(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ၊ ပုလဲအတွဲပေါင်း၂၂၈ တွဲ ရောင်းချနိုင်ခဲ့



နေပြည်တော် အောက်တိုဘာ ၁၁

 

၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲများ၊ ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

 

ယနေ့ပြပွဲတွင် တင်ဒါအမှတ် (၅) မှ ပုလဲအတွဲ ၁၂၀ ၏ အတွဲ အမှတ် ၄၆၁ မှ အတွဲအမှတ် ၅၈၀ အထိကို လည်းကောင်း၊ တင်ဒါအမှတ် (၆) မှ ပုလဲအတွဲ ၁၂၀ ၏ အတွဲအမှတ် ၅၈၁ မှ အတွဲအမှတ် ၇၀၀ အထိကိုလည်းကောင်း ပြည်တွင်း ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၈ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။ ယနေ့ မွန်းလွဲ ပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြပွဲကျင်းပရာ ကျောက်ခင်းကွင်း နေရာအလိုက် ကျောက်စိမ်းအတွဲများ ခင်းကျင်းပြသထားမှုနှင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် များက မိမိတို့ကြိုက်နှစ်သက်သည့် ကျောက်အတွဲများအား တင်ဒါထည့်သွင်းနိုင်ရေး ကြည့်ရှုစစ်ဆေး နေမှုများကို လှည့်လည်အားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

 

ထို့ပြင် ပြပွဲပဉ္စမနေ့တွင် ရောင်းချမည့် ကျောက်မျက် အတွဲပေါင်း ၁၆၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။

 

ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူ များက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်း ပြီး တင်ဒါပုံးများကို ဖွင့်ဖောက် စစ်ဆေးကာ အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်မျက်အတွဲများကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ အုပ်စု(အေ၊ ဘီ၊ စီ) သုံးအုပ်စု ခွဲခြားထားသည့် ကျောက်စိမ်း အတွဲပေါင်း ၃၀၇၃ တွဲ အနက် အုပ်စု(အေ) နှင့် အုပ်စု (ဘီ)မှ ကျောက်စိမ်းအတွဲပေါင်း ၁၆၀၅ တွဲကို အောက်တိုဘာ ၁၃ ရက် မှ ၁၅ ရက်အထိလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲ ပေါင်း ၁၄၆၈ တွဲကို အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်အထိ လည်း ကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးသွားမည် ဖြစ်သည်။

 

မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ပုဂ္ဂလိက ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင် များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများ ဖြင့် စည်ကားလျက်ရှိပြီး အဆိုပါ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ကို အောက်တိုဘာ ၈ ရက်မှ စတင် ကျင်းပခဲ့ရာ အောက်တိုဘာ ၁၇ရက် အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်

No comments

Powered by Blogger.