနိုင်ခဲ့သည်။ မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် အသိပညာပေး ဆွေးနွေးပွဲကို ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး ပါဝင်ခဲ့ကြပြီး ထိုမှတစ်ဆင့် သိရှိရသည်မှာ အခြေခံပညာကျောင်းများတွင် ခွေးရူးရောဂါ အသိပညာပြန့်ပွားရေး ဆွေးနွေး ဟောပြောခြင်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ များ ကျင်းပခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းစသည့် အစီအစဉ်များက ကျောင်းသား ကျောင်းသူများအတွက်သာမက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ မိဘများ၊ မိသားစုဝင်များအထိပါ တစုတစည်းတည်း အသိပေးနိုင်ခဲ့ကာ ထိရောက်မှုရှိသည်ကို သိရှိခဲ့ရပါ သည်။

 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် အစုလိုက် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောခြင်း စသည့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိပါသည်။

 

ထို့ပြင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် ခွေးရူးရောဂါအကြောင်း သိကောင်းစရာများကို ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်များမှတစ်ဆင့် ပညာပေးထုတ်လွှင့်ပေးလျက်ရှိပါသည်။

 

အင်တာနက်ခေတ်ဖြစ်သဖြင့် ဖေ့စ်ဘွတ်နှင့် ယူကျုကဲ့သို့သော အွန်လိုင်းချန်နယ်များမှတစ်ဆင့် ခွေးရူး ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးအစီအစဉ်များဖြင့် ပြည်သူများအကြား ကာကွယ်ရေးအသိပညာများ ပြန့်ပွားအောင် ကြိုးပမ်းဆောင်ရွက်သွားရပါမည်။

 

 မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကို ၁၉၉၉ ခုနှစ်တွင် (က) စာရင်းဝင် တိရစ္ဆာန်ကူးစက်ရောဂါ အဖြစ်သတ်မှတ်ပြီး တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေး ဥပဒေပုဒ်မ (၃၂) အရ ထိန်းချုပ် ဆောင်ရွက်လျက်ရှိပါသည်။ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက အမျိုးသားအဆင့် ခွေးရူးရောဂါ ထိန်းချုပ်ရေး မဟာဗျူဟာမူဘောင် (၂၀၁၈-၂၀၃၀) ကို ၂၀၁၈ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

 

 ခွေးရူးရောဂါကို ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါစတင်ဖြစ်ပွားသည့် တိရစ္ဆာန်များမှတစ်ဆင့် ခွေးရူး ရောဂါပိုးကို ထိရောက်စွာ အမြစ်ပြတ် တိုက်ဖျက်နိုင်ပြီး တိရစ္ဆာန်မှ လူကိုကူးစက်နိုင်သည့် ကွင်းဆက်ကို ဖြတ်တောက်နိုင်ပါသည်။ ထို့ကြောင့် အိမ်မွေးခွေး၊ ကြောင်များကို ခွေးရူးရောဂါ ကာကွယ် ဆေး ပုံမှန်ထိုးနှံရန် လိုအပ်ပါသည်။

 

ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအပြင် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းနှင့် အခြားသော ပုဂ္ဂလိကအသင်းအဖွဲ့ များကပါ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ခြင်း ဆောင်ရွက် ရာတွင် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းအနေဖြင့် ၂၀၁၁ ခုနှစ်တွင် ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက် ကမ္ဘာ့တိရစ္ဆာန် ဆေးကုသရေးညီလာခံတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာ ရေးအဖွဲ့က ချီးမြှင့်သော ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ ထူးချွန်ဆု (World Veterinary Day Award) ကို လက်ခံရရှိခဲ့ပါသည်။

 

