Digital Twin ဖြင့် မြို့များကို စီမံနေကြသော ကမ္ဘာ့မြို့ကြီးများ




ဝေဖြိုးအောင်

 

ခေတ်သစ်မြို့ပြစီမံခန့်ခွဲမှုသမိုင်းတစ်လျှောက်တွင် ‘Digital Twin’ (ဒီဂျစ်တယ်အမြွှာ) နည်းပညာသည် မကြုံစဖူးသောပြောင်းလဲမှုတစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်။ ယခင်က မြို့ပြအင်ဂျင်နီယာများနှင့် အုပ်ချုပ်သူများသည် နှစ်ဖက်မြင်မြေပုံများ၊ စာရင်းဇယားများနှင့် ရိုးရှင်းသော ကွန်ပျူတာ မော်ဒယ်များကိုသာအားကိုး၍ ဆုံးဖြတ်ချက်များချခဲ့ကြရသည်။ သို့သော် ယနေ့ခေတ်တွင် မြို့တစ်မြို့လုံး၏ အဆောက်အအုံ များ၊ လမ်းများ၊ မြေအောက်ရေပိုက်လိုင်းများ၊ လျှပ်စစ်မီးကြိုးများနှင့် ယာဉ်ကြော စီးဆင်းမှုများကိုပါ ကွန်ပျူတာအတွင်း၌ သုံးဖက်မြင် (3D) အသက်ဝင်နေသော ‘အမြွှာ’တစ်ခုအဖြစ် ပုံတူဖန်တီးလာနိုင်ပြီဖြစ်သည်။

 

Digital Twin ဆိုသည်မှာ ရိုးရှင်းသော 3D မော်ဒယ်တစ်ခုတည်းမဟုတ်ဘဲ မြေပြင်တွင် တပ်ဆင်ထားသော သန်းနှင့်ချီသည့် အာရုံခံကိရိယာ များမှ အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရယူကာ အသက်ဝင်လှုပ်ရှားနေသော စနစ်ကြီး တစ်ခုဖြစ်သည်။ မြေပြင်ရှိ မြို့ကြီးတွင် ဖြစ်ပျက်သမျှသည် ကွန်ပျူတာထဲရှိ ဒီဂျစ်တယ်မြို့ကြီးတွင် တစ်ပြိုင်နက်တည်း အပြောင်းအလဲ ဖြစ်ပေါ်နေမည် ဖြစ်သည်။

 

ဤဆောင်းပါးတွင် နိုင်ငံတကာမှ စမတ်စီးတီးကြီးများဖြစ်ကြသော တရုတ်နိုင်ငံမှ ရှန်ဟိုင်းမြို့၊ ရုရှားနိုင်ငံမှ မော်စကိုမြို့၊ အိမ်နီးချင်းထိုင်းနိုင်ငံ၏ အရှေ့ပိုင်းစီးပွားရေးစင်္ကြံနှင့် ဆွစ်ဇာလန်နိုင်ငံမှ ဇူးရစ်မြို့တို့တွင် ဤ Digital Twin နည်းပညာကို အသုံးပြု၍ ယာဉ်ကြောစီမံခြင်း၊ သဘာဝဘေး အန္တရာယ်ကာကွယ်ခြင်းနှင့် မြို့ပြအနာဂတ်ကို မည်သို့စီမံခန့်ခွဲနေကြကြောင်းကို အသေးစိတ် လေ့လာ တင်ပြသွားမည်ဖြစ်သည်။

 

Digital Twin နည်းပညာ၏ ဆင့်ကဲဖြစ်စဉ်နှင့် အခြေခံသဘောတရားများ

Digital Twin ဟူသော ဝေါဟာရကို ၂၀၀၂ ခုနှစ်တွင် မီရှီဂန်တက္ကသိုလ်မှ ဒေါက်တာ မိုက်ကယ် ဂရီဗ် (Dr. Michael Grieves)က ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ နောင်တွင် အမေရိကန် အာကာသစူးစမ်းလေ့လာ ရေးအဖွဲ့ (NASA)က အာကာသယာဉ်များကို မြေပြင်မှနေ၍ ပြုပြင်ထိန်းသိမ်းရန် ဤနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့သည်။

