ဗီယက်နမ်နှင့် ဥရောပ လွတ်လပ်သောကုန်သွယ်မှုအသင်းတို့အကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုး
ဟနွိုင်း အောက်တိုဘာ ၁၈
ဗီယက်နမ်နိုင်ငံနှင့်
ဥရောပ လွတ်လပ်သော ကုန်သွယ်မှုအသင်း (EFTA) တို့သည်
ဟနွိုင်းမြို့တော်၌ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်တစ်ရပ်ကို ယနေ့လက်မှတ်ရေးထိုးခဲ့ကြောင်း
ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ထားသည်။
ဥရောပလွတ်လပ်သောကုန်သွယ်မှုအသင်းအဖွဲ့တွင်
နော်ဝေ၊ ဆွစ်ဇာလန်၊ အိုက်စလန်နှင့် လစ်ချ်တင် စတိန်းနိုင်ငံတို့ ပါဝင်သည်။
သဘောတူညီချက် အသက်ဝင်လာပါက
ဥရောပလွတ်လပ်သောကုန်သွယ်မှုအသင်း အဖွဲ့ဝင်နိုင်ငံများသည် ဗီယက်နမ်နိုင်ငံမှတင်သွင်းသည့်
စက်မှုကုန်ပစ္စည်းများနှင့် ရေထွက်ကုန်များအပေါ် သွင်းကုန်ခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံကလည်း ၎င်းနိုင်ငံများမှ တင်သွင်းသည့် အလားတူကုန်ပစ္စည်းအများစုအပေါ်
အခွန်များကို ၁၁ နှစ်အတွင်း တဖြည်းဖြည်းလျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း
အစိုးရဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဒိန်ခဲ၊ ကော်ဖီနှင့်
ချောကလက်အပါအဝင် စိုက်ပျိုးရေးထွက်ကုန်များကိုလည်း ကူးပြောင်းကာလအများဆုံး ၁၆ နှစ်
သတ်မှတ်၍ ဗီယက်နမ် ဈေးကွက်သို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့် ပြုမည်ဖြစ်သည်။
အဆိုပါ သဘောတူညီချက်သည်
အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေပြီး ခေတ်မီစေရန်လည်း
ရည်ရွယ်သည်။ ထို့ပြင် စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများအပါအဝင်
သတ်မှတ်ထားသော ဝန်ဆောင်မှုမဟုတ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသူများကို ခြွင်းချက်အချို့ဖြင့်
ပြည်တွင်းရင်းနှီးမြှုပ်နှံသူများနှင့် တန်းတူဆက်ဆံခွင့်ပေးရန်၊ ကုန်သွယ်မှုဆိုင်ရာ
ပွင့်လင်းမြင်သာမှုမြှင့်တင်ရန်နှင့် နည်းပညာဆိုင်ရာအတားအဆီးများ လျှော့ချရန်လည်း ပါဝင်သည်။
ဗီယက်နမ်နှင့် ဥရောပလွတ်လပ်သောကုန်သွယ်မှုအသင်း အဖွဲ့ဝင်နိုင်ငံများအကြား နှစ်နိုင်ငံ
ကုန်သွယ်မှုပမာဏသည် တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ နှစ်ဘီလီယံနီးပါးရှိကြောင်း
ဗီယက်နမ် သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
ဗီယက်နမ်နိုင်ငံသည်
ရေထွက်ကုန်များ၊ ဖိနပ်များ၊ အထည်အလိပ်များ၊ စက်ယန္တရားများနှင့် အီလက်ထရွန်နစ်ပစ္စည်းများကို
အဓိကတင်ပို့ပြီး စက်မှုလုပ်ငန်းသုံး စက်ကိရိယာများ၊ ဓာတုပစ္စည်းများ၊ ဆေးဝါးများနှင့်
ကုန်ထုတ် လုပ်မှုဆိုင်ရာ ကုန်ကြမ်းပစ္စည်းများကို အဓိကပြန်လည်တင်သွင်းလျက်ရှိကြောင်း
သိရသည်။
ဆင်ဟွာ

No comments