မြန်မာနိုင်ငံနှင့် ခွေးရူးရောဂါဖြစ်ပွားမှု

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မတိုင်မီက ခွေးရူးရောဂါကြောင့် သေဆုံးမှုမှာ တစ်နှစ်လျှင် ၁၁၀၀ ခန့်ထိ ရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြပြီး ကမ္ဘာပေါ်တွင် ဆဋ္ဌမသေဆုံးမှု အမြင့်မားဆုံးနိုင်ငံဖြစ်ခဲ့ပါသည်။ ခွေးရူးရောဂါနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆရာဝန်များက ခွေးရူးကိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန် ကြိုးစားဆောင်ရွက်နေကြသလို တိရစ္ဆာန်ဆေးကုဆရာဝန်များကလည်း ခွေးများကို ခွေးရူးရောဂါမဖြစ်ပွားရအောင် ကာကွယ်ဆေးထိုးနှံခြင်းကို ကြိုးစားဆောင်ရွက် လျက်ရှိကြပါသည်။ ထို့ကြောင့် နိုင်ငံတော်၏ ကြိုးစားမှုနှင့်အညီ ဆေးရုံ၊ ဆေးခန်းများ၏ တရားဝင် သတင်းပို့စာရင်းများအရ ၂၀၁၅ ခုနှစ်နောက်ပိုင်း တွင် ခွေးရူးရောဂါဖြင့် သေဆုံးသူဦးရေမှာ ၁၀၀ အောက်သို့ လျော့ကျလာခဲ့ပါသည်။

 

၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါကြောင့် သေဆုံးသူမရှိစေရ (Zero by 30) ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်ခု တည်းသောကျန်းမာရေး ချဉ်းကပ်မှုပုံစံဖြင့် ပြည်သူ လူထုကျန်းမာရေးကဏ္ဍ၊ တိရစ္ဆာန်ကျန်းမာရေး ကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဟူသည့် ကဏ္ဍ သုံးရပ်လုံးတွင်ပါဝင်သော သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုသလို ပြည်သူတစ်ရပ်လုံးကလည်း ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ရန်လိုအပ်ပါသည်။

 

ပြည်သူလူထုအနေဖြင့် သံသယဖြစ်ဖွယ် တိရစ္ဆာန်များကိုတွေ့ရှိပါက သက်ဆိုင်ရာဌာန၊ အုပ်ချုပ်ရေး အဖွဲ့အစည်း သို့မဟုတ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံသို့ သတင်းပို့ရန်လိုပါသည်။ ခွေးရူး သံသယကို အတည်ပြုစစ်ဆေးနိုင်ရန် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနသို့လည်း နမူနာပစ္စည်း ပေးပို့စစ်ဆေးရန် လိုအပ်ပါသည်။ တာဝန်သိပြည်သူ များပေးပို့သော ခွေးရူးသံသယ နမူနာ ပစ္စည်းများကို တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် စစ်ဆေး ချက်များအရ ခွေးရူးရောဂါ အတည်ပြု ခွေးကောင် ရေမှာ ၂၀၂၁ ခုနှစ်တွင် လေးကောင်၊ ၂၀၂၂ ခုနှစ်တွင် ခုနစ်ကောင်၊ ၂၀၂၃ ခုနှစ်တွင် ၁၂ ကောင်၊ ၂၀၂၄ ခုနှစ်တွင် ၁၄ ကောင်၊ ၂၀၂၅ ခုနှစ်တွင် ရှစ်ကောင်နှင့် ၂၀၂၆ ခုနှစ်တွင် သုံးကောင် စစ်ဆေးတွေ့ရှိရပါသည်။

 

ထို့ပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံ၊ ဆေးခန်းများ၏ တရားဝင်သတင်းပို့စာရင်းများအရ ၂၀၂၁ ခုနှစ်တွင် ၁၅ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၃၉ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၅၉ ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၄၉ ဦးသာ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၁၁၃ ဦးအထိ ခွေးရူးပြန်ဖြစ် ကာ သေဆုံးမှုရှိခဲ့ပြီး ယခင်နှစ်များထက် ပိုမိုများပြား လာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့်ပြည်သူတစ်ရပ်လုံးအနေဖြင့် ခွေးရူးရောဂါကို သတိပြုပြီး ကာကွယ် သွားကြရန် လိုအပ်ပါသည်။

 

ခွေးရူးရောဂါကြိုတင်ကာကွယ်ခြင်း

ခွေးကိုက်ခံရပါက ဦးစွာ ခွေးကိုက်ဒဏ်ရာကို ချက်ချင်းရေများများနှင့် ဆပ်ပြာသုံးပြီး အနည်းဆုံး ၁၅ မိနစ်ကြာ ဆေးကြောရပါမည်။ ပြီးပါက ဒဏ်ရာကို အရက်ပြန် သို့မဟုတ် ပိုးသတ်ဆေး (Povidone-iodine) ရှိပါက ထည့်ပေးရပါမည်။ ထို့နောက် နီးစပ်ရာ အစိုးရဆေးရုံ၊ ဆေးခန်း (သို့မဟုတ်) ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား၍ ကုသမှုခံယူရပါမည်။ ခွေးကိုက်ပြီး ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ကုသမှုခံယူရပါမည်။ ခွေးကိုက်ဒဏ်ရာကို ဆေးမြီးတိုနှင့်ကုသခြင်း၊ ဗိန္ဒောနည်းဖြင့်ကုသခြင်း၊ မန်းမှုတ်ခြင်းမျိုးများ မလုပ်ဆောင်သင့်ပါ။ ဒဏ်ရာကို ဖုံးအုပ်ပြီး ပတ်တီးစည်းခြင်းများ မလုပ်ဆောင်သင့်ပါ။

