ရခိုင်ပြည်နယ်အတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် တွေ့ကြုံလာနိုင်သည့် အကျိုးဆက်များကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ် မှာကြား
စစ်တွေ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်အတွင်း အယ်လ်နီညို ဖြစ်စဉ်ကြောင့် တွေ့ကြုံလာနိုင်သည့် အကျိုးဆက်များကို ကြိုတင်မှန်းဆပြီး စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံးရေ လုံလောက်စွာရရှိရေး ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် အောက်တိုဘာ ၁၆ ရက်တွင် မာန်အောင်မြို့ မြို့နယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းပေး
တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။
တွေ့ဆုံပွဲအပြီးတွင် အခြေခံပညာ အထက်တန်းကျောင်း (ဟင်းစနဲ)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ညောင်ပင်လှ)၊ အခြေခံပညာ အလယ်တန်းကျောင်း (ငပုန်ကုန်း) တို့ရှိ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာသူ ကျေးရွာသားများ၊ ငပုန်ကုန်းကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲရှိ ကျန်းမာရေးဝန်ထမ်းများကို သွားရောက် တွေ့ဆုံ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ညောင်ပင်လှ ကျေးရွာအုပ်စု ငတက်ပြင်ရွာရှိ ဝဥစိုက်ပျိုးမည့် မြေနေရာ၊ ဇိုင်ပင်ကျေးရွာနှင့် ဒိုးတန်းကုန်း ကျေးရွာတို့တွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေးအတွက် ရွှေလောင်းချောင်းတွင် Check Dam တည်ဆောက်မည့်နေရာ၊ ဘူးတောင်းကွဲကျေးရွာ - ဟင်းစနဲ ကျေးရွာ ကျောက်ချောလမ်းခင်းမည့်မြေနေရာ၊ ဇိုင်ပင်-ပန်းခြံ ကျေးရွာချင်းဆက် ကျောက်ချော လမ်းခင်းမည့် နေရာတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments