ရေကြီးမှုကြောင့် ဘန်ကောက်လေဆိပ်၌ ခရီးဆောင်အိတ် အမြောက်အမြား ရှုပ်ထွေးမှုဖြစ်ပေါ်



ဘန်ကောက် အောက်တိုဘာ ၁

 

လွန်ခဲ့သည့်သီတင်းပတ်မှစတင်ကာ ထိုင်းနိုင်ငံ၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကြောင့် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး၌ လုပ်ငန်းဆောင်တာများ ဆိုးရွားစွာ အနှောင့်အယှက် အဟန့်အတား ဖြစ်ပေါ်လျက်ရှိသည်။ အချို့သောလူများမှာ ရက်အနည်းငယ်ကြာသော်လည်း လေဆိပ်အတွင်းရှိ ၎င်းတို့၏ခရီးဆောင်အိတ်များကို ပြန်လည်ရွေးယူနိုင်ခြင်း မရှိသေးချေ။

 

ရေကြီးမှုကြောင့် ဝန်ထမ်းအချို့ လုပ်ငန်းခွင်သို့ လာရောက်နိုင်ခြင်းမရှိဟု ထိုင်းအဲဝေးက ပြောသည်။ ကုမ္ပဏီက အဆိုပါအခြေအနေကို ဖြေရှင်းရန်အတွက် လေယာဉ်ဆိုက်ရောက်ခန်းမအတွင်း ယာယီကောင်တာများ ဖွင့်လှစ်ထားသည်။ သို့သော်လည်း စက်တင်ဘာ ၃၀ ရက်အထိ ပိုင်ရှင်များ လာရောက်မယူရသေးသည့် ခရီးဆောင်အိတ် ၈၀၀၀ ခန့် ကျန်ရှိနေသေးသည်။

 

သို့သော်လည်း ခရီးဆောင်အိတ်များကို လာရောက်ရှာဖွေယူနေကြသည့် ခရီးသည်များလည်း ရှိသည်။ လွန်ခဲ့သည့်သုံးရက်က ထိုင်းနိုင်ငံသို့လာရောက်ခဲ့သည့် သူငယ်ချင်းအစား အိတ်ရွေးရန် လာခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားတစ်ဦးက ပြောသည်။ ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

 

ထိုင်းအဲဝေးသည် ပြည်တွင်းပြည်ပခရီးစဉ်များကို ဖျက်သိမ်းထားပြီး အခြေအနေများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ရန် ရက်အတန်ကြာဦးမည်ဟု ပြောသည်။

 

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.