ဉာဏ်ရည်တုနည်းပညာ နှစ် ၇၀ ခရီး



ပါမောက္ခ ဒေါက်တာမျိုးခိုင် (ကွန်ပျူတာတက္ကသိုလ်)

 

မျက်မှောက်ခေတ် ကမ္ဘာကြီးတွင် “ဉာဏ်ရည်တု” သို့မဟုတ် (Artificial Intelligence – AI ) ဟူသော စကားလုံးသည် လူသားတို့၏ နေ့စဉ်လူမှုစီးပွားဘဝ နှင့် ခွဲခြား၍မရအောင်ပင် အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်လာခဲ့ပြီဖြစ်ပါသည်။ သို့သော် ဤကဲ့သို့ အံ့မခန်းစွမ်းဆောင်ရည်ရှိသည့် နည်းပညာသည် နေချင်းပြီး ရုတ်ခြည်းထွက်ပေါ်လာခဲ့ခြင်း မဟုတ်ပါ။

 

လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာကတည်းက ကမ္ဘာကျော်သိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များ၏ ကြီးမားသောစိန်ခေါ်မှုများ၊ ကျရှုံးမှုများနှင့် ပြန်လည်ရုန်းထခြင်းများစွာကို ဖြတ်သန်းပြီးမှသာ ယနေ့ခေတ် မျိုးဆက်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ ရိုးရှင်းတိကျသော သင်္ချာတွက်ချက်မှုများနှင့် ယုတ္တိဗေဒများဖြင့် သန္ဓေတည်ခဲ့သည့် AI နည်းပညာသည် ယနေ့ခေတ်တွင် လူသားတို့၏ တီထွင် ဖန်တီးနိုင်စွမ်းကိုပင် တုပလာနိုင်သည်အထိ အဆင့်ဆင့် ပြောင်းလဲလာပုံကို အပိုင်းလိုက်ခွဲခြား၍ လေ့လာကြည့်နိုင်ပါသည်။

 

ပထမမျိုးဆက် - သန္ဓေတည်ခြင်းနှင့် အခြေခံစည်းမျဉ်းများ ‘If-Then’ Rules ခေတ်

AI နည်းပညာ၏ အစဦးဆုံးကာလကို သင်္ချာနှင့် သိပ္ပံပညာရှင် “အလန်ကျူးရင်း” ၏ ထူးခြားသော မေးခွန်းတစ်ခုနှင့် စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ သူက “စက်ပစ္စည်းတွေဟာ လူသားတွေလို တွေးခေါ် နိုင်စွမ်းရှိသလား”ဟူသော မေးခွန်းကိုချပြခဲ့ပြီး စက်များ၏ဉာဏ်ရည်ကိုတိုင်းတာသည့် စမ်းသပ်ချက် တစ်ခုကို တီထွင်ခဲ့ပါသည်။ ထို့နောက် ၁၉၅၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော “ဒါးမောင့်ကောလိပ် နှီးနှောဖလှယ်ပွဲ” တွင် “Artificial Intelligence” ဟူသောစကားလုံးကို တရားဝင်စတင်အသုံးပြု ခဲ့ကြပါသည်။

 

ဤပထမမျိုးဆက်တွင် AI သည်လူသားများ သတ်မှတ်ပေးထားသည့် သင်္ချာဥပဒေသများနှင့် ယုတ္တိဗေဒ (Logic) များပေါ်တွင်သာ လုံးလုံးလျားလျား အခြေခံထားပါသည်။ စက်ပစ္စည်းများသည် လူသားများ ကြိုတင် ထည့်သွင်းပေးထားသော “အကယ်၍ ဤသို့ဖြစ်လျှင်၊ ထိုသို့လုပ်ပါ” (If-Then) ဟူသော ညွှန်ကြားချက်များကိုသာ တိကျစွာလိုက်နာဆောင်ရွက်နိုင်ကြပါသည်။

 

