နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်မှုများဝိုင်းဝန်းဖော်ထုတ် (ကြေးမုံ)



 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ်ကို စနစ်တကျ အကောင်အထည် ဖော်လျက်ရှိပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် နှောင့်ယှက်ဖျက်ဆီးမှုမှန်သမျှကို နိုင်ငံတော်အစိုးရက ဖော်ထုတ်တားဆီးအရေးယူ ဆောင်ရွက်လျက် ရှိပြီး တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုလိုလားသော ပြည်သူများကလည်း ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချတိုက်ဖျက်ကြရမည်ဖြစ်သည်။

 

လက်ရှိတွင် ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက်အဖျက်သမားများက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ အုပ်ချုပ်ရေးယန္တရား မတည်ငြိမ်မှုဖြစ်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက် လျက်ရှိရာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများက မျက်ခြည် မပြတ် ရှာဖွေတိုက်ဖျက်လျက်ရှိသည်။ ပြည်တွင်း၌ နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ဆူပူအုံကြွမှုများဖြစ်ပေါ်စေရန်နှင့် လူမှုစီးပွားဘဝများ မတည်ငြိမ်မှုဖြစ်ပေါ်လာစေရန်အတွက် လူမှုကွန်ရက် စာမျက်နှာအမျိုးမျိုးပေါ်မှ အမုန်းတရားများ၊ နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေရန် ကိစ္စများ၊ သတင်းတု၊ သတင်းမှားများကို လုပ်ကြံဖန်တီးဆောင်ရွက်နေကြသူများအား ပြဋ္ဌာန်း ထားသော ဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူလျက်ရှိသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသော်လည်း NUG နှင့် PDF အကြမ်းဖက်အဖွဲ့များက နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများကိုပစ်မှတ်ထား၍ ဖမ်းဆီးနှိပ်စက်မှုများ၊ လုပ်ကြံသတ်ဖြတ် မှုများ၊ အများပြည်သူပိုင် အဆောက်အအုံများနှင့် လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်းများ၊ ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိရာ အချို့အကြမ်းဖက်အားပေးအဖွဲ့များနှင့် ပြည်ပြေးများ ကလည်း လူမှုကွန်ရက်များမှတစ်ဆင့် တရားမဝင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍ ဝင်ငွေရှာဖွေခြင်း၊ အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်စေရန် အလှူငွေများကောက်ခံပြီး အားပေး ကူညီထောက်ပံ့ ပေးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်းများ၊ ဝါဒဖြန့်ခြင်းများ၊ အကြမ်းဖက်အဖွဲ့များအား အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှုများပြုလုပ်ကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို မကြာသေးမီရက်ပိုင်း အတွင်းက ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့သည်။ အချို့သောအကြမ်းဖက်အားပေးသူများသည် လူမှုကွန်ရက်ပေါ်မှ အလှူငွေများထည့်ဝင်ရေး ပြည်သူများအား စည်းရုံးလှုံ့ဆော်ခြင်း၊ အချို့သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် တရားမဝင် ကုန်ပစ္စည်းများရောင်းချနိုင်ရန် ပြည်တွင်း၌နေထိုင်သူအချို့က ဝယ်ယူရောင်းချခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ကြရာ အကြမ်းဖက်မှုကို မလိုလားသောပြည်သူများ၏ သတင်းပေးပို့မှုဖြင့် ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်နိုင်ခဲ့သည်။

 

မျက်မှောက်ကာလတွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ လူမှုကွန်ရက်များ အသုံးချလုပ်ကိုင် ဆောင်ရွက်မှုအပေါ် သတိပြုဆင်ခြင်ကြရမည်ဖြစ်သည်။ လူမှုကွန်ရက်ကိုအသုံးချပြီး မှန်မှန်ကန်ကန် ဆောင်ရွက်နေကြသူများရှိသလို အွန်လိုင်းလိမ်လည်မှုများနှင့် အကြမ်းဖက်အားပေးထောက်ပံ့ ကူညီသည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရန် အထူးသတိပြုရမည်ဖြစ်သည်။ အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်မိပါက ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး အကြမ်းဖက် အားပေးသော လုပ်ငန်းများတွင် ပါဝင်ပတ်သက်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခံရမည်ကို သတိပြုရမည်ဖြစ်သည်။ မကြာသေးမီက အွန်လိုင်းပေါ်မှတစ်ဆင့် တရားမဝင် အလှကုန်ပစ္စည်းများနှင့် ရတနာပစ္စည်းများရောင်းချရာတွင် ကူညီဆောင်ရွက်ပေးသူများ၊ တရားမဝင် ငွေကြေးလွှဲပြောင်းပေးသူများ၊ အကျိုးတူပူးပေါင်းလုပ်ကိုင်ကြသူများကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။

 

နိုင်ငံတော်အစိုးရနှင့် တပ်မတော်က တိုင်းပြည်တည်ငြိမ်အေးချမ်းမှု တိုးတက်ခိုင်မာလာစေရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများကို ထိရောက်စွာ တိုက်ဖျက်လျက်ရှိရာ ယခုအခါ တည်ငြိမ် အေးချမ်းမှုရရှိလာပြီဖြစ်သည်။ ထိုအချိန်တွင် ပြည်တွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုး ရှည်စေရန်အတွက် ပြည်တွင်း၌နေထိုင်သူအချို့က အကြမ်းဖက်အားပေးလုပ်ငန်းအမျိုးမျိုးကို ဆက်လက် လုပ်ကိုင်ကြပါက ၎င်းတို့အနေဖြင့် အန္တရာယ်အလွန်များသည့်အပြင် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးဟန့်တားရာရောက်သဖြင့် ပြည်တွင်း၌ နေထိုင်ပြီး ဥပဒေချိုးဖောက်ခြင်းသည် အန္တရာယ်အလွန်ကြီးမားသည်ကို သတိပြုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အကြမ်းဖက်လုပ်ရပ်များကိုလုပ်ကိုင်ခြင်းသည် မည်သည့်အခါမျှ အောင်မြင်မည်မဟုတ်သလို နိုင်ငံတော်နှင့် ပြည်သူလူထုကိုသာ ထိခိုက်နစ်နာမှုများ ဖြစ်စေသဖြင့် အကြမ်းဖက်အဖွဲ့များအား အားပေးကူညီထောက်ပံ့ရန်ရည်ရွယ်၍ တရားမဝင်စီးပွားရေးလုပ်ကိုင်သူများ၊ ဝယ်ယူအားပေးသူများ၊ ထိုသို့လုပ်ကိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက်ပေးသူများအားသိရှိရပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များထံသို့ လျှို့ဝှက်သတင်းပေးပို့နိုင်ပါကြောင်းနှင့် နိုင်ငံတော်အနေဖြင့် အကြမ်းဖက် အဖွဲ့များအား ကူညီထောက်ပံ့ရန် လူမှုကွန်ရက်များမှတစ်ဆင့် တရားမဝင်လှုံ့ဆော်သူများ၊ တရားမဝင် စီးပွားရေးလုပ်ကိုင်သူများနှင့် ကူညီဆောင်ရွက်ပေး နေသူများအား ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်၍ အကြမ်းဖက်မှုလုပ်ငန်းများကို အားမပေးမိစေရန် အထူးသတိပြုကြရမည် ဖြစ်ပါကြောင်း။ ။

No comments

Powered by Blogger.