ဆီးချိုရောဂါနှင့် အစားအသောက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အသိပညာပေးဟောပြော
ရန်ကုန် အောက်တိုဘာ
၁၁
ဆီးချိုရောဂါရှိသူများအနေဖြင့်
အစားအသောက်ကို အလွန်အကျွံကန့်သတ်ခြင်း သို့မဟုတ် မိမိနှင့် မသင့်လျော်သော အစားအသောက်ရွေးချယ်မှုများ
ပြုလုပ်ခြင်းအစား မိမိ၏ကျန်းမာရေး အခြေအနေနှင့် ကိုက်ညီသော အစားအသောက်များကို သိရှိရွေးချယ်တတ်စေရန်၊
သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှုအတွက် အထောက်အကူပြုသော နေထိုင်စားသောက်မှု ပုံစံများကို
လက်တွေ့ကျကျ လိုက်နာနိုင်စေရန်နှင့် ဆီးချိုရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများကို လူမှုအသိုင်းအဝိုင်းအတွင်း
ပိုမိုပျံ့နှံ့လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်းနှင့် မြန်မာနိုင်ငံဆီးချိုနှင့်
ဟော်မုန်းရောဂါ အထူးကုဆရာဝန်များ အသင်းတို့မှ ပူးပေါင်းစီစဉ်သည့် “ဆီးချိုရောဂါနှင့်
အစားအသောက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဟောပြောပွဲ”ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ
OKKALA ဆေးရုံ၌ ကျင်းပသည်။
ဟောပြောပွဲတွင်
ဆီးချိုရောဂါဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကုသရမလဲဆိုသည့် အကြောင်းအရာများ၊
ဆီးချိုရောဂါထိန်းသိမ်းရာတွင် အလွန်အရေးကြီးသည့် “အစားအသောက် စားသုံးမှု” အကြောင်း၊
ဆီးချိုရောဂါနှင့် အစားအသောက်တို့၏ ဆက်စပ်မှု၊ အခြေခံအာဟာရဆိုင်ရာ အသိပညာများ၊ နေ့စဉ်ဘဝတွင်
လက်တွေ့အသုံးချနိုင်မည့် အစားအသောက်ရွေးချယ်နည်းများ၊ စားသုံးသင့်သည့် ပမာဏသတ်မှတ်နည်းများနှင့်
အစားအသောက်ထုပ်ပိုးမှုများအပေါ်ရှိ အာဟာရဆိုင်ရာအချက်အလက်များကို ဖတ်ရှုနားလည်နိုင်ရန်
နည်းလမ်းများကို မြန်မာနိုင်ငံ ဆီးချိုနှင့် ဟော်မုန်းရောဂါအထူးကုဆရာဝန်များအသင်း၊
မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါ အသင်းတို့မှ ကျွမ်းကျင်သူများက ရှင်းလင်းပြောကြားကြသည်။
“ဆီးချိုရောဂါဆိုတာ
အခြားရောဂါတွေလို ဆေးပေးလိုက်ရုံနဲ့ ပြီးသွားတာမျိုးမဟုတ်ဘဲ ဝေဒနာရှင်ကိုယ်တိုင် ဘယ်လိုစားသောက်
နေထိုင်ရမလဲဆိုတာကို သိရှိဖို့ အရေးကြီးပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ သတင်းအချက်အလက်
တစ်ဝက်ကျော်လောက်က တကယ့်အစစ်အမှန်သတင်း မဟုတ်ဘူး။ ရောဂါဖြစ်တာနဲ့ မိသားစုထမင်းဝိုင်းမှာ
ဝင်ထိုင်ခွင့်မရှိဘဲ ဘာမှမစားရဆိုပြီး တွေးပူတတ်ကြတယ်။ တချို့ကလည်း ထမင်းမစားနဲ့၊ ချာပါတီစား၊
ဆန်မစားနဲ့ဆိုပြီး အမျိုးမျိုးပြောကြတယ်။ ဆီးချိုဝေဒနာရှင်အတွက် သီးသန့်အိုးခွဲပြီး
ချက်စရာမလိုပါဘူး။ မိသားစုထမင်းဝိုင်းမှာ အတူတူစားသုံးလို့ ရပါတယ်။ ဈေးကြီးပေး သိန်းချီတန်တဲ့
အမှုန့်ဘူးတွေကို ဝယ်သောက်မှပဲ ဆီးချိုကောင်းမှာလားဆိုတဲ့
လွဲချော်တဲ့ အယူအဆတွေ၊ မိသားစုနဲ့အတူတူ စားသုံးနိုင်မယ့် မှန်ကန်တဲ့အစားအသောက် ဗဟုသုတ၊
အသိပညာတွေကို မိမိတို့ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးရင်း မိသားစုနဲ့ မိတ်ဆွေတွေဆီကိုပါ
လက်ဆင့်ကမ်းမျှဝေပေးဖို့ တိုက်တွန်းပါတယ်”ဟု မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုအသင်း
အတွင်းရေးမှူး ပါမောက္ခဒေါက်တာ သိန်းမြင့် က ပြောသည်။
ဟောပြောပွဲတွင်
ဒေါက်တာအေးစိုးထွန်း က “ဆီးချိုရောဂါရှိသူများအတွက် အခြေခံ အာဟာရဗေဒဆိုင်ရာ သိကောင်းစရာများ”
ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာကြာညို စိုးမြင့်က “လက်တွေ့အသုံးချနိုင်သော အစားအစာရွေးချယ်မှု၊
သင့်တင့်သောပမာဏနှင့် အစားအစာ ထုပ်ပိုးမှုအပေါ်ရှိ အာဟာရဆိုင်ရာ အချက်အလက်များ ဖတ်ရှုနားလည်ခြင်း”
ခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေးကြသည်။
အဆိုပါ ပြည်သူလူထုကျန်းမာရေး
အသိပညာမြှင့်တင်ရေး အစီအစဉ်သည် ဆီးချိုရောဂါကို ဆေးဝါးကုသမှုတစ်ခုတည်းသာမက အစားအသောက်၊
ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံတို့သည်လည်း အရေးပါသည့်
အစိတ်အပိုင်းများဖြစ်ကြောင်း ပြည်သူများပိုမိုနားလည် သဘောပေါက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး
ပြည်သူလူထုအတွက် ဆီးချိုပညာပေးရေး အစီအစဉ်များကို နှစ်လတစ်ကြိမ်ပြုလုပ်သွားရန် စီစဉ်ထားကာ
လာမည့်ဒီဇင်ဘာလတွင် ဂရန်းဟံသာဆေးရုံ၌ ကျင်းပသွားမည်ဖြစ်၍ မည်သူမဆို တက်ရောက်နိုင်ကြောင်း
သိရသည်။
သတင်း/ဓာတ်ပုံ
- ကျော်ကြီး

No comments