ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့ မီဒီယာများနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ အပြန်အလှန်ပြောကြားချက်များ
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင်အီဘရာဟင်၏ ပြောကြားချက်
အဆွေတော် သမ္မတကြီး
ဦးမင်းအောင်လှိုင်နဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့များခင်ဗျာ၊ အခုလိုမျိုး ကျွန်တော် ဖိတ်ကြားတာကို
လက်ခံပေးတဲ့အတွက်၊ မလေးရှားနိုင်ငံကို လာရောက်လည်ပတ်တဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော့်အနေနဲ့ Issue များစွာကို ဆွေးနွေးခဲ့ပါတယ်။ နှစ်နိုင်ငံအကြား
ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ကျွန်တော်တို့ နှစ်နိုင်ငံအကြား
ကာလရှည်ကြာ အကောင်းဆုံး ဆက်ဆံရေးတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
မကြာသေးမီ ကာလကတော့
ဒီဆက်ဆံရေးအပေါ်မှာ တချို့သော အတားအဆီးတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့
အခုကတော့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ရမယ့်အချိန် ဖြစ်နေပါပြီ။
အာဆီယံရဲ့ Mechanism အတွင်းမှာဆိုရင် ကျွန်တော့်အနေနဲ့ နားလည်တာကတော့ အဆွေတော် သမ္မတကြီးနဲ့
အဆွေတော်ရဲ့ အစိုးရတို့ အများကြီးကြိုးစား အားထုတ်ခဲ့တာကိုလည်း ကျွန်တော်တို့ အနေနဲ့
သိရှိပါတယ်။ ကျွန်တော်တို့အကြား ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်အောင်
ဆောင်ရွက်နိုင်ဖို့ အတွက် အဆွေတော်တို့ နိုင်ငံ မူဝါဒတွေ ပြောင်းတာတွေကိုလည်း
ကျွန်တော့်အနေနဲ့ တွေ့ရပါတယ်။
အဆွေတော်တို့လို
တိုင်းရင်းသားမျိုးစုံ ရှိပြီးတော့ ရှုပ်ထွေးလှတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတဲ့
နိုင်ငံအနေနဲ့ အဆွေတော်တို့ နိုင်ငံအရေးကိစ္စကို ချဉ်းကပ်တဲ့အခါမှာ ဒီအခြေအနေကို
ကျွန်တော်တို့ အနေနဲ့ ထည့်သွင်းစဉ်းစားပြီး သိရှိနားလည်ဖို့ လိုပါတယ်။
ကျွန်တော်တို့
ဒီနေ့အဆွေတော်နဲ့ ဆွေးနွေးခဲ့တာ လုံးဝကိုပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးရှင်းရှင်း
ဆွေးနွေးခဲ့တာဖြစ်တဲ့အတွက် များစွာကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်တော်တို့
ရှေ့ဆက်ပြီးတော့ ဒီဆက်ဆံရေးတွေကို တိုးမြှင့်ဆောင်ရွက်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်
နားလည်မှုတွေကို မြှင့်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော်တို့
ဖြေရှင်းရမယ့် ကိစ္စကတော့ ကျွန်တော်တို့ နှစ်နိုင်ငံကြား trade တို့၊ investment တို့ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ food ၊ energy
၊ capacity building အစရှိတဲ့ နယ်ပယ်တွေမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ဖြစ်ပါတယ်။
နှစ်အလိုက် တိုးမြှင့်ဆောင်ရွက်သွားဖို့ လိုပါတယ်။ ၁၄၀ ရာခိုင်နှုန်းလောက်အထိ
တိုးတက်လာအောင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေ အရ ကျွန်တော်တို့
ဆောင်ရွက်သွားဖို့လိုပါတယ်။
အဆွေတော်အနေနဲ့
ပြောတာ ရှိပါတယ်။ ကျွန်တော့်ရဲ့ နိုင်ငံခြားရေးဝန်ကြီး Mr. Hasan မြန်မာနိုင်ငံမှာ ရှိနေတုန်းသူ့ရဲ့ counterpart မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တဲ့အခါမှာ
သူတွေ့ဆုံခဲ့ရတဲ့ အခြေအနေတွေဟာ အင်မတန် ရလဒ်ကောင်းခဲ့တယ်ဆိုတာ ပြောပါတယ်။ အဆွေတော်
