မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးသိုလှောင်ရုံ နှစ်ထပ် အဆောက်အအုံတည်ဆောက်



​မော်လမြိုင် အောက်တိုဘာ ၃၀

 

မွန်ပြည်နယ် မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးနှင့်ဆေးပစ္စည်းများ စနစ်တကျ သိုလှောင်ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆေးသိုလှောင်ရုံနှစ်ထပ် အဆောက်အအုံ တည်ဆောက်လျက်ရှိသည်။

 

ကြည့်ရှုစစ်ဆေး

 

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဆေးသိုလှောင်ရုံ အမြန်ဆုံးပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ခိုင်ခံ့သပ်ရပ်စွာ တည်ဆောက်ရေးတို့နှင့်စပ်လျဉ်း၍ မှာကြားသည်။

 

ဆက်လက်၍ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အဆောက်အဦဦးစီးဌာန အဆောက်အအုံ အထူးအဖွဲ့ (၁၃) က တည်ဆောက်လျက်ရှိသော အမှုထမ်းအိမ်ရာလေးခန်းတွဲ လေးထပ်အိမ်ရာ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

ထို့အတူ မော်လမြိုင်မြို့ ဇေယျာသီရိရဲစခန်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် တပ်ဖွဲ့ဝင် လူပျိုဆောင်အသစ် ဆောက်လုပ်ပြီးစီးမှုနှင့် စခန်းဝင်း ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.