 

ထို့ပြင် ခွေးရူးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ် လုပ်ဆောင်ရမည့်အချက်များမှာ မိမိတို့၏ အိမ်မွေးခွေးများကို တစ်နှစ်တစ်ကြိမ် ခွေးရူးရောဂါကာကွယ်ဆေး ပုံမှန်ထိုးနှံပေးရပါမည်။ မိမိ၏ ခွေးများကို ခြံဝင်း၊ လှောင်အိမ်များနှင့် လုံလုံခြုံခြုံ မွေးမြူရပါမည်။ လမ်းတွင် လွှတ်ကျောင်းသည့်အခါ ခွေးချည်ကြိုးနှင့် လမ်းလျှောက်ထွက်ပြီး လမ်းဘေး လေလွင့်ခွေးများနှင့် မထိတွေ့အောင်ထားရပါမည်။ ခွေးရူးရောဂါ အဖြစ်များသည့်ဒေသတွင် နေထိုင်သူများအနေဖြင့် ခွေး၊ ကြောင် တိရစ္ဆာန်များနှင့် အထိအတွေ့များပါက ခွေးကိုက်မခံရမီကတည်းက ကြိုတင်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။

 

ခွေးရူးရောဂါနှင့် လမ်းဘေးလေလွင့်ခွေးများ အန္တရာယ်

လူတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားသည့် ဖြစ်ရပ်များ၏ ၉၉ ရာခိုင်နှုန်းက ခွေးရူးရောဂါရှိနေသည့် ခွေးများအကိုက်ခံရာမှ ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး အထူးသဖြင့် လမ်းဘေးလေလွင့်ခွေး အကိုက်ခံရမှု ကြောင့် ကူးစက်ခံရခြင်းမှာ အများဆုံးဖြစ်ပါသည်။ ထို့ကြောင့် ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် လမ်းဘေးလေလွင့်ခွေးများ တိုးပွားမလာအောင် ထိန်းချုပ်ဆောင်ရွက်ခြင်းက အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်ပါသည်။ ၂၀၂၃ ခုနှစ်တွင် ကောက်ယူခဲ့သော တိရစ္ဆာန်ကောင်ရေ စာရင်းအရ မြန်မာနိုင်ငံတွင် ခန့်မှန်းခွေးကောင်ရေ ပေါင်း ၂ ဒသမ ၂ သန်းနီးပါးရှိပါသည်။

 

အဆိုပါခွေးကောင်ရေများအနက် လမ်းဘေးလေလွင့်ခွေး ၇၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ စည်ပင် သာယာရေးကော်မတီအနေဖြင့် အိမ်မွေးခွေး၊ ကြောင်များ မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေး ခြင်းအပြင် လမ်းဘေးလေလွင့်ခွေးများ တိုးပွားမလာအောင် ထိန်းချုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ တိရစ္ဆာန်ဆေးကု ဆရာဝန်များအနေဖြင့်လည်း သားဆက်ခြားလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ခွေးလေ ခွေးလွင့်များ လျော့ပါးသွားအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

နိုင်ငံတကာနှင့် လမ်းဘေးလေလွင့်ခွေးကောင်ရေထိန်းချုပ်ခြင်း

နယ်သာလန်၊ ဂျာမနီ၊ ဆွီဒင်၊ နော်ဝေနှင့် ဆွစ်ဇာလန် စသည့်နိုင်ငံများသည် လမ်းဘေးလေလွင့် ခွေးပြဿနာများ အလွန်နည်းပါးအောင် ထိန်းချုပ်ထားနိုင်သည့် နိုင်ငံများဖြစ်ကြသည်။ ဆောင်ရွက်ခဲ့ သည့်နည်းလမ်းများအနေဖြင့် ရေရှည်ကာလအတွင်း လမ်းဘေးလေလွင့်ခွေးပြဿနာများ ပပျောက်စေ ရာ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဥပဒေများချမှတ်ခြင်း၊ အိမ်မွေးခွေးများကို မှတ်ပုံတင်ခြင်း၊ အမှတ်အသားပြုခြင်းနှင့် ခွေးရူးရောဂါကာကွယ်ဆေး မဖြစ်မနေထိုးနှံခြင်း၊ လမ်းဘေးလေလွင့် ခွေးများကို လူသားဆန်စွာ ဖမ်းဆီးခြင်း၊ မျိုးပွားမှုရပ်တန့်စေခြင်း၊ မိုက်ခရိုချစ်ပ်ထည့်ခြင်း၊ ကာကွယ်ဆေး ထိုးခြင်း၊ ပိုင်ရှင်အား ပြန်လည်အပ်နှံခြင်း၊ မွေးစားနိုင်သည့်ခွေးများကို မွေးစားမည့် အိမ်သို့ ပို့ဆောင်ခြင်းနှင့် မမွေးစားနိုင်သေးသည့်ခွေးများကို သင့်လျော်သော တိရစ္ဆာန် ကယ်ဆယ်ရေး ဂေဟာများတွင် စောင့်ရှောက်ထား ရှိခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

ထိုနိုင်ငံများ၏အတွေ့အကြုံများကို လေ့လာကြည့်လျှင် လမ်းဘေးလေလွင့်ခွေးများကို ဖမ်းဆီး ဖယ်ရှားခြင်း တစ်မျိုးတည်းဖြင့် ပြဿနာကိုရေရှည် ဖြေရှင်းနိုင်ခြင်းမရှိကြောင်း တွေ့ရပါသည်။ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ကလည်း ခွေးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတစ်ခုတည်းက ခွေးရူးရောဂါ ထိန်းချုပ်ရာတွင် ထိရောက်မှုမရှိကြောင်းနှင့် ခွေးရူးရောဂါကာကွယ်ဆေးကို ခွေးအုပ်စု ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်း အထိထိုးနှံပေးခြင်းသည် အဓိကထိရောက်သော နည်းလမ်းဖြစ်ကြောင်း အကြံပြုထားသည်။

 

ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း

ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးသည် တစ်ဦးတစ်ယောက်တည်း၊ ဌာနတစ်ခုတည်း၏ တာဝန် မဟုတ်ဘဲ အားလုံးပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးအတွက် အခြေခံပညာကျောင်းများ တွင် အသိပညာပေးရမည်၊ ရပ်ရွာလူထုအတွင်း အသိပညာဖြန့်ဝေရမည်၊ တိရစ္ဆာန်ပိုင်ရှင်များက မိမိခွေး၊ ကြောင်များကို နှစ်စဉ်ကာကွယ်ဆေးထိုးပေး ရမည်၊ သက်ဆိုင်ရာဌာနများနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် လမ်းဘေးလေလွင့်ခွေးများ မျိုးပွားမှုထိန်းချုပ်ရေးလုပ်ငန်းများတွင် စနစ်တကျ ပူးပေါင်းဆောင်ရွက် ရမည်။ ဤသို့ ပြည်သူလူထုအားလုံး လက်တွဲညီညီပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခွေးရူးရောဂါကင်းစင် သော လူမှုအသိုက်အဝန်းတစ်ခု အနာဂတ်ကာလ တွင် တည်ဆောက်သွားနိုင်မည်ဖြစ်ပါသည်။

 

မိမိအိမ်တွင် ခွေးမွေးထားပါက နှစ်စဉ် ခွေးရူးရောဂါကာကွယ်ဆေး ပုံမှန်ထိုးနှံပေးရပါမည်။ ခွေးကိုက် ခံရသည့်အခါ မည်သည့်ခွေးကိုက်သည် ဖြစ်စေ ခွေးရူးရောဂါကာကွယ်ဆေး ချက်ချင်းထိုးနှံရ ပါမည်။ ခွေးရူးရောဂါနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်တွေ့ရှိရပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ချက်ချင်းသတင်းပေးပို့ရပါမည်။ ထိုကဲ့သို့ ခွေးရူး ရောဂါနှင့် ပတ်သက်သည့် အသိပညာများကို ပြည်သူများအကြားဖြန့်ဝေ၍ သိရှိလိုက်နာခြင်းဖြင့် “၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါကြောင့် သေဆုံးသူမရှိစေရ” ရည်မှန်းချက်ကို ပြည့်မီအောင်ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။

No comments

Powered by Blogger.