သမ္မတကြီး အနေနဲ့ အခုလိုပူးပေါင်းဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း
ပြောကြားလိုပါတယ်။
ကိစ္စရပ်တစ်ခုကတော့
လက်ရှိအခြေအနေတွေမှာ ဖြစ်နေတာက နားလည်မှုလွဲမှားနေတဲ့ကိစ္စ၊ democratic
reform တို့၊ domestic issues တို့ ဒါတွေကို နားလည်မှုလွဲနေတာဖြစ်ပါတယ်။ အဆွေတော်ကို ဘန်ကောက်မှာတွေ့တဲ့
အချိန်တုန်းက မြန်မာနိုင်ငံမှာငလျင်အပြီး အဆွေတော်နဲ့ ဘန်ကောက်မှာ တွေ့ပါတယ်။
အဆွေတော်ကမူဝါဒနဲ့ ပတ်သက်ပြီး လက်ခံခဲ့တာဖြစ်တယ်။ ဆေးကုသမှုဆိုရင်
ဘယ်သူမဆိုခွဲခြားမှုမရှိဘဲ တက်လို့ရတယ်။ ပြီးတော့ violence တွေ ဆက်မဖြစ်ဖို့ အတွက် အဆွေတော်တို့ မူဝါဒတွေပြောင်းပြီးတော့ ကြိုးစားဆောင်ရွက်နေတာလည်း
ကျွန်တော် တွေ့ပါတယ်။ ဒီကိစ္စတွေကို အာဆီယံက ကျွန်တော့် မိတ်ဆွေတွေကိုလည်း
ကျွန်တော် ပြောခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး mechanism ဘယ်လို အကောင်အထည်ဖော်မလဲ။ ကျွန်တော်အဲဒီတုန်းက ပြောခဲ့
တာကတော့ အာဆီယံခေါင်းဆောင်တွေကို ဒါခင်ဗျားတို့အပေါ်မှာပဲ မူတည်တယ်ဆိုပြီး
ပြောခဲ့ပါတယ်။
ဒါကြောင့်
ဒုတိယတစ်ခုကတော့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ဖို့ကိစ္စ ဖြစ်ပါတယ်။
ကျွန်တော့် အတွေ့အကြုံအရ ဒီလိုမျိုးအရေအတွက် အများကြီးနဲ့ ဘယ်နိုင်ငံမှ
ပြန်လက်ခံချင်တယ် ဆိုတဲ့ ပုံစံမျိုးမရှိခဲ့ဘူးဆိုတာ ကျွန်တော့်အနေနဲ့ သိပါတယ်။
ဒါပေမဲ့ မြန်မာအစိုးရကတော့ ပြန်လက်ခံခဲ့ ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကိုအသိအမှတ်ပြုရမှာ
ဖြစ်ပါတယ်။ ၁၄၀၀ ကျော်ကို မြန်မာ တပ်မတော်ရေယာဉ် သင်္ဘောနဲ့
ပြန်ခေါ်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် မှတ်တမ်းတွေအပေါ်တော့ မူတည်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနနှစ်ခုမှာ သတ်မှတ်ထားတဲ့ မှတ်တမ်းတွေအပေါ်မှာတော့ မူတည်ပါတယ်။
ရှိရင်းစွဲ စည်းမျဉ်းစည်းကမ်းတွေအရ၊ သဘောတူညီချက်တွေအရ ကျွန်တော့်ဆီမှာ လူဦးရေ
၃၀၀၀ လောက် ကျန်ပါသေးတယ်။ ဒီအဖွဲ့တွေကိုလည်း မကြာသေးမီမှာ မြန်မာက ပြန်လည်
လက်ခံသွားမှာဖြစ်ပါတယ်။
အခုလက်ရှိမှာ
သူတို့က ရာဇဝတ်မှုကျူးလွန်ထားတာ မရှိဘူး၊ ရှင်းလင်းတယ် ဆိုရင် အဆွေတော်တို့ အနေနဲ့
ပြန်လည်လက်ခံသွားမယ်ဆိုတာ သိရပါတယ်။ အခုလိုမျိုး ပွင့်ပွင့်လင်းလင်းနဲ့ ဒီလိုမျိုး
ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဆွေတော်ရဲ့ အခုခရီးစဉ်ဟာ ကျွန်တော့်အတွက်
အင်မတန် အရေးကြီးပါတယ်။ အခြားနိုင်ငံတွေအတွက်၊ ဒေသအတွက် အရေးကြီးပါတယ်။ ဒါကြောင့်
မို့လို့ အခုလိုမျိုး လက်ခံပြီးတော့ မလေးရှား လာရောက်ပေးတာ အများကြီးကျေးဇူး
တင်ပါတယ်။
ပထမဆုံး
ကျွန်တော်တို့ ဘန်ကောက်မှာတွေ့တော့ အဆွေတော်ပြောခဲ့တာ ကျွန်တော်မှတ်မိတယ်။
အဆွေတော်က ပွင့်လင်းတယ်၊ တခြားသူရဲ့ အမြင်တွေကို နားထောင်လိုတယ်၊ အဲဒီလို ကျွန်တော်
သဘောပေါက်ခဲ့တယ်။ အဲဒီလို မြင်ပါတယ်။ အခု ခရီးစဉ်ကတော့ ဖြစ်နိုင်သမျှ
ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ကျွန်တော်တို့ ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့
ပူးပေါင်းဆောင်ရွက်မှုတွေကို အဓိက တိုးမြှင့်သွားမယ်။ မြန်မာကကျွန်တော်တို့ရဲ့
အသိုင်းအဝိုင်းထဲက မိသားစုဖြစ်ပါတယ်။ အထူးသဖြင့်တော့ အာဆီယံဆိုတဲ့
