ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် အောက်တိုဘာ
၃၀
နိုင်ငံတော်အစိုးရအနေဖြင့်
ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့်
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပပျောက်စေရေးအတွက်
အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာအပြီးတိုင် လုံးဝပပျောက်သွားစေရေး
ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့်
ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ
ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါ အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို
စနစ်တကျဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့်
ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင် အဆောက်အအုံများအနက် ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့်
၆ ထပ်အဆောက်အအုံ ၁ လုံးအား ယနေ့အထိ ၄၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊
ထပ်မံ၍ ၆ ထပ် အဆောက်အအုံ
တစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာ ယနေ့တွင် ၁၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း
သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေ
ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံးအနက် ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ
၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက် ၄ လုံးတို့အား
ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖြိုချဖျက်ဆီးရန် ကျန်ရှိသည့် အဆောက်အအုံ ၅၅ လုံးကိုလည်း
ဆက်လက်၍ စနစ်တကျ ဖြိုချဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့်
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို
အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက်အလေးထား နှိမ်နင်းလျက်ရှိကြောင်း သတင်းရရှိသည်။
၁၀၀


No comments