သက်ရှည်ကျန်းမာကြံ့ခိုင်ဖို့ အရွယ်တိုင်းမှာ အာဟာရမျှတစွာ စားသုံးစို့
အောင်မင်း(ကျန်းမာရေးပညာ)
လူတစ်ဦးတစ်ယောက်၏ကျန်းမာရေးသည်
ကံ၊ စိတ်၊ ဥတု၊ အာဟာရပေါ်တွင် မူတည်နေပါသည်။ ထိုလေးချက်ထဲမှ
ကိုယ်တိုင်ဖန်တီးလုပ်ဆောင်နိုင်သော အရာဖြစ်သည့် အာဟာရအကြောင်း ဆွေးနွေး တင်ပြလိုပါသည်။
ဘဝတစ်သက်တာလုံး ကျန်းမာရေးနှင့် ပြည့်စုံစေရေးအတွက် အသက်အရွယ် အလိုက်
လိုအပ်သောအာဟာရများကို စနစ်တကျ ရွေးချယ်စားသုံးတတ်ရန် အရေးကြီးပါသည်။ မိခင် ဝမ်းတွင်း
ကလလရေကြည် သန္ဓေတည်သည်မှ အိုမင်းရင့်ရော်၍ သေဆုံးသည်အထိ အသက်အရွယ် အပိုင်းအခြားအလိုက်
လိုအပ်သောအာဟာရဓာတ်များကို မျှတစွာစားသုံးရန် လိုအပ်ပါသည်။
အာဟာရဓာတ်
အာဟာရဓာတ်သည်
အသွေး၊ အသား၊ အင်အားတို့ကိုဖြစ်စေတတ်သော ဩဇာဓာတ်ဖြစ်သည်။ သက်ရှိ သတ္တဝါတို့
ခန္ဓာကိုယ်အသက်ရှင် ကျန်းမာရေးအတွက်လိုအပ်သော ဇီဝဓာတုပစ္စည်းများကို အစားအစာများ စားသုံးခြင်းဖြင့်
ရရှိနိုင်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်း၊ လှုပ်ရှားသွားလာခြင်း၊ မျိုးဆက် ပွားခြင်း၊
အင်အား ဖြစ်စေခြင်းနှင့် ရောဂါကာကွယ်ခြင်းတို့အတွက် အာဟာရဓာတ်အမျိုးမျိုး
လိုအပ်သည်။ အာဟာရလိုအပ်ချက်များသည် အသက်အရွယ်၊ ကျား/မ၊ ကိုယ်လက်လှုပ်ရှားမှု၊
ကျန်းမာရေး အခြေအနေတို့အပေါ် မူတည်၍ ကွာခြားသည်။ အာဟာရဓာတ်များစုံလင်စေရန် ဆန်၊
ဂျုံ စသည့် ကောက်နှံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံများ၊ အသား၊ ငါး၊
နို့နှင့် ဥအမျိုးမျိုး စုံလင်အောင်စားရပါမည်။
အစာမျိုးစုံစားဖို့ ဘာကြောင့်လိုအပ်ပါသလဲ
ကျန်းမာစွာ
အသက်ရှည်နိုင်ရေးအတွက် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်၊ သတ္တုဓာတ် စသည့် အာဟာရဓာတ်မျိုးစုံနှင့်
ရေတို့လိုအပ်ပါသည်။ မွေးစမှ အသက်ခြောက်လအထိ မိခင်နို့ တစ်မျိုးတည်းမှ
အာဟာရဓာတ်မျိုးစုံကို လုံလောက်စွာရရှိနိုင်သော်လည်း အသက်ခြောက်လ ကျော်လာသည့် ကလေး
(သို့မဟုတ်) လူကြီးတစ်ဦးအတွက် အာဟာရဓာတ်မျိုးစုံကို လုံလောက်စွာ ပေးနိုင်သည့်
တစ်မျိုးတည်းသောအစာဟူ၍မရှိပါ။
ကာဗိုဟိုက်ဒရိတ်
အများဆုံးပါဝင်ပြီး ကျန်အာဟာရများ အနည်းငယ်စီ ပါဝင် သည့်အစာ၊
ပရိုတင်းအများဆုံးပါဝင်ပြီး
ကျန်အာဟာရ များ အနည်းငယ်စီ ပါဝင်သည့်အစာ၊
အဆီဓာတ်သာ
အဓိကပါဝင်သည့်အစာ၊
ဗီတာမင်နှင့်
သတ္တုဓာတ်များသာ အဓိက ပါဝင်သည့်အစာဟူ၍သာ ရှိပါသည်။
ထို့ကြောင့်
အာဟာရဓာတ်များ စုံလင်မျှတစွာ ရရှိနိုင်ရန် အစာမျိုးစုံကို နေ့စဉ်စားဖို့လိုပါသည်။