နောက်ခံအခြေအနေပါ မိသားစု ဖြစ်ပါတယ်။ Bilateral ကတော့ ကျွန်တော်တို့ မြန်မာနဲ့မလေးရှားကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ
လုပ်သွားမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ပြောကြားချက်
အဆွေတော်
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာ ဟင် နဲ့ နှစ်ဖက် ကိုယ်စားလှယ်များ၊
မီဒီယာအဖွဲ့ဝင်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။
ကျွန်တော့်အနေနဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်
လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ပြီးတဲ့ နောက်ပိုင်းမှာ
ပထမဦးဆုံး မလေးရှားနိုင်ငံခရီးစဉ်ဖြစ်ပေမယ့် အာဆီယံနိုင်ငံကို သွားတာတော့
ပဉ္စမမြောက် နိုင်ငံခရီးစဉ်လည်း ဖြစ်ပါတယ်။
မလေးရှားနိုင်ငံကို
ကျွန်တော်အရင်တုန်းက သုံးကြိမ်ရောက်ခဲ့ဖူးပါတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်
သုံးကြိမ်ရောက်ခဲ့ဖူးပါတယ်။ အခု ခရီးစဉ်မှာ မလေးရှားနိုင်ငံရဲ့ တိုးတက်မှုတွေ၊
သာယာလှပမှုတွေ၊ ကွာလာလမ်ပူရဲ့ သာယာလှပမှုတွေ၊ တက်ကြွစွာလှုပ်ရှားနေတာတွေ တွေ့ရတဲ့ အခါမှာ
အရင်ကလာခဲ့တဲ့အကြိမ်ထက် များစွာပြောင်းလဲတာကို တွေ့ရှိရပါတယ်။ ဒီအတွက်လည်း
မလေးရှားနိုင်ငံကို ချီးကျူးပါကြောင်း ကျွန်တော် ပြောလိုပါတယ်။
ကျွန်တော်တို့
နှစ်နိုင်ငံ ဆက်ဆံရေးဟာ လာမယ့် ၂၀၂၈ ခုနှစ်ဆိုရင် နှစ် ၇၀ ပြည့်တော့မှာ ဖြစ်ပါတယ်။
ဒီအတွက်လည်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နဲ့ နှစ်နိုင်ငံ အထိမ်းအမှတ်
အခမ်းအနားတွေ ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ဖို့အတွက်လည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့
နှစ်နိုင်ငံဟာ ကိုလိုနီလက်အောက်မှာ အတူကျရောက်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။
အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံတွေ ဖြစ်ပြီးတော့ နီးကပ်တဲ့ဆက်ဆံရေးလည်း
ရှိပါတယ်။ ဒါ့အပြင်လည်း မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက်လည်း
၁၉၉၇ ခုနှစ်မှာ မလေးရှားနိုင်ငံကနေ စတင်ထောက်ခံ စည်းရုံးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အာဆီယံ နိုင်ငံထဲမှာလည်း ကာလရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့
မိတ်ဖက်နိုင်ငံတွေဖြစ်ကြောင်း ကျွန်တော်တို့ ပြောလိုပါတယ်။
ဒီနေ့
ကျွန်တော်တို့ နှစ်နိုင်ငံဆွေးနွေးပွဲက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေဖို့နဲ့
ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက်လည်း အထောက်အကူပြုလိမ့်မယ်လို့
ကျွန်တော် ယုံကြည်ပါတယ်။ ကဏ္ဍပေါင်းစုံ သုံးသပ်ခဲ့ပြီးတော့မှ
လက်တွေ့ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေကိုလည်း ကျွန်တော်တို့
ဆွေးနွေးနိုင်ခဲ့ပါတယ်။
အထူးသဖြင့်
လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့
ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူရေး၊ သိပ္ပံနှင့် နည်းပညာ၊ မူးယစ်ဆေးဝါးနှင့်
အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ပြည်သူအချင်းချင်း
ထိတွေ့ဆက်ဆံမှု နယ်ပယ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့
အလားအလာတွေလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
အဆွေတော်နဲ့ နှစ်ဖက် ကိုယ်စားလှယ်များ၊ မီဒီယာများ ခင်ဗျား...