 

ယခုအခါ ထိုနည်းပညာသည် စက်ရုံများနှင့် အာကာသယာဉ်များမှသည် မြို့ပြအရွယ်အစားအထိ ကြီးမားကျယ်ပြန့်လာခဲ့သည်။ မြို့ပြ Digital Twin တစ်ခု တည်ဆောက်ရန် အဓိကအစိတ်အပိုင်း သုံးခုလိုအပ်သည်။ ပထမအချက်မှာ မြေပြင်အခြေ အနေကို အတိအကျ ပုံတူကူးထားသော သုံးဖက်မြင် ပထဝီဝင် သတင်းအချက်အလက်စနစ် (3D GIS Model) ဖြစ်သည်။ ဒုတိယအချက်မှာ အဆိုပါ မော်ဒယ်အတွင်းသို့ ဒေတာများ အဆက်မပြတ် ပေးပို့နေမည့် အင်တာနက်ချိတ်ဆက် ကိရိယာများဖြစ်သည်။ တတိယအချက်မှာ ဝင်ရောက်လာသော ဧရာမဒေတာကြီးများကို ခွဲခြမ်း စိတ်ဖြာ၍ အနာဂတ်ကို ကြိုတင်ခန့်မှန်းပေးနိုင်မည့် ဉာဏ်ရည်တု(AI) နှင့် စက်သင်ယူမှု (Machine Learning) နည်းပညာ များဖြစ်သည်။

 

ဤသုံးခုပေါင်းစပ်သွားသောအခါ မြို့ပြအုပ်ချုပ်ရေးမှူးများသည် မြို့ကိုအပေါ်စီးမှ မြင်တွေ့ နိုင်ရုံသာမက ‘မနက်ဖြန် မိုးသည်းထန်စွာရွာလျှင် မည်သည့်လမ်းများ ရေမြုပ်မည်နည်း’ ဟူသော အနာဂတ်ဖြစ်နိုင်ခြေများကိုပါ ကွန်ပျူတာထဲတွင် ကြိုတင်စမ်းသပ် တွက်ချက်နိုင်လာသည်။

 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ ဉာဏ်ရည်တု အမြွှာ

တရုတ်နိုင်ငံသည် Digital Twin နည်းပညာဖြင့် မြို့ပြများကို စီမံခန့်ခွဲရာတွင် ကမ္ဘာ့ထိပ်တန်းမှ ဦးဆောင်နေသည်။ အထူးသဖြင့် လူဦးရေ ၂၄ သန်းကျော် နေထိုင်သော ရှန်ဟိုင်းမြို့ကြီး၏ ‘မြို့ပြလည်ပတ်မှုနှင့် စီမံခန့်ခွဲမှုစင်တာ’သည် အံ့မခန်းဖွယ်ရာ Digital Twin စနစ်ကြီးတစ်ခုကို တည်ဆောက်ထားသည်။

 

ရှန်ဟိုင်းမြို့၏ ဒီဂျစ်တယ်အမြွှာစနစ်သည် အဆောက်အအုံပေါင်း တစ်သိန်းကျော်၊ လမ်းမကြီးများ၊ တံတားများနှင့် မြေအောက်ရထားလိုင်းများကို 3D ပုံစံဖြင့် တိကျစွာရေးဆွဲထားသည်။ ဤစနစ်ကို Huawei,  Alibaba နှင့် Tencent ကဲ့သို့သော တရုတ် နည်းပညာကုမ္ပဏီကြီးများ၏ Cloud System များ ပေါ်တွင် အခြေခံတည်ဆောက်ထားသည်။ မြို့အနှံ့တွင် တပ်ဆင်ထားသော အာရုံခံကိရိယာ သန်းပေါင်းများစွာ (ဥပမာ - စမတ်မီးတိုင်များ၊ ယာဉ်ကြော စောင့်ကြည့်ကင်မရာများ၊ ရေမျက်နှာပြင်တိုင်း ဆင်ဆာများ) သည် အချက်အလက်များကို 5G ကွန်ရက်မှတစ်ဆင့် ဗဟိုစင်တာသို့ စက္ကန့်နှင့်အမျှ ပေးပို့နေပါသည်။

 

ရှန်ဟိုင်းအစိုးရသည် ဤစနစ်ကို အသုံးပြု၍ မြို့ပြသန့်ရှင်းရေး (အမှိုက်ပုံးများပြည့်၊ မပြည့် စောင့်ကြည့်ခြင်း)၊ ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်း ခြင်းနှင့် အဆောက်အအုံများ၏ မီးဘေးအန္တရာယ် များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေသည်။ ဥပမာ- လူစည်ကားသော ပွဲတော်ရက်များတွင် လူစုလူဝေး အလွန်အမင်းများပြားလာပါက AI စနစ် က ကြိုတင်သတိပေးချက်ထုတ်ပြန်ပေးပြီး ရဲတပ်ဖွဲ့ နှင့် အရေးပေါ်ကားများကို အလိုအလျောက် ဖြန့်ကြက်ချထားပေးသည်။ တရုတ်နိုင်ငံ၏ ဤစနစ် သည် Big Data နှင့် စည်းကမ်းထိန်းသိမ်းမှုကို အမြင့်ဆုံး ပေါင်းစပ်ထားခြင်းဖြစ်သည်။

 


ရုရှားနိုင်ငံ မော်စကိုမြို့၏ သုံးဖက်မြင် ဒီဂျစ်တယ် မြို့တော်

ဥရောပတွင် အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်သော ရုရှားနိုင်ငံ မော်စကိုမြို့သည်လည်း မြို့ပြစီမံကိန်း ရေးဆွဲရာတွင် Digital Twin နည်းပညာကို အလွန်အောင်မြင်စွာ အသုံးပြုနေသောမြို့ဖြစ်သည်။ မော်စကိုအစိုးရသည် မြို့တစ်မြို့လုံးကို လေကြောင်းမှ ဒရုန်းများ၊ လေယာဉ်များအသုံးပြုကာ ဓာတ်ပုံ ပေါင်း ၁၂ သန်းကျော် ရိုက်ကူးခဲ့ပြီး Photogrammetry နည်းပညာဖြင့် အလွန်အသေးစိတ်ကျသော 3D မော်ဒယ်ကြီးတစ်ခုကို ဖန်တီးခဲ့သည်။

 

မော်စကို၏ Digital Twin စနစ်သည် အဆောက်အအုံများ၏ အပြင်ပန်းသဏ္ဌာန်သာမက မြေအောက်ကွန်ရက်များ၊ လျှပ်စစ်မီးကြိုးများနှင့် သမိုင်းဝင်အဆောက်အအုံများ၏ အသေးစိတ် အချက်အလက်များကိုပါ ထည့်သွင်းထားသည်။ ဤစနစ်၏ အဓိက အသုံးချမှုမှာ “မြို့ပြစီမံကိန်း အသစ်များ အကဲဖြတ်ခြင်း”ဖြစ်သည်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အထပ်မြင့် အဆောက်  အအုံသစ်တစ်ခု ဆောက်လုပ်လိုပါက ထိုအဆောက်အအုံ၏ ဒီဇိုင်းကို Digital Twin ထဲသို့ ထည့်သွင်း ကြည့်ရသည်။ ယင်းအဆောက်အအုံကြောင့် ဘေးနားရှိအိမ်များကို နေရောင်ကွယ်သွားမည်လား၊ လေဝင်လေထွက် ပိတ်ဆို့သွားမည်လား၊ ယာဉ်ကြောကျပ်တည်းမှု ဖြစ်လာမည်လား ဆိုသည်ကို ကွန်ပျူတာက အတိအကျ တွက်ချက်ပေးသည်။

 

ထို့ပြင် မော်စကိုအစိုးရသည် ‘Active Citizen’ ဟုခေါ်သော အီလက်ထရောနစ် ပလက်ဖောင်းမှ တစ်ဆင့် ပြည်သူလူထုအား ဤ 3D မော်ဒယ်အချို့ကို ဝင်ရောက်ကြည့်ရှုခွင့်ပေးထားသည်။ ပြည်သူများ သည် မိမိတို့ရပ်ကွက်အတွင်းပြုလုပ်မည့် ပန်းခြံ အသစ် သို့မဟုတ် လမ်းချဲ့မည့်စီမံကိန်းများကို 3D ဖြင့် ကြိုတင်မြင်တွေ့နိုင်ပြီး မဲပေးရွေးချယ်ခွင့် ရှိသဖြင့် အုပ်ချုပ်ရေးတွင် ပွင့်လင်းမြင်သာမှုကို များစွာ တိုးတက်စေခဲ့ပါသည်။

 

ထိုင်းနိုင်ငံ၏အရှေ့ပိုင်း စီးပွားရေးစင်္ကြံနှင့် စမတ် စီးတီး

အရှေ့တောင်အာရှဒေသတွင် ထိုင်းနိုင်ငံသည် စမတ်စီးတီးတည်ဆောက်ရေးကို အမျိုးသားအဆင့် မဟာဗျူဟာအဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။ ထိုင်းနိုင်ငံ၏ ဂုဏ်ယူဝင့်ကြွားဖွယ် ပရောဂျက်တစ်ခုဖြစ်သော အရှေ့ပိုင်းစီးပွားရေး စင်္ကြံ (Eastern Economic Corridor - EEC) တွင် Digital Twin နည်းပညာကို အခြေခံအဆောက်အအုံ နှင့် စက်မှုဇုန်စီမံခန့်ခွဲမှုများအတွက် အဓိကထား အသုံးပြုနေသည်။

 

ချုံဘူရီ (Chonburi) ခရိုင်ရှိ AMATA Smart City သည် ထိုင်းနိုင်ငံ၏ Digital Twin အသုံးချမှု အထင်ရှားဆုံးဥပမာဖြစ်သည်။ ဤစက်မှုဇုန် မြို့တော်ကို ဂျပန်မှ နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်း၍ Digital Twin ဖြင့် စီမံခန့်ခွဲနေသည်။ စက်ရုံများ၏ စွမ်းအင်သုံးစွဲမှု၊ ရေဆိုးထုတ်လွှတ်မှု နှင့် လေထုညစ်ညမ်းမှု အညွှန်းကိန်းများကို IoT ဆင်ဆာများဖြင့် အချိန်ပြည့်စောင့်ကြည့်ပြီး ကွန်ပျူတာမြေပုံပေါ်တွင် အလွှာလိုက်ခွဲခြားပြသ ထားသည်။

 

ထိုင်းနိုင်ငံသည် မကြာခဏ ရေကြီးလေ့ရှိသော နိုင်ငံဖြစ်ရာ Digital Twin စနစ်ကို ရေဘေး ကာကွယ်ရေးတွင်လည်း အသုံးချလျက်ရှိသည်။ မိုးလေဝသအချက်အလက်များနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်ဒေတာများကိုပေါင်းစပ်၍ လာမည့်ရက် များတွင် စက်မှုဇုန်အတွင်း မည်သည့်နေရာများ၌ ရေကြီးနိုင်ကြောင်း ကြိုတင် Simulation ပြုလုပ် ကာ ရေနုတ်မြောင်းများကို ကြိုတင်ဖွင့်လှစ်ခြင်း၊ ပန့်(Pump) များ မောင်းနှင်ခြင်းများကို အလိုအလျောက် စီမံခန့်ခွဲလျက်ရှိသည်။ ဤစနစ်သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် အလွန်ယုံကြည်စိတ်ချရသော စက်မှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင် ခဲ့သည်။

 

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၏ သဘာဝပတ်ဝန်းကျင်ရေးရာ ဒီဂျစ်တယ်အမြွှာ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကို အလွန်အလေးထားသော ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သည် Digital Twin ကို ပတ်ဝန်းကျင်ဂေဟစနစ် စီမံခန့်ခွဲရန်အတွက် ထူးခြားစွာ အသုံးပြုလျက်ရှိသည်။ ဇူးရစ်မြို့၏ 3D Digital Twin သည် ကမ္ဘာပေါ်တွင် အတိကျဆုံးနှင့် အသေးစိတ်အကျဆုံး မြို့ပြမော်ဒယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

 

ဇူးရစ်မြို့ အုပ်ချုပ်ရေးအဖွဲ့သည် ဤစနစ်ကိုအသုံးပြု၍ “နေရောင်ခြည်စွမ်းအင်ရရှိနိုင်မှု”ကို တွက်ချက်သည်။ မြို့ပေါ်ရှိ အိမ်ခေါင်မိုးတိုင်းအပေါ်သို့ တစ်နှစ်ပတ်လုံး နေရောင်ခြည် မည်မျှကျရောက် နိုင်သည်၊ ဆိုလာပြားတပ်ဆင်ပါက လျှပ်စစ်စွမ်းအင် မည်မျှထွက်ရှိနိုင်သည်ကို 3D မော်ဒယ်ဖြင့် အတိအကျတွက်ချက်ပေးထားပြီး ပြည်သူလူထုထံသို့ အခမဲ့မျှဝေပေးထားသည်။ ထို့ကြောင့် ပြည်သူ များသည် မိမိအိမ်ခေါင်မိုးပေါ်တွင် ဆိုလာပြားတပ်ဆင်ရန် တွက်ခြေကိုက်/မကိုက်ကို အလွယ်တကူ ဆုံးဖြတ်နိုင်ကြသည်။

 

ထို့ပြင် ရာသီဥတုပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာသော မြို့ပြအပူလှိုင်းကို လျှော့ချရန်အတွက် လည်း Digital Twin ကို အသုံးပြုသည်။ လေတိုက်ခတ်မှုလမ်းကြောင်းများနှင့် သစ်ပင်များ၏ အရိပ် ကျရောက်မှုများကို ကွန်ပျူတာဖြင့်တွက်ချက် ကာ မည်သည့်နေရာများတွင် သစ်ပင်အသစ်များ ထပ်မံ စိုက်ပျိုးသင့်သည်၊ အဆောက်အအုံသစ်များ ဆောက်လုပ်ရာတွင် လေဝင်လေထွက် မပိတ်ဆို့စေ ရန် မည်သို့ကန့်သတ်သင့်သည်တို့ကို သိပ္ပံနည်းကျ စီမံခန့်ခွဲလျက်ရှိသည်။

 

သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေးစီမံခန့်ခွဲမှု

ကမ္ဘာ့မြို့ကြီးများတွင် Digital Twin နည်းပညာ၏ အရေးအကြီးဆုံးအခန်းကဏ္ဍတစ်ခုမှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးသည့် သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေး စီမံခန့်ခွဲမှုပင်ဖြစ်သည်။ သမားရိုးကျ အရေးပေါ်တုံ့ပြန်မှုစနစ်များက ဘေးအန္တရာယ် ဖြစ်ပွားပြီးမှသာ လိုက်လံဖြေရှင်းရလေ့ရှိသော်လည်း Digital Twin စနစ်ကမူ ဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင် ခန့်မှန်းခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းများကို ပြုလုပ်နိုင်သည်။

 

ငလျင်လှုပ်ခတ်မှု၊ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်မှုနှင့် ဆူနာမီလှိုင်းများ ဝင်ရောက်လာပါက မြို့၏ မည်သည့်အပိုင်းများ အဆိုးရွားဆုံးပျက်စီး နိုင်သည်ကို AI စနစ်များဖြင့် ကြိုတင် Simulation ပြုလုပ်ထားနိုင်သည်။ ထိုသို့စမ်းသပ်ကြည့်ခြင်းအားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အကောင်းဆုံးလမ်းကြောင်းများကို ကြိုတင်သတ်မှတ်ထားနိုင်ပြီး အရေးပေါ်ဆေးရုံနှင့် ကယ်ဆယ်ရေး စခန်းများကို မှန်ကန်သောနေရာများတွင် ကြိုတင်နေရာချထားနိုင်သည်။

 

လုံခြုံရေးအရလည်း ကြီးမားသောအားကစားပွဲများ၊ နိုင်ငံတကာအစည်းအဝေးကြီးများ ကျင်းပချိန်တွင် ရဲတပ်ဖွဲ့သည် 3D မြေပုံပေါ်တွင် လုံခြုံရေး ကင်မရာများ၏မြင်ကွင်းကို တွက်ချက်ကာ လုံခြုံရေး လစ်ဟာနိုင်သောနေရာများကို ဖော်ထုတ်နိုင်သည်။ အရေးပေါ်အခြေအနေများတွင် တပ်ဖွဲ့ဝင်များကို မြေပုံပေါ်မှတစ်ဆင့် အတိကျဆုံးနှင့် အမြန်ဆုံး ညွှန် ကြားမှုများ ပြုလုပ်နိုင်ပါသည်။

 

ယာဉ်ကြောပိတ်ဆို့မှုနှင့် စွမ်းအင်ချွေတာရေး အကျိုးကျေးဇူးများ

မြို့ပြနေလူထုအတွက် နေ့စဉ်ကြုံတွေ့နေရသော အဆိုးရွားဆုံးပြဿနာမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်သည်။ Digital Twin သည် မြို့တစ်မြို့လုံးရှိ မီးပွိုင့်များ၊ ယာဉ်ကြောစောင့်ကြည့်ကင်မရာများနှင့် GPS တပ်ဆင်ထားသော မော်တော်ယာဉ်များမှ အချက်အလက်များကိုပေါင်းစပ်ကာမြို့၏ သွေးကြောသဖွယ်ဖြစ်သော လမ်းပန်းဆက်သွယ်ရေး ကို အကောင်းဆုံးထိန်းညှိပေးသည်။

 

AI သည် ယာဉ်ကြောပိတ်ဆို့မှုကို စောင့်ကြည့်ရုံသာမက ယာဉ်ကြောအခြေအနေပေါ်မူတည်၍ မီးပွိုင့်များ၏ အနီ၊ အစိမ်း ပြောင်းလဲချိန်ကို အလိုအလျောက် အတိုးအလျှော့ပြုလုပ်ပေးသည်။ တရုတ်နိုင်ငံမှ မြို့ကြီးများတွင် ဤစနစ်ကိုကျင့်သုံး ခြင်းဖြင့် လူနာတင်ယာဉ်များသွားလာချိန်ကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပြီး သာမန် ယာဉ်ကြောပိတ်ဆို့မှုများကို ၂၀ မှ ၃၀ ရာခိုင်နှုန်း အထိ ကျဆင်းစေခဲ့ကြောင်း တွေ့ရှိရသည်။

 