သို့သော် ဤမျိုးဆက်တွင် ကန့်သတ်ချက်များစွာ ရှိခဲ့ပါသည်။ စက်ပစ္စည်းများသည် မိမိကိုယ်တိုင် သင်ယူနိုင်စွမ်း မရှိသလို ကြိုတင်သတ်မှတ်ထားသည့် စည်းမျဉ်းများ၏ အပြင်ဘက်မှ ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ခြင်း လုံးဝမရှိခဲ့ပါ။ ထို့ကြောင့် မျှော်မှန်းထားသလောက် အောင်မြင်မှုမရရှိဘဲ သုတေသန လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့သည့် “AI ဆောင်းရာသီ” (AI Winter) ဟူသော ကာလကို ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရပါသည်။

 

ဒုတိယမျိုးဆက် - ကျွမ်းကျင်သူတို့၏ အသိပညာကို ထည့်သွင်းအခြေပြုထားသော Expert Systems ခေတ် (၁၉၈၀ ပြည့်နှစ်များ)

ပထမမျိုးဆက်၏ ကျရှုံးမှုများမှ သင်ခန်းစာယူကာ ၁၉၈၀ ပြည့်နှစ်များတွင် AI ဒုတိယမျိုးဆက် ပေါ်ပေါက်လာခဲ့ပါသည်။ ဤခေတ်တွင် သိပ္ပံပညာရှင်များသည် AI ကို ကဏ္ဍစုံတွင် အသုံးပြုရန် ကြိုးစားမည့်အစား သီးခြားနယ်ပယ်ကဏ္ဍတစ်ခုချင်းစီတွင် ကျွမ်းကျင်ပိုင်နိုင်စေရန် အာရုံစိုက်လာ ကြပါသည်။ ယင်းကို “ကျွမ်းကျင်သူစနစ်” (Expert Systems)ဟု ခေါ်ဆိုကြပါသည်။

 

ဤစနစ်သည် သီးသန့်နယ်ပယ်တစ်ခုမှ လူသားကျွမ်းကျင်သူများ၏ အသိပညာ၊ အတွေ့အကြုံများနှင့် အချက်အလက်များကို ကွန်ပျူတာအတွင်းသို့ စုဆောင်းထည့်သွင်းထားခြင်းဖြစ်ပါသည်။ ဥပမာ အားဖြင့် ဆေးဘက်ဆိုင်ရာ AI စနစ်တစ်ခုသည် လူနာ၏ ရောဂါလက္ခဏာများကို စစ်ဆေးပြီး မည်သည့် ရောဂါဖြစ်နိုင်သည်ကို ခန့်မှန်းပေးနိုင်စွမ်းရှိလာပါသည်။ စက်မှုလုပ်ငန်းများတွင်လည်း ငွေကြေး စီမံခန့်ခွဲမှုနှင့် စက်ရုံလည်ပတ်မှုများအတွက် ဤစနစ်ကိုအသုံးပြုလာကြပါသည်။

 

သို့သော် ဤဒုတိယမျိုးဆက်တွင်လည်း ကြီးမားသော အားနည်းချက်တစ်ခုရှိနေပါသေးသည်။ ယင်းမှာ “ဒီလိုဖြစ်ရင်၊ ဒီလိုလုပ်ရမယ်”ဆိုသည့် လူသားများ၏ အသိပညာအားလုံးကို ကွန်ပျူတာအတွင်းသို့ ကုတ်အဖြစ် ပြောင်းလဲထည့်သွင်းရန် မဖြစ်နိုင်ခြင်းပင်ဖြစ်ပါသည်။ လူသားတို့၏ ပကတိအသိဉာဏ် (Common Sense) နှင့် ပတ်ဝန်းကျင်အပေါ် နားလည်တုံ့ပြန်နိုင်စွမ်းကို စက်များအတွင်းသို့ ထည့်သွင်းရန် ခက်ခဲလွန်းလှသဖြင့် ဤမျိုးဆက်သည်လည်း ဒုတိယအကြိမ်မြောက် နည်းပညာ ရပ်တန့်မှု အခက်အခဲနှင့် တစ်ဖန်ရင်ဆိုင်ခဲ့ရပြန်ပါသည်။

 