မလေးရှားနိုင်ငံဟာ
မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဘက်နိုင်ငံတွေထဲမှာ အဆင့် ၄ နဲ့ ရင်းနှီးမြှုပ်နှံမှုမှာ
အဆင့် ၉ ရှိနေပါတယ်။ အခု ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်တွေကြားမှာ
ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းက နှစ်နိုင်ငံကုန်သွယ်ရေးနဲ့
ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မယ့် အခွင့်အရေး ဖြစ်တယ်လို့ ပြောချင်ပါတယ်။
အခု ကျွန်တော်တို့ ဆွေးနွေးမှုအတွင်းမှာလည်း နှစ်နိုင်ငံအဓိက မဏ္ဍိုင်ဖြစ်တဲ့
စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး
ကိစ္စတွေကိုလည်း အလေးထားပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။
အလားတူပါပဲ
နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့အတွက်လည်း စိုက်ပျိုးရေး၊
ရေထွက်ပစ္စည်း၊ အထည် အလိပ်နဲ့ အစားအစာကဏ္ဍ၊ တန်ဖိုးမြှင့်ပစ္စည်း ထုတ်လုပ်ရေး၊
ကုန်သွယ်မှု အဟန့်အတားတွေ လျှော့ချပြီး နှစ်နိုင်ငံဈေးကွက် အပြန်အလှန် ဝင်ရောက်ရေးနဲ့
ကမ္ဘာ့ Halal
ဈေးကွက်ကို အတူတကွ ဝင်ရောက်နိုင်ဖို့အတွက်လည်း
တွန်းအားပေး ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေးနဲ့
အခြေခံအဆောက်အအုံကဏ္ဍမှာ မလေးရှားနိုင်ငံရဲ့ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုကို
ကြိုဆိုပါကြောင်းနဲ့ ဆီအုန်းနဲ့ ရော်ဘာ၊ စားသောက်ကုန် ထုတ်လုပ်မှု
နည်းပညာကဏ္ဍမှာလည်း ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားဖို့လည်း ကျွန်တော်တို့
ဆွေးနွေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် MSME လုပ်ငန်းတွေကြားမှာ ချိတ်ဆက်မှုနဲ့ ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍ
ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း မြှင့်တင်သွားမှာဖြစ်ပါတယ်။ စီးပွားရေး၊
ကူးသန်းရောင်းဝယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုကို အထောက်အကူပြုနိုင်ဖို့အတွက်
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့အတွက် နှစ်နိုင်ငံလေကြောင်းလိုင်း
တိုးချဲ့ပျံသန်းရေး ကိစ္စတွေကိုလည်း အပြုသဘောကျွန်တော်တို့ ဆွေးနွေး နိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဟာ
နှစ်နိုင်ငံ ပြည်သူတွေအတွက် တကယ်လက်တွေ့ကျတဲ့ စီးပွားရေး အကျိုးအမြတ်တွေနဲ့
အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုအခွင့်အလမ်းကောင်းတွေရှိတဲ့
မြန်မာ နိုင်ငံမှာ မလေးရှားနိုင်ငံရဲ့ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေ
လာရောက်ရင်းနှီး မြှုပ်နှံဖို့လည်း ကျွန်တော်ဖိတ်ခေါ်လိုပါတယ်။ နှစ်နိုင်ငံကြားမှာ
ဗီဇာကင်းလွတ်ခွင့်နဲ့ တိုက်ရိုက် လေကြောင်း ဆက်သွယ်မှုတွေရှိနေတာကို အခြေခံပြီး
နှစ်နိုင်ငံအကြား ခရီးသွားလာမှု၊ ယဉ်ကျေးမှု ဖလှယ်ရေးနဲ့ ပြည်သူအချင်းချင်း
ထိတွေ့ဆက်ဆံမှုတွေကို တိုးမြှင့်နိုင်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။
အဆွေတော်ဝန်ကြီးချုပ်နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များ
ခင်ဗျား...