စွမ်းအင်စီမံခန့်ခွဲမှုကဏ္ဍတွင်လည်း Digital Twin သည် Smart Grid (စမတ်လျှပ်စစ်မီးကွန်ရက်) များနှင့်ချိတ်ဆက်၍ မြို့တစ်မြို့လုံး၏ လျှပ်စစ် သုံးစွဲမှုကို ထိန်းညှိပေးသည်။ ညဘက် လူသူကင်းမဲ့ သောလမ်းများရှိ စမတ်မီးတိုင်များ၏အလင်းရောင် ကို အလိုအလျောက်လျှော့ချခြင်း၊ အဆောက်အအုံ ကြီးများ၏ လေအေးပေးစနစ်များကို အပူချိန်အပေါ် မူတည်၍ ထိန်းချုပ်ခြင်းတို့ဖြင့် မြို့ပြ၏ ကာဗွန် ထုတ်လွှတ်မှုနှင့် လျှပ်စစ်မီတာခကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချနိုင်ခဲ့သည်။

 

လက်တွေ့အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရ သော စိန်ခေါ်မှုများ

Digital Twin နည်းပညာသည် အကျိုးကျေးဇူး များစွာရှိသော်လည်း လက်တွေ့အကောင်အထည် ဖော်ရာတွင် အလွန်ကြီးမားသောစိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည်။ ပထမဆုံးစိန်ခေါ်မှုမှာ “ကုန်ကျ စရိတ်ကြီးမားခြင်း”ဖြစ်သည်။ မြို့တစ်မြို့လုံးကို 3D စကင်ဖတ်ရန်၊ ဆင်ဆာသန်းပေါင်းများစွာ တပ်ဆင်ရန်နှင့် ဧရာမဆာဗာကြီးများ တည်ဆောက် ရန်အတွက် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီး မြှုပ်နှံရန် လိုအပ်သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလှမ်းဝေးနေဆဲဖြစ်သည်။

 

ဒုတိယစိန်ခေါ်မှုမှာ “ဒေတာလုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်”ဖြစ်သည်။ Digital Twin စနစ်သည် ပြည်သူများ၏ လှုပ်ရှားသွားလာမှုများ၊ နေအိမ်များ၏စွမ်းအင်သုံးစွဲမှု အစရှိသော သီးသန့် အချက်အလက်များကို အချိန်ပြည့် စောင့်ကြည့်နေသဖြင့် ထိုအချက်အလက်များ ပေါက်ကြားပါက သို့မဟုတ် အစိုးရက အလွဲသုံးစားလုပ်ပါက ကြီးမားသော လူ့အခွင့်အရေးပြဿနာများ ပေါ်ပေါက် လာနိုင်သည်။ ထို့ကြောင့် အနောက်နိုင်ငံများဖြစ်သော ဆွစ်ဇာလန်ကဲ့သို့ နိုင်ငံများတွင် ဒေတာ လုံခြုံရေး ဥပဒေများကို တင်းကျပ်စွာပြဋ္ဌာန်း ထားရသည်။

 

တတိယအချက်မှာ “နည်းပညာကျွမ်းကျင်မှု” လိုအပ်ချက်ဖြစ်သည်။ ခေတ်မီ AI၊ Big Data နှင့် 3D GIS နည်းပညာများကို ပေါင်းစပ်ကိုင်တွယ်နိုင်မည့် အင်ဂျင်နီယာများနှင့် ဒေတာသိပ္ပံပညာရှင်များ ရှားပါးမှုသည် စီမံကိန်းများကို နှောင့်နှေးစေသော အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။

 

အနာဂတ်အလားအလာနှင့် Metaverse သို့ ကူးပြောင်းခြင်း

မြို့ပြ Digital Twinများ၏ အနာဂတ်သည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ လာမည့် ဆယ်စုနှစ်အတွင်း ကွမ်တန်ကွန်ပျူတာများ ပေါ်ပေါက် လာပါက ယခုထက် အဆပေါင်းများစွာရှုပ်ထွေး သော လူဦးရေသန်းချီ၏ လှုပ်ရှားမှုများနှင့် ရာသီဥတုမော်ဒယ်များကို စက္ကန့်ပိုင်းအတွင်း တွက်ချက် နိုင်မည်ဖြစ်သည်။

 

ထို့ပြင် Digital Twin နည်းပညာသည် “မက်တာဗာ့စ်”ခေါ် အတုအယောင် ကမ္ဘာကြီးနှင့်လည်း ပေါင်းစပ် သွားမည်ဖြစ်သည်။ အနာဂတ်တွင် ပြည်သူလူထုသည် Virtual Reality (VR) မျက်မှန်များကို တပ်ဆင်၍ မိမိတို့မြို့၏ Digital Twin အတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်သွားလာ နိုင်မည်ဖြစ်သည်။ အစိုးရရုံးများသို့သွားရောက်ရန် မလိုတော့ဘဲ Virtual မြို့တော်ထဲရှိ အစိုးရရုံးတွင် ကိစ္စရပ်များကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင် မည်ဖြစ်သည်။

 

ဤသို့ဖြင့် မြို့ပြအုပ်ချုပ်ရေးသည် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကိုကျော်လွန်ကာ ဒီဂျစ်တယ် ကမ္ဘာအတွင်း လွတ်လပ်လွယ်ကူစွာ လည်ပတ်နိုင်မည့် ခေတ်သစ်တစ်ခုဆီသို့ အရှိန် အဟုန်ဖြင့် ချီတက်လျက်ရှိပါသည်။

 

နိဂုံးချုပ်အားဖြင့်ဆိုရသော် ‘Digital Twin’ နည်းပညာသည် မြို့ကြီးပြကြီးများကို စီမံခန့်ခွဲရာတွင် ရွေးချယ်စရာနည်းလမ်းတစ်ခု မဟုတ်တော့ဘဲ မဖြစ်မနေကျင့်သုံးရမည့် မဟာဗျူဟာမြောက် လက်နက် တစ်ခုဖြစ်လာနေပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ ဉာဏ်ရည်တု အခြေပြုထိန်းချုပ်မှုများ၊ ရုရှားနိုင်ငံ၏ တိကျလှသော 3D မြို့ပြစီမံကိန်းများ၊ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်သည့် စမတ် စီးတီးများနှင့် ဆွစ်ဇာလန်နိုင်ငံ၏ သဘာဝပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေရှိသော ချဉ်းကပ်မှုများ သည် ကမ္ဘာ့နိုင်ငံများအတွက် စံနမူနာကောင်းများ ဖြစ်ကြသည်။

 

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မြို့ကြီးများအနေဖြင့် ကုန်ကျစရိတ်ကြီးမားသော်လည်း ရေရှည်တွင် အကျိုးအမြတ် များစွာရရှိစေမည့် ဤ Digital Twin နည်းပညာကိုအခြေခံမှစ၍ အဆင့်လိုက် တည်ဆောက်သွားသင့်ပါသည်။ ပြည်သူလူထု၏ အချက်အလက်လုံခြုံရေးကို အလေးထားလျက် ပွင့်လင်းမြင်သာပြီး နေချင့်စဖွယ်ကောင်းသော စမတ်စီးတီးများ တည်ဆောက်ရေးအတွက် Digital Twin နည်းပညာကို အသုံးချသွားရမည်ဖြစ်ပါ ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။ ။

 

မှီငြမ်းကိုးကားစာရင်း

၁။ Shanghai Urban Operation and Management Center - Smart City framework via Huawei and Alibaba Cloud. [Link: https://e.huawei.com/en/case-studies/smart-city/shanghai-pudong]

၂။ Moscow Digital Twin Project - Moscow City Government portal details on photogrammetry and urban planning. [Link: https://www.mos.ru/en/]

၃။ Thailand Eastern Economic Corridor (EEC) and AMATA Smart City - Digital integration for industrial zoning and flood management. [Link: https://www.eeco.or.th/en]

၄။ Zurich 3D City Model and Solar Potential - City of Zurich official GIS portal for sustainable urban development. [Link: https://www.stadt-zuerich.ch/geodaten]

၅။ Michael Grieves (2014) - Digital Twin: Manufacturing Excellence through Virtual Factory Replication. Whitepaper.

No comments

Powered by Blogger.