ပုဇွန်တောင်ဈေး၌ ကွန်တိန်နာဘောက်ဖြင့် ဈေးရောင်းချနေမှုအား တာဝန်ရှိသူများ လာရောက်ကြည့်ရှု
ရန်ကုန် အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဈေးတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်လာရောက် ရောင်းချသည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးမည့် ကွန်တိန်နာ ဘောက်ဖြင့် ဈေးရောင်းချနေမှုကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများသည် ကွန်တိန်နာဘောက်ဖြင့် ဈေးရောင်းချနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညွှန်ကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်ဈေးဖြစ်သော ပုဇွန်တောင် ဈေးအတွင်း ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက် လာရောက်ရောင်းချသည့် စားသောက်ကုန်ပစ္စည်းများ ကွန်တိန်နာက်ဖြင့် ဈေးဆိုင်ခန်းအား အောက်တိုဘာ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကွန်တိန်နာဘောက်ဈေးဆိုင်ခန်း၌ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသော ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စုယဉ်ချစ်(ပြန်/ဆက်)

No comments