အခုလို တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ
နှစ်နိုင်ငံကြားမှာ အင်မတန်အရေးပါတဲ့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုနဲ့
မြန်မာအလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ကျွန်တော် တို့
အဓိကထားပြီး အလေးပေးဆွေးနွေးနိုင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ စီးပွားရေးနဲ့
အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးလျက်ရှိတဲ့
မြန်မာ ရွှေ့ပြောင်း အလုပ်သမားများရဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ် ပြုပါကြောင်းနဲ့
သူတို့ရဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်လုံခြုံရေး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့
အကာအကွယ်များရရှိဖို့၊ လူမှုဖူလုံရေးနဲ့ စောင့်ရှောက်မှုတွေ ပိုမိုကောင်းမွန်လာစေဖို့အတွက်လည်း
မလေးရှားအစိုးရနဲ့ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ပါတယ်။
ဒါ့အပြင်
အလုပ်သမားတွေ တရားဝင် လမ်းကြောင်းကနေ တစ်ဆင့် လာရောက်ပြီးတော့မှ စနစ်တကျ
လုပ်ကိုင်နိုင်ဖို့၊ ခေါင်းပုံဖြတ်ခံရမှုကနေ ကာကွယ်နိုင်ဖို့၊ ဗီဇာနဲ့အလုပ်လုပ်ကိုင်ခွင့်
ပါမစ်ဆိုင်ရာ ကိစ္စတွေ ချောမွေ့စေဖို့၊ နှစ်နိုင်ငံအလုပ်သမား သဘောတူညီချက် MoU များအတိုင်း ထိရောက်စွာ အကောင်အထည်ဖော်ဖို့လည်း
ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး
ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသားစိစစ်ပြီးတော့
မြန်မာနိုင်ငံသားအဖြစ် အတည်ပြုထားတဲ့ သူတွေကိုလည်း ပြန်လည်ခေါ်ဆောင်ရေး ဆွေးနွေး နိုင်ခဲ့ပါတယ်။
ဒီလိုစိစစ်ပြီးတဲ့သူများကိုလည်း အမြန်ဆုံးခေါ်နိုင်ဖို့အတွက် ကျွန်တော် စီစဉ် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း
ပြောလိုပါတယ်။ ဒီအချိန်က ရာသီဥတုကောင်းမွန်တဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့်
ကျွန်တော့် တပ်မတော် (ရေ) က သင်္ဘောတွေစေလွှတ်ပြီးတော့မှ အမြန်ဆုံးခေါ်
ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ကျွန်တော်ပြောလိုပါတယ်။ ဒီအတွက် မလေးရှား
အစိုးရအနေနဲ့လည်း ဒါကိုခွင့်ပြုပေးနိုင်ဖို့အတွက်လည်း မေတ္တာရပ်ခံလိုပါတယ်။
ကျွန်တော့်ရဲ့ ကိုယ်စားလှယ် အဖွဲ့မှာပါလာတဲ့ အလုပ်သမားဝန်ကြီးလည်း မလေးရှားနိုင်ငံ
အလုပ်သမားဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
မလေးရှားနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများရဲ့ လုပ်အားနဲ့ကြိုးပမ်းမှုတွေဟာ
နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးရဲ့ ချစ်ကြည် ရင်းနှီးမှု အတွက်များစွာ အဓိကကျပြီး
မလေးရှားအစိုးရရဲ့ ကူညီစောင့်ရှောက်မှုများ အတွက်လည်း ကျေးဇူးတင်ရှိကြောင်းလည်း
ကျွန်တော် ပြောလိုပါတယ်။
အဆွေတော် ဝန်ကြီးချုပ်နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာ အဖွဲ့ဝင်များ
ခင်ဗျား...
မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှု၊
အွန်လိုင်းရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေ ကိုလည်း
အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး တော့မှ Zero tolerance အဖြစ် ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ အခုဆွေးနွေးမှုတွေ အတွင်းမှာလည်း
ကျွန်တော်တို့ ဒေသတွင်းနဲ့ နှစ်နိုင်ငံ စလုံးရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့
ပြည်သူများရဲ့ လူမှုစီးပွားဘဝ ကြီးမားစွာခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေးနဲ့ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့ကိုလည်း အထူး အလေးထားပြီး
အနီးကပ် ပူးပေါင်းဆောင်ရွက်သွားကြဖို့အတွက် သဘောတူညီခဲ့ကြပါတယ်။ နယ်စပ်ဖြတ်ကျော်
ရာဇဝတ်မှုများဖြစ်တဲ့ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်မှု၊
ရောင်းဝယ်မှုတွေကိုလည်း ထိရောက်စွာ တားဆီးနိုင်ဖို့အတွက် သတင်းအချက်အလက်ဖလှယ်မှုနဲ့
တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအကြားမှာ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း
များကို မြှင့်တင်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင်
ပြည်သူတွေကြားမှာ ဒုက္ခပေးနေတဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေနဲ့
ဆိုက်ဘာရာဇဝတ်မှု ကွန်ရက်တွေကိုလည်း အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ အတွက်
နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအကြား၊ လုံခြုံရေး အဖွဲ့ဝင်များအကြား အချိန်နဲ့တစ်ပြေးညီ
ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့ လူကုန်ကူးမှုတွေ ကနေ ကာကွယ်တားဆီးရေးနဲ့
ဘေးကင်းစွာ ကယ်တင်စောင့်ရှောက်ရေး ကိစ္စတွေကိုလည်း အပြုသဘော
ဆွေးနွေးနိုင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှု ကင်းစင်ပြီး လုံခြုံ
စိတ်ချရတဲ့ ဒေသပတ်ဝန်းကျင် တစ်ခုဖန်တီးနိုင်ဖို့အတွက် မလေးရှားနိုင်ငံနဲ့အတူ
လက်တွဲပြီး တက်ကြွစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း
အာမခံပြောကြားလိုပါတယ်။ မြန်မာ နိုင်ငံတွင်းမှာ အခက်အခဲကြုံနေရတဲ့ မလေးရှား
နိုင်ငံသားတွေကိုလည်းကူညီပေးပြီး နေရပ်ပြန်လည် ပို့ဆောင်ရေးဆောင်ရွက်ပေးလျက်ရှိတဲ့အတွက်
နှစ်နိုင်ငံနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ လူဝင်မှု ကြီးကြပ်ရေး၊ အလုပ်သမားရေးရာ၊
နေရပ်ပြန်လည်ပို့ဆောင်ရေးနဲ့ ကူညီကယ်ဆယ်ရေး ကိစ္စတွေကို လည်း အဆင်ပြေချောမွေ့စွာ
ဆောင်ရွက်နိုင်ဖို့၊ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက်လည်း
ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။
အဆွေတော်ဝန်ကြီးချုပ်နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များ
ခင်ဗျား...
ကျွန်တော့်ရဲ့ အခုခရီးစဉ်ကနေတစ်ဆင့်
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနဲ့
ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မယ်လို့
ကျွန်တော်ယုံကြည် ပါတယ်။ ကျွန်တော့်အနေနဲ့ မလေး ရှားနိုင်ငံ အစိုးရ၊
ပြည်သူများနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုး တက်လာစေဖို့
လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထပ်လောင်းဆန္ဒပြုပါတယ်။ အခါအခွင့် ကြုံတဲ့
အချိန်မှာလည်း မလေးရှားနိုင်ငံ အဆွေတော် ဝန်ကြီးချုပ်ကိုလည်း မြန်မာနိုင်ငံကို
ချစ်ကြည်ရေးခရီး လာရောက်ဖို့ ကျွန်တော် ဖိတ်ကြားခဲ့ပါကြောင်း အသိပေးလိုပါတယ်။

No comments