ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ် ပထမကိုးလအတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၉၂ ဘီလီယံရှိလာ

 


ဖနောင်ပင်    အောက်တိုဘာ   ၁၈

ကမ္ဘောဒီးယားနိုင်ငံတွင်  ယခုနှစ် ပထမကိုးလအတွင်း ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၉၂ ဘီလီယံ ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ  သိသာစွာမြင့်တက်ခဲ့ကြောင်း  ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကောင်စီအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း ၃၈၂ကို ခွင့်ပြု ပေးခဲ့ကာ အလုပ်အကိုင်နေရာ ၂၁၇၀၀၀ ကို ဖန်တီးပေးခဲ့ကြောင်း သိရသည်။ စက်မှုလုပ်ငန်းကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာမောင်းနှင်အားကို အခြေခံ မြှင့်တင်ပေးနေသည့်ကဏ္ဍဖြစ်ပြီး အခြား အဓိကကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင်လည်း ဖွံ့ဖြိုးမှုမြင့်တက်ခဲ့ကြောင်း အဆိုပါကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။ ယခုကဲ့သို့သော ဖွံ့ဖြိုးမှုများအရ နိုင်ငံအတွင်း ကွဲပြားခြားနားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များရှိနေပြီး နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပတ်ဝန်းကျင်အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပြသနေကြောင်း ၎င်းကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံအတွင်းသို့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ  အများအပြားဝင်ရောက်လာခြင်းဖြင့် ကုန်သွယ်ရေးကွန်ရက်ကို ချဲ့ထွင်နိုင်ခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ပန်ဆိုဗီချက်က ပြောကြားသည်။

ဒေသတွင်း ပြီးပြည့်စုံသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုသဘောတူညီချက်နှင့် တရုတ်၊   တောင်ကိုရီးယားနှင့် ယူအေအီးနိုင်ငံများနှင့် အပြန်အလှန်ကုန်သွယ်မှုများသည် နိုင်ငံအတွင်း ကုန်သွယ်မှုများမြင့်တက်လာရခြင်း၏  အဓိကမောင်းနှင်အားများဖြစ်သည်။ နိုင်ငံအတွင်း ယခုကဲ့သို့အရင်းအနှီးများ  စီးဝင်လာခြင်းကြောင့် အဆင့်မြင့် နည်းပညာများကို ရရှိခဲ့ကာ ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ခဲ့ပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်များ ဖန်တီးပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ဆင်ဟွာ

No comments

Powered by Blogger.