ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် KNLA အဖွဲ့နှင့် PDF အမည်ခံ အဖွဲ့ဝင် ၅၂ ဦးတို့အား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်




နေပြည်တော် အောက်တိုဘာ ၂၃   


နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင်အမျိုးသား ၄၇ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၅၂ ဦးတို့သည် လက်နက်မျိုးစုံ ၂၃ လက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။


ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့မှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ လိပ်သိုမြို့မှ အမျိုးသမီး ၁ ဦး၊ ဆင်လန်မြို့မှ အမျိုးသား ၂ ဦး၊ အုတ်ဖိုမြို့မှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး၊ ကညွတ်ကွင်းမြို့မှ အမျိုးသား ၂ ဦး၊ နတ္တလင်းမြို့မှ အမျိုးသား ၄ ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၄ ဦး၊ ပြည်မြို့မှ အမျိုးသား ၁ ဦး၊ မင်းလှမြို့မှ အမျိုးသား ၁ ဦး၊ တောင်ငူမြို့မှ အမျိုးသား ၄ ဦးနှင့် KNLA အဖွဲ့မှ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၅၂ ဦးတို့အား ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား အသိပညာပေးစကား ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် Type-81 သေနတ် ၁ လက်၊ MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ MA-4 သေနတ် ၁ လက်၊ လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ လက်လုပ်ပြောင်းချောသေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်၊ AR-9 သေနတ် ၁ လက်၊ AK-9 သေနတ် ၁ လက်၊ M4 ကာဘိုင်သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ရိုင်ဖယ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ ပစ္စတိုသေနတ် ၄ လက်၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ M 79 ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ စုစုပေါင်း ၂၃ လက်၊ လက်ပစ်ဗုံး ၈ လုံး၊ ကျည်အိမ် ၉ ခု၊ ကျည်မျိုးစုံ ၂၀၇ တောင့်၊ ပလတ်စတစ်နင်းမိုင်း ၁ လုံး၊ ၄၀ မမဗုံးသီး ၂ လုံး၊ ကျည်ကာဦးထုပ် ၁ လုံးနှင့် စကားပြောစက် ၈ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူသည်။


ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၁၀ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၅၀၀၊ လောင်ချာ ၂ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၁၅၀၊ ပစ္စတို ၄ လက်နှင့်ခြောက်လုံးပြူး ၁ လက်အတွက် ဆုကြေးငွေ သိန်း ၁၀၀၊ လက်လုပ်သေနတ် ၆ လက်အတွက် ဆုကြေးငွေ သိန်း ၃၀၊ လက်ပစ်ဗုံး ၈ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံးနှင့် နင်းမိုင်း ၁ လုံးအတွက် ဆုကြေးငွေကျပ် ၃၃ သိန်း၊ စကားပြောစက် ၈ လုံးနှင့် ကျည်ကာဦးထုပ် ၁ လုံးတို့အတွက် ဆုကြေးငွေ ၁၈ သိန်း၊ စုစုပေါင်း ဆုကြေးငွေကျပ် ၈၃၁ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၅၂ ဦးအတွက် ဆုကြေးငွေကျပ် ၅၂ သိန်း၊ စုစုပေါင်းဆုကြေးငွေကျပ် ၈၈၃ သိန်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ခံဝန်ကတိလက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင် ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။


ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက် / ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-


၁။      ကျွန်တော်က KNLA တပ်မဟာ (၆)စစ်ကြောင်း COBRA-1 ကပါ။ စတင်ဝင်တုန်းကတော့ ကင်းတွေ စောင့်ရတယ်။ လူကြီးနောက်ကို လိုက်ရတယ်။ သူတို့က အပြောနဲ့အလုပ်နဲ့ မညီဘူး။ မတူဘူးဗျ။ မကိုက်ညီလို့ အဲဒါကြောင့် အလင်းပြန်ဝင်လိုက်တာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့သူတွေကိုလည်း အလင်းဝင်ဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်ပါတယ်။ အားလုံးလည်း အဆင်ပြေပါတယ်။


၂။       ကျွန်တော်က KNLA တပ်မဟာ (၆)ကပါ။ ကျွန်တော်တို့က ကင်းစောင့်၊ ထမင်းချက်၊ ထင်းခွေတာတွေ လုပ်ရပါတယ်။ တစ်ခါတလေကျတော့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ရပါတယ်။ အခုလို အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း တိုက်ပွဲအတွေ့အကြုံတွေ များလာတဲ့အလျောက် ဒုက္ခတွေကလည်းရောက်တယ်။ နောက်ပြီးတော့ စားဝတ်နေရေးလည်း ဒုက္ခရောက်တယ်။ နောက်ပိုင်း ဘယ်လိုဖြစ်လာလည်းဆိုတော့ တပ်ဖွဲ့ဝင်တွေကလည်း စုစည်းမှုမရှိတော့ဘူး။ စုစည်းမှုမရှိတဲ့အခါကျတော့ အကုန်လုံး လက်ရှိအဖွဲ့လေးနဲ့ တိုင်ပင်ပြီးတော့ အလင်းဝင်ကြမယ်။ တို့တွေရဲ့ အနာဂတ်တွေလည်းပျောက်တယ်။ မိသားစုတွေလည်း စိတ်မအေးရဘူး။ တို့တွေလည်း အသက်ငယ်သေးတယ်ဆိုပြီးတော့ အဲဒီရည်ရွယ်ချက်နဲ့ ကျွန်တော်တို့အဖွဲ့တွေ အားလုံးညီညီညွတ်ညွတ်နဲ့ အလင်းဝင်ခဲ့တယ်။ တပ်မတော်ဘက်ကလည်း နွေးနွေးထွေးထွေးကြိုဆိုတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ အကြမ်းဖက် အဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့လို အလင်းဝင်စေချင်တယ်။ ဒုက္ခတွေ မရောက်စေချင်ပါဘူး။ ကိုယ်ခံစားရတဲ့ ဘဝတွေက ကိုယ်သာအသိဆုံးဖြစ်တာကြောင့် အလင်းဝင်စေချင်ပါတယ်။


၃။      ကျွန်တော့်ရဲ့အသက်က အခုဆို(၅၀)ရှိပါပြီ။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ရတာကတော့ မြဝတီမြို့ KNU တပ်မဟာ(၆) ဗျူဟာ (၂၇) နေရာမှာ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့နေရာမှာ တာဝန် ၆ လ ထမ်းဆောင်ပြီး အခုလိုအလင်းဝင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ဆက်သွယ်ပြီး ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အပြင်မှာ ပြောတဲ့အသံနဲ့ အတွင်းမှာပြောတဲ့အသံနဲ့ ကွဲပြား/မကွဲပြားသိအောင်လို့ ကျွန်တော်တို့ လက်နက်ကိုင်ဆောင်ခြင်းကို လုံးဝနှစ်သက်လိုခြင်း မရှိတဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ အခုလို အလင်းဝင်ရောက်လာခြင်းဖြစ်ပါတယ်။ တပ်ဖွဲ့အသီးသီးမှာ ရောက်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ကျွန်တော်တို့ လက်ရှိအလင်းဝင်ရောက်တဲ့နေရာကတော့ အေးချမ်းစွာ နေထိုင်ရတယ်။ မိသားစုနဲ့ဖြစ်တဲ့အတွက်ကြောင့် တောထဲမှာရှိကြတဲ့ ညီအစ်ကိုမောင်နှမများအားလုံး၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ကို အခုလို နွေးထွေးစွာ လက်တွဲခေါ်ယူတဲ့အတွက်ကြောင့် နိုင်ငံတော်အကြီးအကဲများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ကျွန်တော် ဒီနေရာကနေ ပြောလိုပါတယ်။


 သတင်းစဉ်

No comments

Powered by Blogger.