အစာမျိုးစုံအောင်ဘယ်လိုစားရမလဲ
ထမင်းသည်
မြန်မာတို့ နေ့စဉ်စားနေကျ အဓိကအစာဖြစ်သည်။ ကာဗိုဟိုက်ဒရိတ်အများဆုံး ပါဝင်ပြီး
ပရိုတင်း ခုနစ်ရာခိုင်နှုန်းခန့်ပါဝင်ကာ ဗီတာမင်အချို့လည်းပါဝင်သည်။ ဂျုံ၊ လူး၊
ဆပ် စသည့် ကောက်ပဲသီးနှံများ၊ အာလူး၊ ပိန်းဥ၊ ကန်စွန်းဥ စသည့်သစ်ဥသစ်ဖုများသည်
ကာဗိုဟိုက်ဒရိတ် အများဆုံးကြွယ်ဝပြီး အင်အားဖြစ်စေ သော အစာအုပ်စုတွင်ပါဝင်သည်။
အမဲဆီ၊ ဝက်ဆီ၊
မလိုင်၊ ထောပတ် စသည့် တိရစ္ဆာန်အဆီများ၊ နှမ်းဆီ၊ ပဲဆီ စသည့်အပင်ထွက် အဆီများက
အဆီဓာတ်ကြွယ်ဝပြီး အင်အားဖြစ်စေ သောအစာအုပ်စုတွင် ပါဝင်သည်။
အသား၊ ငါး၊ ပုစွန်၊
ဥအမျိုးမျိုး၊ နို့နှင့် ပဲအမျိုးမျိုးတို့သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်
ကြီးထွားစေသော အစာအုပ်စုတွင် ပါဝင်သည်။
သစ်သီးများနှင့်
ဟင်းသီးဟင်းရွက်များသည် ဗီတာမင်နှင့် သတ္တုဓာတ်များကြွယ်ဝပြီး ရောဂါ ကာကွယ်စေသော
အစာအုပ်စုတွင် ပါဝင်ပါသည်။
အစာမျိုးစုံအောင်
စားသည်ဆိုရာတွင် ထမင်းနှင့်အတူ အင်အားဖြစ်စေသော အစာအုပ်စုမှ အစာတစ်မျိုး၊
ခန္ဓာကိုယ် ကြီးထွားစေသော အစာတစ်မျိုး၊ ရောဂါကာကွယ်စေသော အစာအုပ်စုမှ အစာတစ်မျိုး
(အနည်းဆုံး) ပါဝင်အောင် နေ့စဉ်စားရမည်။ ကောက်နှံဆိုလျှင် တစ်မျိုးတည်းမဟုတ်
ကောက်နှံမျိုးစုံစားရမည်။ ပဲဆိုလျှင်လည်း ပဲမျိုးစုံ၊ အသီးအရွက်ဆိုလျှင်လည်း
အသီးအရွက် မျိုးစုံအောင် စားရပါမည်။
အဆီအမျိုးမျိုးကိုဆင်ခြင်၍ စားသုံးပါ
ဆီသည်
အင်အားကိုဖြစ်စေ၏။ ဗီတာမင်အေကဲ့သို့ ဆီ၌သာပျော်ဝင်သော ဗီတာမင်တို့ကို အစာလမ်းကြောင်းမှ
စုပ်ယူနိုင်ရန်အတွက် အစာစားသည့်အခါ ဆီကိုထည့်သွင်းစားသုံးဖို့လိုပါသည်။ ခန္ဓာကိုယ်အတွက်
မရှိမဖြစ်လိုအပ်သော ဖက်တီးအက်စစ် (Essential Fatty Acid) ရရှိရန် ဆီကို စားသုံးရပါမည်။ ဆီသည် နှုတ်ကိုမြိန်စေသည်။ တစ်ကြိမ်တည်းနှင့်
အစာများများမစားနိုင်သော ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များသည် လိုအပ်သည့်
ကယ်လိုရီအပြည့်အဝရရှိစေရန် ဆီကိုလုံလောက်အောင်စားဖို့ အရေးကြီးပါသည်။ ထို့ကြောင့်
ဆီကိုအသက်အရွယ်အလိုက် စားသင့် သလောက် စားရမည်သာဖြစ်၏။ သို့သော် ဆီစားသုံးရာတွင်
ဆင်ခြင်တတ်ဖို့ အရေးကြီးပါသည်။
အဆီအမျိုးမျိုးကို ဘယ်လိုဆင်ခြင်ပြီး စားသုံးကြမလဲ
နို့၊ မလိုင်၊
ထောပတ် စသည့်တိရစ္ဆာန်ထွက် အဆီများတွင် ပြည့်ဝသော ဖက်တီးအက်စစ် (Saturated
Fatty Acids) များ ကြွယ်ဝသဖြင့်
နှလုံးသွေးကြောကျဉ်းရောဂါနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်
ပို၍များစေပါသည်။ ထိုအဆီများကို ဆင်ခြင်၍စားသုံးရမည်။ ဆိတ်သား၊ အမဲသား၊ ကြက်၊
ဘဲ၏အရေပြား စသည်တို့တွင် မျက်စိဖြင့် အလွယ်တကူမမြင်နိုင်သောအဆီများ ပါရှိနေသည်။
တတ်နိုင်သမျှ လျှော့၍စားသုံးပါ။
ပဲဆီ၊ နှမ်းဆီ၊
နေကြာဆီ စသည့်အပင်ထွက် ဟင်းချက်ဆီများတွင် မပြည့်ဝသော ဖက်တီး အက်စစ် (Unsaturated
Fatty Acids)များ ကြွယ်ဝသဖြင့် အသင့်အတင့်စားသုံးနိုင်ပါသည်။
အစား အစာများကို ဆီနှင့်ကြော်၍မစားဘဲ ပြုတ်၍စားခြင်း၊ မီးကင်မီးဖုတ်၍စားခြင်း၊
နို့ကိုမလိုင်ထုတ်ပြီးမှ သောက်သုံးခြင်း တို့သည် ဆီကိုဆင်ခြင်၍စားသည့်
နည်းများဖြစ်ပါသည်။ ပင်လယ်ငါးအချို့၏အဆီ တွင် (Omega-3) ဖက်တီးအက်စစ်များကြွယ်ဝပြီး နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်သည့်
ဂုဏ်သတ္တိရှိကြောင်း သိရပါသည်။
ဆားနှင့် အငန်ဓာတ်စားသုံးမှုကို တတ်နိုင်သမျှ လျှော့ချပါ။
အိုင်အိုဒင်းဆားကိုသာ စားသုံးပါ။
အိုင်အိုဒင်းဆားကို ဘာကြောင့်စားသုံးသင့်သလဲ။
ကလေးများ
ပုံမှန်ကြီးထွားရေး၊ ဉာဏ်ရည်ထက်မြက်ရေးနှင့် လူကြီး၊ လူငယ်၊ လူရွယ်အားလုံး
ကျန်းမာရေးအတွက် အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ စားသုံးဖို့လိုအပ်သည်။
အိုင်အိုဒင်း အာဟာရသည် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊
နို့၊ ဥ စသည့်အစားအစာ မျိုးစုံတွင် အနည်းငယ်စီပါဝင်နေသည်။ ပင်လယ်မှ ထွက်သောအစာများ
(ပင်လယ်ငါး၊ ပုစွန်၊ ကျောက်ပွင့် စသည်တို့)တွင် အိုင်အိုဒင်းအာဟာရ ပိုကြွယ်ဝသည်။ မြန်မာနိုင်ငံတစ်ဝန်း
မည်သည့် ဒေသတွင် နေထိုင်သည်ဖြစ်စေ၊ အစားအစာတစ်မျိုး တည်းမှ အာဟာရကို
လုံလောက်စွာရရှိဖို့မသေချာ ပေ။ အိုင်အိုဒင်းအာဟာရကို လုံလောက်စွာရရှိစေရန်
မိသားစုတိုင်း အသက်အရွယ်မရွေး အိုင်အိုဒင်းဆား ကို နေ့စဉ်စားသုံးကြဖို့
လိုအပ်ပါသည်။
ပြည်သူအားလုံး
အာဟာရပြည့်ဝမျှတပြီး ကျန်းမာကြံ့ခိုင်ရေးအတွက် ကလလရေကြည် သန္ဓေ တည်သည့်
ရင်သွေးငယ်ဖြစ်တည်ရာ ကိုယ်ဝန်ဆောင်ကာလမှသည် အသက်ရွယ်ကြီးရင့်သည်အထိ
သင့်တင့်လျောက်ပတ်သော အာဟာရများကို မှီဝဲနိုင် ရေးအတွက် အသက်အရွယ်အလိုက်
မည်သို့မည်ပုံ စားသောက်ရမည်ကို သိရှိနားလည်သဘောပေါက်စေရန် ဘဝတစ်သက်တာလုံး
စောင့်ရှောက်မှုအသွင် ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
