သီရိလင်္ကာနိုင်ငံ၌ တောရိုင်းတိရစ္ဆာန်များကြောင့် လေယာဉ်ပျံသန်းမှုအပေါ် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ် ကိုင်တွယ်ဖြေရှင်းရေး အမျိုးသားအဆင့်ကော်မတီ ဖွဲ့စည်း

 


ကိုလံဘို      အောက်တိုဘာ     ၂၇

သီရိလင်္ကာနိုင်ငံ၌ လေယာဉ်ပျံသန်းရေးလုပ်ငန်းများအပေါ် တောရိုင်းတိရစ္ဆာန်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် အမျိုးသားအဆင့် ကော်မတီဖွဲ့စည်းခြင်းကို အစိုးရက အောက်တိုဘာ ၂၇ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်

နိုင်ငံတကာလေကြောင်း ဘေးကင်းရေး စည်းမျဉ်းများနှင့်အညီ  ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်။  နိုင်ငံအတွင်းရှိ  လေဆိပ်များနှင့် အနီးတစ်ဝိုက်တွင် တောရိုင်းတိရစ္ဆာန်များ အန္တရာယ်ပေးခြင်း ကို စောင့်ကြည့်စီမံခန့်ခွဲရန် လေကြောင်းလုံခြုံရေးဆိုင်ရာ အမျိုးသားတောရိုင်း တိရစ္ဆာန်အန္တရာယ်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

ဆိပ်ကမ်းနှင့်  မြို့ပြလေကြောင်း သွားလာရေးဆိုင်ရာဝန်ကြီး တင်ပြခဲ့သည့် ၎င်းအဆိုပြုချက်သည် လေယာဉ်များနှင့် တောရိုင်းတိရစ္ဆာန်များ တိုက်မိနိုင်ခြေကို လျှော့ချရန်အတွက် နိုင်ငံအဆင့်  ညှိနှိုင်း ဆောင်ရွက်မှုများ   ပြုလုပ်ရန် အကြံပြုထားသည့် နိုင်ငံတကာအရပ်ဘက်လေကြောင်း  အဖွဲ့အစည်း၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီကြောင်း သိရသည်။ 

နိုင်ငံတကာအရပ်ဘက်လေကြောင်းဆိုင်ရာ ချီကာဂို သဘောတူစာချုပ်တွင်  လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်ခုဖြစ်သည့် သီရိလင်္ကာနိုင်ငံသည် လေဆိပ်များအနီးတွင် တိရစ္ဆာန်များနှင့် လေယာဉ်တိုက်မိမှုများကို မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်း၊ ဖြစ်လာနိုင်သည့် အန္တရာယ်များကို ဖော်ထုတ်ခြင်းနှင့် အန္တရာယ်ဖြစ်နိုင်ခြေများကို  ပုံမှန်အကဲဖြတ်ခြင်းဆိုင်ရာစနစ်များ ထိန်းသိမ်းထားရန်လိုအပ်ကြောင်း သိရသည်။

တာဝန်ရှိသူများအနေဖြင့် တောရိုင်းတိရစ္ဆာန်များ လေယာဉ်များနှင့် တိုက်မိခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို နိုင်ငံတကာ အရပ်ဘက်လေကြောင်း အဖွဲ့အစည်း၏   ငှက်များနှင့်   တိုက်မိမှုဆိုင်ရာ သတင်းအချက်အလက်စနစ်သို့ ပေးပို့ရမည်ဖြစ်ပြီး  ဘေးအန္တရာယ်ဆိုင်ရာ  အကဲဖြတ်မှုများကိုလည်း  အရည်အချင်းပြည့်မီသည့် ဝန်ထမ်းများကသာ ပြုလုပ်ဆောင်ရွက်စေရေးကြီးကြပ်ရမည် ဖြစ်သည်။

စောင့်ကြည့်စစ်ဆေး

အဆိုပါကော်မတီသည် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို  အားကောင်းလာစေရေးနှင့် အရပ်ဘက်လေကြောင်းပျံသန်းမှုအပေါ် သက်ရောက်မှုရှိစေသည့် တောရိုင်းတိရစ္ဆာန်ဆိုင်ရာအန္တရာယ်များ စောင့်ကြည့်စစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းနှင့်  စီမံခန့်ခွဲခြင်းတို့ကို  ချောမွေ့လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။                             

ဆင်ဟွာ

No comments

Powered by Blogger.