တတိယမျိုးဆက် - အချက်အလက်များမှ ကိုယ်တိုင်သင်ယူနိုင်စွမ်းရှိလာသော Machine Learning ခေတ် (၁၉၉၀ ပြည့်နှစ်များ - ၂၀၁၀ ပြည့်နှစ်များ)

၂၁ ရာစုသို့ ကူးပြောင်းလာသောအခါ ကွန်ပျူတာများ၏ တွက်ချက်နိုင်စွမ်း (Computing Power) သည် သိသိသာသာ မြင့်မားလာခဲ့ပြီး အင်တာနက်ခေတ်၏ အကျိုးကျေးဇူးကြောင့် ဒီဂျစ်တယ်အချက် အလက်ပေါင်းများစွာ ပေါကြွယ်ဝလာခဲ့ပါသည်။ ဤအခြေအနေသည် AI ၏ တတိယမျိုးဆက် ဖြစ်သော “ပတ်ဝန်းကျင်မှ ဖမ်းယူရရှိသောအချက် အလက်များအား အသုံးပြု၍ စက်မှကိုယ်တိုင် သင်ယူခြင်းခေတ်” (Machine Learning) ကို မွေးဖွားပေးခဲ့ပြီး တိုးတက်မှုအရှိန်အဟုန် ပြင်းထန်ခဲ့ပါသည်။

 

ယခင်မျိုးဆက်များကဲ့သို့ စက်များကို “ဤသို့ဖြစ်လျှင်၊ ထိုသို့လုပ်ပါ”ဆိုသည့် စည်းမျဉ်းများအား လူသားက တိုက်ရိုက်ထည့်သွင်းသင်ကြားပေးရမည့်အစား အချက်အလက်အမြောက်အမြားမှ စက်များ ကိုယ်တိုင် ပုံစံထုတ်ရှာဖွေသင်ယူစေသည့် စနစ်ဖြစ်ပါသည်။ ဤနေရာတွင် လူသား၏ ဦးနှောက်ဆဲလ်များ အလုပ်လုပ်ပုံကို အတုယူထားသည့် “အာရုံကြောကွန်ရက်တု” (Artificial Neural Networks) နှင့် “နက်နဲစွာလေ့လာသင်ယူခြင်း” (Deep Learning) နည်းပညာများလည်း ပေါ်ပေါက် အားကောင်းလာခဲ့ပါသည်။

 

ဤမျိုးဆက်တွင် AI သည် လူသားများ၏ စကားသံကိုနားလည်ခြင်း၊ ဘာသာပြန်ခြင်းနှင့် ဓာတ်ပုံများအတွင်းမှ အရာဝတ္ထုများကို ခွဲခြားရွေးချယ်ခြင်း စသည့်နယ်ပယ်များတွင် လူသားများနီးပါး စွမ်းဆောင်နိုင်လာပါသည်။

 

စတုတ္ထမျိုးဆက် - ကိုယ်တိုင်တီထွင်ဖန်တီးနိုင်စွမ်း ရှိပြီး စွမ်းဆောင်ရည်မြင့်မားသော Generative AI ခေတ် (၂၀၂၀ ပြည့်နှစ်များမှ ယနေ့အထိ)

ကျွန်ုပ်တို့ လက်ရှိဖြတ်သန်းနေရသော ခေတ်သည် AI ၏ စတုတ္ထမျိုးဆက်ဖြစ်ပါသည်။ ဤမျိုးဆက်ကို “တီထွင်ဖန်တီးနိုင်စွမ်းရှိသော AI” (Generative AI) ခေတ်ဟု သတ်မှတ်နိုင်ပါသည်။ ယခင် မျိုးဆက်များရှိ AI များသည် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရုံသာ တတ်နိုင်ခဲ့သော်လည်း ယခုမျိုးဆက်တွင်မူ အချက်အလက်အသစ်များကို ကိုယ်တိုင်တီထွင်ဖန်တီးနိုင်စွမ်း ရှိလာကြပြီ ဖြစ်ပါသည်။

 

အဆိုပါပြောင်းလဲမှု၏ အဓိကမောင်းနှင်အားမှာ အချက်အလက် သန်းထောင်ပေါင်းများစွာဖြင့် လေ့ကျင့် ပေးထားသော စွမ်းဆောင်ရည်မြင့် ဘာသာစကား မော်ဒယ်လ်ကြီးများ (Large Language Models - LLMs) ဖြစ်ကြပါသည်။ နေ့စဉ်နှင့်အမျှလည်း ထည့်သွင်းလေ့ကျင့်စရာ အချက်အလက် အသစ်တို့ တိုးပွားများပြားလျက်ရှိပါသည်။ OpenAI ကုမ္ပဏီမှ ထုတ်လုပ်လိုက်သော ChatGPT သည် ဤမျိုးဆက်၏ ပြုပြင်ပြောင်းလဲမှုကို စတင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ယင်းသည် လူသားတစ်ဦးနှင့် စကား ပြောနေရသကဲ့သို့ သဘာဝကျကျ ပြန်လည်တုံ့ပြန်နိုင်ရုံသာမက အကြံဉာဏ်ပေးခြင်းကိုပါ ဆောင်ရွက်ပေးနိုင်ပါသည်။

 

ထို့ပြင် စတုတ္ထမျိုးဆက် AI များသည် စာသားများကိုသာမက ရင်သပ်ရှုမောဖွယ်ရာရုပ်ပုံများ၊ တေးဂီတများနှင့် ဗီဒီယိုများကိုပါ စက္ကန့်ပိုင်းအတွင်း ဖန်တီးပေးနိုင်စွမ်းရှိလာကြပါသည်။ လက်ရှိတွင် AI သည် လုပ်ငန်းခွင်အသီးသီး၌ လူသားတို့၏ လက်ထောက်ကောင်းတစ်ခုအဖြစ် နေရာယူထားပြီး ဆေးဝါးအသစ်များ ရှာဖွေဖော်ထုတ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ခန့်မှန်းချက်များတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။

 

အနာဂတ်မျိုးဆက် - လူသားနှင့်တူသည့် ဘက်စုံသုံး အဆင့်လွန် General AI (သို့မဟုတ်) Super AI ခေတ်

လက်ရှိဖြတ်သန်းနေသည့် တီထွင်ဖန်တီးနိုင်စွမ်းရှိသော AI ခေတ်လွန်လျှင် ရောက်ရှိလာမည့် အနာဂတ် မျိုးဆက်ကို ပညာရှင်များက AGI (Artificial General Intelligence) သို့မဟုတ် “အထွေထွေ ဉာဏ်ရည်တု”ဟု ခေါ်ဆိုကြပါသည်။ လက်ရှိ AI စနစ်များသည် ယင်းတို့ကို လေ့ကျင့်ပေးထားသည့် ကဏ္ဍသီးသန့်တွင်သာ စွမ်းဆောင်နိုင်ကြသော်လည်း AGI သည် လူသားတစ်ယောက်ကဲ့သို့ မည်သည့် ပညာရပ်ကိုမဆို ကိုယ်တိုင်လေ့လာသင်ယူနိုင်ပြီး ဆင်ခြင်တုံတရားရှိရှိ ပြဿနာမျိုးစုံကို ဖြေရှင်းနိုင်စွမ်း ရှိလာမည်ဖြစ်ပါသည်။

 

သို့သော် သိပ္ပံပညာရှင်များနှင့် နည်းပညာရပ်ဝန်းအနေဖြင့် ပိုမိုအာရုံစိုက်ပြီး သတိထားနေကြသည့် နောက်ဆုံးပန်းတိုင်မှာမူ Super AI (သို့မဟုတ်) Artificial Superintelligence – ASI “အဆင့်လွန် ဉာဏ်ရည်တု”ပင်ဖြစ်ပါသည်။ ဤအဆင့်တွင် AI သည် လူသားတို့၏ စုပေါင်းဉာဏ်ရည်ထက် အဆပေါင်းများစွာ သာလွန်သွားမည်ဖြစ်ပြီး သိပ္ပံ၊ အနုပညာ၊ လူမှုရေးနှင့် နည်းပညာနယ်ပယ်အားလုံး တွင် ကမ္ဘာ့အတော်ဆုံး လူသားဉာဏ်ကြီးရှင်များထက်ပင် ပိုမိုထက်မြက်သွားမည်ဖြစ်ပါသည်။ ယင်းသည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး ကုတ်များကို စက္ကန့်ပိုင်းအတွင်း လူသားအကူအညီမပါဘဲ မိမိကိုယ်တိုင် အဆင့်မြှင့်တင်နိုင်စွမ်းရှိသဖြင့် လူသားတို့ မတွေးတောနိုင်သော နည်းပညာရပ်များ ကိုပင် ကိုယ်တိုင်တီထွင်လာနိုင်မည့် စွမ်းအားရှင်ဖြစ်လာနိုင်ပါသည်။