၁။ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ အစာပိုစားပါ။
ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ
ဘာကြောင့်အစာပိုစားဖို့လိုသလဲ။
သန္ဓေသား၏ကြီးထွားမှုအတွက်
လိုအပ်သော အာဟာရဓာတ်များကို မိခင်က ခွဲဝေပေးရသည်။ ထို့ကြောင့်
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အာဟာရပြည့်ဝသောအစာများကို သာမန်အချိန်ထက် ပို၍ စားသုံးရန်လိုသည်။
မိခင်နို့ထုတ်လုပ်ရာတွင် အသုံးပြုရသည့်အာဟာရဓာတ်များ လုံလောက် စွာရရှိနိုင်ရန်
နို့တိုက်မိခင်များသည် အစာပို၍စားဖို့ လိုအပ်ပါသည်။
၂။ မွေးစမှ အသက် ခြောက်လအထိ မိခင်နို့တစ်မျိုး တည်းသာတိုက်ကျွေးပါ။
မိခင်နို့ ဘာကြောင့်တိုက်သင့်သလဲ။
မိခင်နို့တွင်
မွေးစမှ ခြောက်လအရွယ်အထိ ကလေးငယ်များအတွက် လိုအပ်သောအာဟာရဓာတ် များ စုံလင်မျှတစွာ
ပါဝင်နေပါသည်။
မိခင်နို့ ဘယ်လိုတိုက်မလဲ။
မီးဖွားပြီး
တစ်နာရီအတွင်း စောနိုင်သမျှစောစွာ မိခင်နို့ကို စတင်တိုက်ကျွေးပါ။ မီးဖွားပြီး ပထမ
တစ်ရက်၊ နှစ်ရက်တွင် ထွက်သည့် နို့ရည်ကြည် (နို့ဦးရည်)ကို တိုက်ဖြစ်အောင်တိုက်ပါ။
အာဟာရ ဓာတ်များ ကြွယ်ဝသည့်အပြင် ရောဂါခုခံစွမ်းအားကိုလည်း ကောင်းစေသည်။
ကလေးဆာတိုင်း အသက်ခြောက်လအထိ မိခင်နို့မှတစ်ပါး မည်သည့်အရည်၊ အဖတ်မျှ တိုက်ကျွေးစရာမလိုပါ။
(ကျွေးလျှင် အစာမကြေဖြစ်မည်။ ဝမ်းပျက်မည်။ နို့စို့နည်းသွား ပြီး
အာဟာရချို့တဲ့သွားနိုင်သည်။
၃။ အသက် ခြောက်လမှစတင်၍ မိခင်နို့နှင့်အတူ ထမင်းနှင့် အာဟာရပြည့်ဝသော ဖြည့်စွက်စာအမျိုး
မျိုးကို အသက်အရွယ်အလိုက် စုံလင်အောင်ကျွေးပါ။
ထမင်းနှင့် ဖြည့်စွက်စာ ဘယ်လိုကျွေးမလဲ။
ဆန်ပြုတ်(သို့မဟုတ်)
ထမင်းကို ညက်နေ အောင်ပြုလုပ်၍ စတင်ကျွေးပါ။
အစာတစ်မျိုးသာ
စ၍ကျွေးပါ။ ထိုအစာကို ပင် သုံး-လေးရက်ခန့် ဆက်၍ကျွေးပါ။
အစာတစ်မျိုးကို
ကောင်းကောင်းစားတတ် မှ နောက်ထပ် အစာသစ်တစ်မျိုးတိုး၍ ကျွေးပါ။
မည်သည့်အစာအမျိုးအစားကို
ကျွေးသည်ဖြစ်စေ စတင်၍ကျွေးသည့်အချိန်တွင် ကလေးက မစား လိုသည့်အခါ ဇွတ်အတင်းမကျွေးပါနှင့်၊
ခေတ္တနားထားလိုက်ပါ။ ရက်သတ္တပတ်နှစ်ပတ်ကြာမှ ထိုအစာကို ပြန်၍ကျွေးကြည့်ပါ။
ကလေး၏ အသက်အရွယ်ကိုလိုက်၍
အစာကိုမျိုနိုင်အောင် ပြုလုပ်ပြီးမှကျွေးပါ။
အပူ၊ အစပ်၊ အခါး
စသည့်အရသာပြင်းများ ကိုရှောင်ပါ။
ဆားသင့်ရုံသာထည့်ပါ။
မလွန်ကဲပါစေနှင့်။
ကလေး၏
အသက်အရွယ်အလိုက်အသား၊ ငါး၊ ဥ၊ ပဲ၊ အသီးအရွက်များ စုံလင်အောင် ကျွေးပါ။
ဖြည့်စွက်စာကျွေးရင်း
မိခင်နို့ကို ကလေး အသက်နှစ်နှစ်အထိ ဆက်၍တိုက်ပါ။
၄။ ကလေးများနှင့် ပျိုဖော်ဝင်အရွယ်များ အစွမ်းကုန် ကြီးထွားဖွံ့ဖြိုးစေရန်
ခန္ဓာကိုယ်ကြီးထွားမှုကို အထောက်အကူပြုသည့်အစာများ ပို၍စားပါ။
ကလေးများနှင့် ပျိုဖော်ဝင်အရွယ်များကို ဘာကြောင့် အစာပိုကျွေးသင့်သလဲ။
ကလေးတစ်ယောက်၏ကြီးထွားမှုသည်
မွေးစအရွယ်တွင် အမြန်ဆုံးဖြစ်သည်။ အသက်ခြောက်လ ခန့်တွင် မွေးစကိုယ်အလေးချိန်၏
နှစ်ဆဖြစ်လာသည်။ အသက်တစ်နှစ်ခန့်တွင် မွေးစကိုယ် အလေးချိန်၏ သုံးဆဖြစ်လာသည်။
ကလေး၏ဦးနှောက်သည် မွေးပြီးနှစ်နှစ်အတွင်း အမြန်ဆုံး ကြီးထွားဖွံ့ဖြိုးနေသည်။
ကလေးသူငယ်ဘ ဝတစ်လျှောက်တွင်လည်း ကြီးထွားဖွံ့ဖြိုးမှု ဆက်လက် ဖြစ်ပေါ်နေသည်။
လူပျိုဖော်ဝင်ချိန်တွင် ယောက်ျားကလေးများ တစ်ရှိန်ထိုးကြီးထွားကြသည်။ အပျိုသဘာဝ
ပြောင်းလဲမှုများ ဖွံ့ဖြိုးမှုများဖြစ်ပေါ်သည်။ အာဟာရဓာတ်များ လုံလောက်စွာရရှိမှသာ
ကလေး သူငယ်ဘဝနှင့် ပျိုဖော်ဝင်အရွယ်တွင် အစွမ်းကုန်
ကြီးထွားဖွံ့ဖြိုးနိုင်ပေလိမ့်မည်။
၅။ သက်ကြီးပုဂ္ဂိုလ်ဘဝတွင် အာဟာရဓာတ်များ ကြွယ်ဝသည့်အစာများကိုသာ
ရွေးချယ်စားသုံးပါ။
သက်ကြီးပုဂ္ဂိုလ်ဘဝတွင်
ကိုယ်လက်လှုပ်ရှားမှုနည်းသည်။ ကယ်လိုရီအင်အား လိုအပ်ချက်လည်း နည်းသည်။
အစားအသောက်နည်းသည်။ ရောဂါခုခံစွမ်းအားလည်းနည်းသည်။ ထို့ကြောင့် အာဟာရ
ဖြစ်သောအစာများကို ရွေးချယ်စားသောက်ခြင်း၊ တတ်နိုင်သမျှ
ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာ ရေးအခြေအနေကို ထိန်းထားနိုင်သည်။
သက်ကြီးပုဂ္ဂိုလ်များသည်
ထုံးဓာတ်၊ သံဓာတ်၊
သွပ် (Zinc)
ဓာတ် စသည့် သတ္တုဓာတ်များလိုအပ်သည်။ အောက်ဆီဂျင်
ဓာတ်တိုး ဓာတ်ပြုမှုကို ဆန့်ကျင်သည့် (Antioxidant) အာဟာရဓာတ်များဖြစ်သော ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီးတို့သည်
ဇရာနှင့်နှီးနွှယ် နေသောရောဂါများမှ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
အာဟာရဓာတ်များကြွယ်ဝသည့်
အသား၊ ငါး၊ နို့၊ ဥနှင့် အသီးအနှံများကို ရွေးချယ်စားသင့်သည်။ လှုပ်ရှားမှုနှင့်
အစားအသောက် လိုက်လျောညီထွေ ဖြစ်ဖို့လိုပါသည်။ တစ်ကြိမ်လျှင် အစားနည်းနည်း၊
ခဏခဏစားသင့်သည်။ ဆီများသောအစာ၊ ငန်သော အစာ၊ ပူစပ်သောအစာများကိုရှောင်သင့်သည်။
အာဟာရလွန်ကဲပြီး
ဝဖြိုးခြင်းနှင့် ဒွန်တွဲနေသော ဆီးချို၊ သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်း
ရောဂါများသည် မြန်မာနိုင်ငံတွင် တဖြည်းဖြည်း အဖြစ်များလာလျက်ရှိနေပါသည်။
ထိုရောဂါများ ဖြစ်ပွားရခြင်းနှင့် ထိုရောဂါများကြောင့် သေဆုံးရခြင်းတို့သည်
အစာစားသုံးခြင်းနှင့်သာမက အခြားသော အပြုအမူအနေအထိုင်များနှင့်လည်း ဆက်စပ်နေပါသည်။
ထို့ကြောင့် အစာကို
မျှတစွာစားသုံးခြင်း၊ ဆီနှင့် အငန်ကို ဆင်ခြင်စားသုံးခြင်းတို့နှင့်အတူ အခြား သော
အပြုအမူအနေအထိုင်များကိုလည်း ဆင်ခြင်ဖို့ လိုပါသည်။ ဆေးလိပ်လုံးဝမသောက်ပါနှင့်၊
ဆေးရွက် ကြီးငုံခြင်း၊ ဆေးရွက်ကြီးပါသည့် ကွမ်းစားခြင်းကို လုံးဝရှောင်ကြဉ်ပါ။
အရက်အလွန်အကျွံမသောက် သုံးပါနှင့်။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။
ပူပင်သောကများကို တတ်နိုင်သမျှဖြေဖျောက်ပါ။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်
လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ လူတိုင်း ရောဂါဘယ ကင်းဝေးရေး၊
ကျန်းမာသောလူမျှော်မှန်း သက်တမ်းမြင့်မားရေးတို့အတွက် ကျန်းမာရေး
စောင့်ရှောက်မှုများကို ဘဝတစ်သက်တာလုံး စောင့်ရှောက်မှုပုံစံ (Life Style
Approach)ဖြင့် ဆောင်ရွက်လျက်ရှိရာ
အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများသည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး ဖြစ်ပါသည်။
မိခင်ဝမ်းတွင်း
စတင်သန္ဓေတည်သည်မှ အသက်အရွယ်ကြီးသည်အထိ အသက်အရွယ်အလိုက် အာဟာရပြည့်ဝစွာ စားသောက်ရမည့် စားသောက်မှုပုံစံများကို
စားသောက်တတ်အောင် မိမိ ဒေသထွက် ပစ္စည်းများဖြင့် အာဟာရမျှတအောင် စားသောက်တတ်အောင် အာဟာရဆိုင်ရာ
ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများကို လူမှုကွန်ရက်များအပါအဝင်
နည်းလမ်းပေါင်းစုံ အသုံးပြု၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူအားလုံး
ကျန်းမာရေးအသိပညာ မြင့်မားလာပြီး မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်သူ၊
မိမိကျန်းမာရေးအတွက် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သူများဖြစ်လာပြီး
မိမိဆန္ဒအတိုင်း ကျန်းမာရေးနှင့် ညီညွတ်သော အပြုအမူများကို လိုက်နာကျင့်သုံးလာကာ
ကျန်းမာကြံ့ခိုင်သောသူ များဖြစ်လာလိမ့်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း
ရေးသားလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကား-
လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေး
အသိပညာများ (ကျန်းမာရေးဝန်ကြီးဌာန ၂၀၂၄)


No comments