ပူတာအိုခရိုင် အောင်ချက်မြင့်မားရန် မြို့နယ်အလိုက် စခန်းသွင်းလေ့ကျင့် သင်ကြားခြင်းများအတွက် ငွေကျပ်သိန်း ၁၀၀ မတည်ပံ့ပိုးပေးထား
မြစ်ကြီးနား အောက်တိုဘာ ၅
ယခုနှစ်တွင် Grade-12 ဖြေဆို ကြမည့် ကျောင်းသား ကျောင်းသူ ဦးရေ စုစုပေါင်း ၁၁၃၆ ဦးရှိနေပြီး ပူတာအိုခရိုင် အောင်ချက်မြင့်မားရန် မြို့နယ်အလိုက် စခန်းသွင်း လေ့ကျင့်သင်ကြားခြင်းများ အတွက် ငွေကျပ်သိန်း ၁၀၀ ကို မတည်ပံ့ပိုးပေးထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့တွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ Grade-12 ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
တက်ရောက်
ထို့ပြင် ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့အတူ ပြည်နယ်ပညာရေးမှူး က ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့လေးဖွဲ့၏ အဖွဲ့ခေါင်းဆောင် များထံမှ ပေးပို့လာသော စုပေါင်း သဝဏ်လွှာအား ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ထူးချွန်ဆုရ ဆရာမ တစ်ဦးနှင့် ခေါင်လန်ဖူးမြို့မှ ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ်သို့ ပြောင်းသွားသည့် ဆရာတစ်ဦးအား ချီးမြှင့်ငွေများပေးအပ်သည်။
အလားတူ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ရဝမ်တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပြည်နယ်ပညာရေးမှူးတို့က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ် တမ်းလွှာများကို ပေးအပ်ကြ သည်။
ဆက်လက်၍ လန်းတောင်-၂ ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည့် ဒေသခံ တောင်သူများအား ဆောင်းသီးနှံ ဆီမုန်ညင်းမျိုးစေ့ ပေးအပ်ပွဲသို့ တက်ရောက်အမှာ စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများအတွက် ဆီမုန်ညင်း မျိုးစေ့ ၁၉ တင်း၊ ခြံဝင်းကာရံနိုင်ရေးအတွက် ငွေကျပ်သိန်း ၅၀၊ ဆီမုန်ညင်းစိုက်ပျိုးမည့် တောင်သူများအတွက် ရွက်ဖျန်းမြေသြဇာများကို ထောက်ပံ့ပေးအပ်သည်။
ပြည်နယ်(ပြန်/ဆက်)

No comments