တရုတ်နိုင်ငံတွင် အမျိုးသားနေ့အားလပ်ရက်ကာလအတွင်း အဝေးပြေးလမ်းမကြီးများ၌ လျှပ်စစ်ကား အားသွင်းမှုပမာဏ သိသာစွာမြင့်တက်

 


ပေကျင်း   အောက်တိုဘာ   ၁၁

တရုတ်နိုင်ငံအဝေးပြေးလမ်းမများရှိ လျှပ်စစ်ကားအားသွင်းမှုပမာဏသည် ပြီးခဲ့သည့် အမျိုးသားနေ့ အားလပ်ရက်သီတင်းပတ်အတွင်း  သိသာစွာမြင့်တက်လာခဲ့ကြောင်း အမျိုးသားစွမ်းအင်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

အောက်တိုဘာ  ၁ ရက်မှ ၇ ရက်အတွင်း အဝေးပြေးလမ်းမများရှိ လျှပ်စစ်ကားအားသွင်းမှု  ပမာဏသည် ကီလိုဝပ်နာရီ ၁၆၃ သန်းသို့ ရောက်ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ပျမ်းမျှ ကီလိုဝပ်နာရီ ၂၃ ဒသမ ၂၆ သန်းရှိခဲ့ကြောင်းနှင့် နှစ်အလိုက် ၅၁ ဒသမ ၄၂ ရာခိုင်နှုန်း  မြင့်တက်လာခဲ့ကြောင်း သိရ သည်။

အဆိုပါကိန်းဂဏန်းများအရ တရုတ်နိုင်ငံတွင် လျှပ်စစ်ကားသုံးစွဲမှုသိသိသာသာမြင့်တက်ခြင်းနှင့် အဝေးပြေးလမ်းမများတွင် လျှပ်စစ်ကားအားသွင်းရုံများ များပြားလာခြင်းကို  ပြသနေသည်။ တရုတ် နိုင်ငံသည် ကမ္ဘာပေါ်တွင်   လျှပ်စစ်ကားဆိုင်ရာ အကြီးဆုံးဈေးကွက်ဖြစ်လာနေပြီး   နိုင်ငံအတွင်း လျှပ်စစ်ကားရောင်းချမှုနှင့် ပိုင်ဆိုင်မှုများ  ဖြည်းဖြည်းမှန်မှန် တိုးတက်လာနေသည်။ ထိုကဲ့သို့ ဖြစ်လာရခြင်းမှာ လောင်စာဆီသုံးကားများကို လျှပ်စစ်ကားများနှင့် လဲလှယ်ပေးသည့် အစီအစဉ်များ၏   ပံ့ပိုးမှုနှင့် ယှဉ်ပြိုင်မှုရှိသည့် ပြည်တွင်းထုတ် လျှပ်စစ်ကားအမျိုးအစားများ များပြားလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံတွင်  လျှပ်စစ်ကား ပိုင်ဆိုင်မှုအရေအတွက်သည် ၄၉ဒသမ ၈၇သန်းသို့ ရောက်ရှိလာခဲ့ပြီး အဆိုပါပမာဏသည် မော်တော်ယာဉ်အားလုံး၏ ၁၃ ဒသမ ၁၉ ရာခိုင်နှုန်းရှိကာ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မော်တော် ယာဉ်အသစ် မှတ်ပုံတင်မှုများ၏ တစ်ဝက်နီးပါးမှာ လျှပ်စစ်ကားများဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည်  နိုင်ငံအတွင်း လျှပ်စစ်ကားသုံးစွဲမှုကို မြှင့်တင်ရန်နှင့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသအဖြစ် လျှပ်စစ်ကားအားသွင်းရုံဆိုင်ရာ  အခြေခံအဆောက်အအုံများကို  မြှင့်တင်ဆောင်ရွက်နေသည်။ 

တရုတ်နိုင်ငံရှိ လျှပ်စစ်ကားအားသွင်းနေရာ စုစုပေါင်း ၂၄ သန်းကျော်လွန်သွားပြီဖြစ်ရာ ကမ္ဘာ့အကြီးဆုံး  လျှပ်စစ်ကားအားသွင်းကွန်ရက်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်လာခဲ့သည်။

ဆင်ဟွာ

No comments

Powered by Blogger.