ဒဂုံတက္ကသိုလ်အတွင်းရှိ ကျောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်
ရန်ကုန် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒဂုံတက္ကသိုလ်အတွင်းရှိ ကျောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါတက္ကသိုလ်၌ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်မည့် အခြေအနေ၊ ပန်းခြံတည်ဆောက်မည့်နေရာ၊ ကျောင်းအဝင်လမ်းမကြီး မြေယာရှုခင်းဆောင်ရွက်မည့် အခြေအနေ၊ ဦးစားပေး(၁)ဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မည့် အဆောက်အအုံများ၊ အသစ်တည်ဆောက်မည့် အဆောက်အအုံများ၏တည်နေရာ၊ ဘောလုံးကွင်း အဆင့်မြှင့်တင် တည်ဆောက်မည့်နေရာနှင့် တက္ကသိုလ်အကွက်ချပုံစံတွင် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေကို ယမန်နေ့ နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများ နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အအုံ၏ အစည်းအဝေးခန်းမ၌ အဆောက်အဦ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန်၊ အဆောက်အအုံများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် စနစ်တကျတွက်ချက်၍ အသုံးပြုသည့်ပစ္စည်းများ အမျိုးအစားမှန်ကန်စေရေး QC အဖွဲ့များကလည်း တည်ဆောက်သည့်အဆင့် အလိုက် စစ်ဆေးဆောင်ရွက်မည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်မှုဖြင့် သေချာစွာဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရာသေသပ်ကောင်းမွန်စေရန်၊ အရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန်၊ တက္ကသိုလ်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာ လှပရေး စနစ်တကျဆောင်ရွက်ရန်၊ ကျောင်းအတွင်းရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံ မဖြစ်စေရေး ဂရုပြုဆောင်ရွက်သွားရန်၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင်ပေါင်းစပ် ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ညနေပိုင်းတွင် အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူး အဖွဲ့(၁)နှင့် အဆောက်အဦအထူး အဖွဲ့(၂)တို့မှ တည်ဆောက်လျက် ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ရန်ကုန် အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments