မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်အား အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ် ဆီမီးသုံးထောင်၊ ပန်းသုံးထောင်၊ ရေချမ်းသုံးထောင် ကပ်လှူပူဇော်

 


မြိတ် အောက်တိုဘာ ၂၇

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကြီးမှူး၍ သီတင်းကျွတ်လပြည့် ညနေ ၆ နာရီတွင် ဆီမီးသုံးထောင်၊ ပန်းသုံးထောင်၊ ရေချမ်းသုံးထောင်တို့အား ကပ်လှူပူဇော်ကြသည်။

 

ပန်း၊ ရေချမ်း၊ ဆီမီးများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ နှင့်အတူ စေတီတော်အား ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းကြပြီး စေတီပတ်လည်တွင် ဆီမီးများ တစ်ပြိုင်တည်း ထွန်းညှိပူဇော်ကြကာ ဘုရားရင်ပြင်တွင် မီးရှူး၊ မီးပန်းနှင့် မီးပုံးပျံများ လွှတ်တင်ခဲ့ကြသည်။

 

မြိတ်မြို့တွင် သီတင်းကျွတ်လပြည့်နေ့၌ စေတီများ၊ ဘုရား၊ ကျောင်းကန်များတွင် အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းဖြင့် စည်ကားခဲ့ကာ ညချမ်းအချိန် ဆီမီးများ ထွန်းညှိပူဇော် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။ ထို့အတူ နေအိမ်များ၊ လမ်းများတွင် ဆီမီးများထွန်းခြင်း၊ ရောင်စုံမီး အလှဆင်ခြင်းဖြင့် သီတင်းကျွတ်ပွဲတော်ကို နွှဲပျော်ကြသည်။ ကမ်းနားလမ်းတွင် မီးရှူး၊ မီးပန်းများ၊ မီးပုံးပျံများလွှတ်ခြင်းနှင့် ရောင်စုံမီးအလှများ၊ ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေရေး အစီအစဉ်များတွင်လည်း ပြည်သူများပါဝင် လည်ပတ်နွှဲပျော်ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)

No comments

Powered by Blogger.