ဂါဇာတွင် အစ္စရေး၏ ပစ်ခတ်မှုကြောင့် လေးဦးထပ်မံသေဆုံး
အောက်တိုဘာ ၅
ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသုံးဦး သေဆုံးခဲ့ပြီး အနောက်ဘက်ကမ်းရှိ အစ္စရေးစစ်ဘက်စစ်ဆေးရေးဂိတ်တွင် ထိန်းသိမ်းခံထားရစဉ် ပါလက်စတိုင်းတစ်ဦး သေဆုံးကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
အစ္စရေးဒရုန်းတစ်စင်းသည် ဂါဇာတောင်ပိုင်းရှိ ခန်ယွန်နစ်၏ အနောက်ဘက်ရှိ အယ်လ်-မာဝါစီဒေသရှိ ပါလက်စတိုင်းများစုဝေးရာနေရာသို့ ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအပြီးတွင် ရုပ်အလောင်းတစ်ခုနှင့် ဒဏ်ရာရရှိသူများစွာကို သယ်ဆောင်လာခဲ့ကြောင်း ခန်ယွန်နစ်ရှိ နာဆာဆေးရုံက ပြောကြားခဲ့သည်။
Deir al-Balah တောင်ဘက်ရှိ အရပ်သားယာဉ်တစ်စီးကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ဂါဇာအလယ်ပိုင်း ဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်များက ပြောကြားသည်။
အသက်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးသည် Deir al-Balah တောင်ဘက် Wadi al-Salqa ဒေသရှိ ရွှေ့ပြောင်းနေထိုင်ရာတဲအတွင်း အစ္စရေးစစ်သားများ၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အသက် ၄၅ နှစ်အရွယ် ရာဖတ် အဘူ ခါလီလ်သည် တူလ်ကာမ်မြို့ မြောက်ဘက် အာနက်စစ်ဘက်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရစဉ် သေဆုံးသွားကြောင်း အနောက်ဘက်ကမ်း ပါလက်စတိုင်း လခြမ်းနီအသင်းက ပြောကြားခဲ့သည်။
ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်များမှ ထုတ်ပြန်သော နောက်ဆုံးစာရင်းဇယားများအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ပြီးနောက်ပိုင်း ဂါဇာတွင် ပါလက်စတိုင်း ၁၄၅၄ ဦး သေဆုံးပြီး ၅၀၉၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပဋိပက္ခစတင်ခဲ့ပြီးနောက်ပိုင်း ဂါဇာတွင် စုစုပေါင်း သေဆုံးသူဦးရေ ၇၄၂၃၇ ဦးခန့်ရှိပြီး ၁၇၅၂၀၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments