အာဆီယံရေးရာကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

 



နေပြည်တော် အောက်တိုဘာ ၁၃


အာဆီယံရေးရာကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှအဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန်ထိတွေ့ ဆက်ဆံနေသည့် လမ်းကြောင်းအပြင် အာဆီယံနှင့်ဆက်သွယ်ဆောင်ရွက်မည့် ကော်မတီတစ်ရပ်ကိုဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံသည် တာဝန်သိအာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ အဖြစ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အာဆီယံနှင့်ဆက်ဆံရာတွင် တစ်နိုင်ငံချင်းအလိုက် ဦးစားပေးအဆင့်လိုက် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း ပြောကြားသည်။


ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ တစ်ချက်ချင်းစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လက်ရှိ နှစ်နိုင်ငံဆက်ဆံရေးကိုအခြေခံကာ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့်အခွင့်အရေးကို ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေးခဲ့ကြသည်။


သတင်းစဉ်

No comments

Powered by Blogger.