မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နယ်နိမိတ်မြစ်များနှင့် နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ



နေပြည်တော် အောက်တိုဘာ ၁၆

၂၀၂၆ ခုနှစ် ဩဂုတ် ၆ ရက်တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ သက်ဆိုင်ရာသယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များက လက်မှတ်ရေးထိုးခဲ့သည့် နယ်နိမိတ်မြစ်များနှင့် နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (Terms of Reference – TOR) ပါ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက် ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group – JWG)၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၅၈) ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ကျင်းပသည်။


တက်ရောက်

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ JWG အဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ JWG အဖွဲ့ဝင်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းလမ်းညွှန် (Terms of Reference – TOR) သည် လက်မှတ်ရေးထိုးသည့်နေ့မှစ၍ သုံးနှစ်ကြာ အကျိုးသက် ရောက်မည်ဖြစ်ပြီး TOR ပါ လုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နှစ်နိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့ (Joint Working Group – JWG) အစည်းအဝေးများကို တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ်၊ ပုံမှန်အားဖြင့် ခြောက်လတစ်ကြိမ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလှည့်ကျကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့ပြင် JWG ၏ အဓိကလုပ်ငန်း များဖြစ်သည့်ရေအရည်အသွေး ပူးတွဲ စောင့်ကြည့်တိုင်းတာခြင်း၊ ရေညစ်ညမ်းမှု အရင်းအမြစ်များ ဖော်ထုတ်ခြင်း၊ အချက်အလက်မျှဝေခြင်း၊ ကြိုတင်သတိပေးစနစ် များဆောင်ရွက်ခြင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်ရန်၊ သုံးနှစ် တာ Master Plan နှင့် နှစ်စဉ်လုပ်ငန်းအစီအစဉ်များရေးဆွဲ၍ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းတာဝန်များနှင့် လိုအပ်သည့်လူအင်အား၊ စက်ကိရိယာ၊ နည်းပညာနှင့် ဘဏ္ဍာငွေများကို ကြိုတင်ပြင်ဆင်ကာ ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံဘက် JWG ၏ လုပ်ငန်းတာဝန်များနှင့် ကနဦးလုပ်ငန်းစီမံချက်တို့ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် JWG အဖွဲ့ဝင်များက ဌာနအလိုက် ပါဝင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ နည်းပညာ၊ လူအင်အား၊ စက်ကိရိယာနှင့် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့ပြင် TOR ပါ လုပ်ငန်းများကို သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ ကနဦးလုပ်ငန်း စီမံချက်ရေးဆွဲပြုစုနိုင်ရေးနှင့် လုပ်ငန်းအစီအစဉ်များ၊ ဘဏ္ဍာငွေလျာထားချက်များ ကြိုတင်ပြင်ဆင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.