ဂျီဘူတီကမ်းလွန်တွင် ရွှေ့ပြောင်းသူများလိုက်ပါလာသည့် သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးသူ ၁၃၉ ဦး ထက်မနည်း ရှိလာ

 


ဂျီဘူတီစီးတီး  အောက်တိုဘာ  ၁၃

အရှေ့အာဖရိကရှိ  ဂျီဘူတီနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ရွှေ့ပြောင်းသွားလာသူများ လိုက်ပါလာသော သင်္ဘောတစ်စင်းနစ်မြုပ်မှုကြောင့် သေဆုံးသူပေါင်း ၁၃၉ ဦးထက်မနည်း ရှိလာကြောင်းနှင့် ပျောက်ဆုံးနေသူ ၈၄ ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)၏ ထုတ်ပြန်ချက်အရ အဆိုပါသင်္ဘောသည် ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ကျော်ကို တင်ဆောင်ကာ ဂျီဘူတီနိုင်ငံမှ ယီမင်နိုင်ငံသို့  ထွက်ခွာလာခြင်းဖြစ်ပြီး အောက်တိုဘာ  ၈ ရက် ညပိုင်းတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် ကလေးငယ်များလည်း  ပါဝင်ကြောင်း  သိရသည်။

အဆိုပါသင်္ဘောနစ်မြုပ်ရခြင်း၏  အဓိကအကြောင်းရင်းမှာ သတ်မှတ်ပမာဏထက် ဝန်ပိုတင်ဆောင် ခြင်းကြောင့်ဖြစ်ကြောင်း ဒေသတွင်း IOM တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနအချို့က ဖော်ပြထားသည်။

ရွှေ့ပြောင်းနေထိုင်သူအများစုသည် ချမ်းသာကြွယ်ဝသော ပင်လယ်ကွေ့နိုင်ငံများတွင်  အလုပ်အကိုင်ရှာဖွေရန်အတွက်   အရှေ့အာဖရိကမှ   ယီမင်နိုင်ငံသို့    နှစ်စဉ်နှစ်တိုင်း  အလွန်အန္တရာယ်များသော ပင်လယ်ရေကြောင်းလမ်းကိုဖြတ်ကျော်၍ သွားရောက်လေ့ရှိကြသည်။           

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.