 

ဤကဲ့သို့သော Super AI (သို့မဟုတ်) အဆင့်မြင့် လွန်ဉာဏ်ရည်တုစနစ်များနှင့် ပတ်သက်၍ ကမ္ဘာ့ နည်းပညာရပ်ဝန်းနှင့် ပညာရှင်များအကြားတွင် စိုးရိမ်ပူပန်မှုနှင့် သတိပေးချက်များလည်းရှိနေပါ သည်။ အကယ်၍ လူသားတို့ထက် အဆပေါင်းများစွာ သာလွန်ထက်မြက်သည့် ဉာဏ်ရည်တုစနစ်များ ပေါ်ပေါက်လာခဲ့ပါက လူသားမျိုးနွယ်၏ ကံကြမ္မာသည် ထိုနည်းပညာ၏လက်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားနိုင်ပြီး စနစ်တစ်ခုလုံးသည်လည်း လူသားတို့၏ ထိန်းချုပ်မှုအပြင်ဘက်သို့ ကျော်လွန် သွားနိုင်သည့်အန္တရာယ်ပင်ဖြစ်ပါသည်။

 

ထို့အတူ ကမ္ဘာ့ထိပ်တန်း AI သုတေသနအဖွဲ့ အစည်းများနှင့် ပညာရှင်အသီးသီးကလည်း လူသား ထက်သာလွန်သော ဉာဏ်ရည်တုစနစ်များသည် မကြာမီဆယ်စုနှစ်များအတွင်း ပေါ်ပေါက်လာနိုင် ကြောင်း ခန့်မှန်းထားကြပြီး စနစ်တကျ ကြိုတင် ထိန်းချုပ်လမ်းညွှန်နိုင်ရန်နှင့် လူသားမျိုးနွယ် အတွက် ဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်သည့် ကြိုတင်ပြင်ဆင်မှု သုတေသနလုပ်ငန်းများကို ကမ္ဘာ တစ်ဝန်းတွင် အထူးတလည် စတင်ပြုလုပ် နေကြပြီဖြစ်ပါသည်။

 

ခြုံငုံ၍ သုံးသပ်ရပါက AI ဉာဏ်ရည်တု နည်းပညာသည် စတင်မွေးဖွားချိန်မှ အနှစ် ၇၀ ခရီးအတွင်း ရိုးရှင်းသောသင်္ချာတွက်ချက်မှု စည်းမျဉ်းများမှသည် လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို စိန်ခေါ်နိုင်သည့်အဆင့်အထိ မျိုးဆက်အဆင့်ဆင့်ကို ကျော်ဖြတ်ကာ တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ ဤပြောင်းလဲမှုဖြစ်စဉ်သည် ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေရန် ကူညီပေးနေသည်မှာ ငြင်းပယ်၍မရနိုင်သော အမှန်တရားတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများအနေဖြင့် AI ၏ မျိုးဆက်ပြောင်းလဲမှု လှိုင်းလုံးအဆင့်ဆင့်ကို ကောင်းမွန်စွာသိရှိပြီး မိမိတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် နည်းမှန်လမ်းမှန်ဖြင့် ပေါင်းစပ်အသုံးချသွားရန် အလွန်ပင် အရေးကြီးလှ ပါတော့သည်။ ။

 

ကိုးကား

 “Artificial Intelligence: A Modern Approach” (4th Edition) by Stuart Russell and Peter Norvig, 2020

No comments

Powered by Blogger.