နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၇)သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
နေပြည်တော် အောက်တိုဘာ ၂၃
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၇) သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၇) မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၇) မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၇)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှ ရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါ သည် -
သင်တန်းသား ၁
စတုန်းကတော့ အရပ်သားဘဝကနေ စတင်ကူးပြောင်းလာတာဖြစ်တဲ့အတွက် ဘာမှသိပ်မသိဘူးဆိုပေမယ့် ဒီကဗိုလ်လေးတွေ နည်းပြတွေ ဆရာကြီးတွေက စစ်အခြေခံပညာတွေ တတ်ကျွမ်းအောင်လို့လည်း သူတို့က သေချာသင်ပေးတယ်။ နောက်ပြီးတော့ ကိုယ်တွေက အခုမှ လုံးဝပထမဆုံးဆိုတော့ တွေ့ကြုံရတဲ့ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ သင်တန်းဆင်းပြီး ဘာတွေ ပြောင်းလဲသွားလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် လုံးလုံးကြီးဖြစ်သွားတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့က တပ်ရင်းတပ်ခွဲတွေမှာ အထက်ကပေးအပ်တဲ့ တာဝန်တွေကို သေချာကျေပွန်အောင် ထမ်းဆောင်ပြီးတော့မှ တိုင်းပြည်အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်တဲ့ ပြည်သူ့စစ်မှုထမ်းတစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်လို့ ဆုံးဖြတ်ထားပါတယ်။
သင်တန်းသား ၂
ကျွန်တော်ကတော့ ဒီသင်တန်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လိုက်နာမယ်။ ပြီးရင် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်တက်ရောက်တာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်အတိုင်း နိုင်ငံတော်တာဝန် ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ကျွန်တော်တို့သင်တန်းမှာ ကြိုးစားအားထုတ်မှုနဲ့ ဒီစစ်ရေးပြထူးချွန်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ဒီစစ်ရေးပြထူးချွန်ဆုကိုရရှိအောင် နည်းပြတွေရဲ့ သင်ကြားပို့ချမှုနဲ့ ကျွန်တော်လည်း အခေါက်ခေါက်အခါခါ ကြိုးစားခဲ့တယ်။ အဲဒီအတွက်လည်း ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုရရှိတဲ့အတွက်လည်း ကျွန်တော် အတိုင်းမသိဝမ်းသာပါတယ်။ ကျွန်တော့်ကို အဘက်ဘက်ကနေ ပံ့ပိုးကူညီပေးတဲ့ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် သင်တန်းသားတွေကိုလည်း ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် ဒီသင်တန်းပြီးသွားရင် နိုင်ငံတော်က ပေးအပ်တဲ့တာဝန်ကို ကျတဲ့နေရာမှာ နှစ်နှစ်တာဝန် ကျေပွန်အောင် ထမ်းဆောင်မှာပါ။ အပြင်လောကမှာတော့ အမျိုးမျိုး ပြောနေကြတယ်၊ ဒါပေမယ့်ပြောနေတဲ့စကားတွေကို နားမယောင်ဘဲနဲ့ တာဝန်ကို ကျေပွန်အောင် နှစ်နှစ်ကို လာရောက်ထမ်းဆောင်ပါလို့ ဖိတ်ခေါ်ပါတယ်။
ထို့နောက် ညပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၇) မှ နိုင်ငံ့သားကောင်းစစ်သည်များအား သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများကို သင်တန်းကျောင်းအသီးသီး၌ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments