အီဘိုလာရောဂါကြောင့် လူတစ်ဦးသေဆုံးပြီးနောက် ကင်ညာတွင် သတိပေးချက်ထုတ်ပြန်
အောက်တိုဘာ ၇
ကင်ညာနိုင်ငံတွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ကင်ညာနိုင်ငံသို့ ပြန်လာသူတစ်ဦး အီဘိုလာရောဂါဖြင့် သေဆုံးသွားကြောင်း ကင်ညာကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါကူးစက်ရောဂါဖြစ်ပွားမှုသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပျံ့နှံ့လျက်ရှိသည်ဟု သိရသည်။
ထိုကင်ညာနိုင်ငံသား သေဆုံးသွားကြောင်း ကင်ညာကျန်းမာရေးဝန်ကြီး အာဒန်ဒူလာက ယမန်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ကြေညာခဲ့သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ခုနစ်နှစ်ကြာနေထိုင်ခဲ့သော ယင်းအမျိုးသားသည် လွန်ခဲ့သော တစ်လခန့်က ဖျားနာခဲ့ပြီး အိမ်နီးချင်းယူဂန်ဒါသို့ ကုန်းလမ်းဖြင့် ခရီးသွားကာ ကင်ညာမြို့တော် နိုင်ရိုဘီသို့ လေယာဉ်ဖြင့် သွားရောက်ပြီး ဆေးရုံတွင် ကုသမှုခံယူခဲ့သည်ဟု သိရသည်။
ထိုရောဂါဖြစ်ပွားမှု၏အကြောင်းရင်းဟု ယူဆရသော Bundibugyo ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်အတွက် အတည်ပြုထားသော ကာကွယ်ဆေးများ မရှိသေးကြောင်း ဖော်ပြထားသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ယခုနှစ် မေလမှစ၍ လူပေါင်း ၈၆၀၀ ခန့် ကူးစက်ခံခဲ့ရပြီး ၎င်းတို့အနက် ၄၁၀၀ ကျော် သေဆုံးခဲ့သည်။
ကုလသမဂ္ဂက အဆိုပါရောဂါဖြစ်ပွားမှုသည် အလျင်မြန်ဆုံးပျံ့နှံ့တိုးပွားလာနေသည့် ဖြစ်ပွားမှုဖြစ်ကြောင်း သတိပေးထားသည်။
ကင်ညာကျန်းမာရေးအာဏာပိုင်များသည် ရောဂါပျံ့နှံ့နိုင်ခြေရှိမှုအတွက် သတိပေးချက်များ ထုတ်ပြန်ထားပြီး ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို ရှာဖွေဖော်ထုတ်ရန် လုပ်ဆောင်လျက်ရှိသည်။
ယခုနှစ်အစောပိုင်းတွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ကင်ညာနိုင်ငံကြားတွင် တည်ရှိသော ယူဂန်ဒါနိုင်ငံတွင်လည်း အီဘိုလာဖြစ်ပွားမှုများ ရှိခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments