မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းစီမံကိန်း ပြီးမြောက်အောင်မြင်



နေပြည်တော် အောက်တိုဘာ ၃၀

 

အိန္ဒိယနိုင်ငံ၏ Small Development Projects– SDP အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်က မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ကာလကြာရှည်စွာ တည်ရှိလာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ Small Development Projects – SDP ခေါင်းစဉ် အောက်မှတစ်ဆင့် အကူအညီပေးအပ်ခြင်းသည် ဒေသတွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း၊ ယခုစီမံကိန်းအရ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းသည် လက်တွေ့ကျသော ကူညီမှုဖြစ်ပါကြောင်း၊ ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းတို့ကို အထောက်အကူပြုမည်ဟု မျှော်မှန်းကြောင်း ပြောကြားသည်။

 

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက အိန္ဒိယနိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ လိုအပ်ချက်များနှင့်အညီ ကူညီထောက်ပံ့နိုင်မည့် စီမံကိန်းပုံစံများကို ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်မှုပေးခြင်းသည် ရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနိုင်သည်အထိ ဆောင်ရွက်ရသည့်အတွက် ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူသူများ၏ အကျိုးစီးပွားကို ရှေးရှုသည့်အပြင် အိန္ဒိယနိုင်ငံတွင် ဆောင်ရွက်နေသည့် မူးယစ်ဆေးဝါးကင်းစင်ရေးလှုပ်ရှားမှုနှင့် တိုက်ရိုက်ဆက်စပ်မှုရှိကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုကျယ်ပြန့်စွာ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုပြသကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.