ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


 

နေပြည်တော် အောက်တိုဘာ ၅

 

ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော် အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ဦးညိုစောနှင့် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သီးခြားဖိတ်ကြားထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသည် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို ဘဏ္ဍာရေး ကော်မရှင်က အတည်ပြုပေးရန်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ပေးပို့နိုင်ရေး ဆွေးနွေး ဆုံးဖြတ်ကြရန်ဖြစ်ကြောင်း။

 

ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာသက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်းမဖြစ်မနေ ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းများ၊ စီမံကိန်းများအတွက် အသုံးစရိတ်များကို ကျခံသုံးစွဲနိုင်ရန် မူလခွင့်ပြုငွေဖြင့် မလုံလောက်ခြင်း၊ မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲရန် မဖြစ်နိုင်ခြင်း၊ “အထွေထွေ ပိုလျှံရန်ပုံငွေ” (GRF) မှ လွှဲပြောင်းကျခံ သုံးစွဲရန်မဖြစ်နိုင်ခြင်း စသည့်အခြေအနေများကြောင့် အသားတင် ထပ်မံလိုအပ်လာသည့်ငွေကိုသာ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် စိစစ်ခွင့်ပြုခြင်းဖြစ်ကြောင်း။

 

ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံလိုအပ်လာသည့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေး အသုံးစရိတ်များ၊ ပြည်ပအကူအညီ၊ ချေးယူရငွေများနှင့် ဆက်နွှယ်သည့် အသုံးစရိတ်များ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေ မလုံလောက်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်မူဝါဒ၊ လမ်းညွှန်ချက်အရ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းသစ်များနှင့် လုပ်ငန်းသစ်များအတွက် အသုံးစရိတ်များကို အဓိကထားပြီး ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံထားသည်ကို တွေ့ရကြောင်း။

 

ဖြည့်စွက်ခွင့်ပြုငွေကို ပြည်ထောင်စု လွှတ်တော်က နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်း ပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်ပြီး ဖြည့်စွက်ခွင့်ပြုငွေ သုံးစွဲနိုင်မည့်ကာလမှာလည်း (၄) လခန့်သာ ရှိသည့်အတွက် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် အလေးထားမှာ ကြားလိုကြောင်း။

 

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသောနိုင်ငံဖြစ်သည့်အတွက် လယ်ယာထွက်ကုန်မှ တန်ဖိုးမြှင့် ထုတ်ကုန်၊ MSME လုပ်ငန်းများမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်စျေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် “လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ပြီးခဲ့သည့်လကကျင်းပခဲ့ကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အကြံပြုချက်၊ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် လုပ်ငန်းစီမံချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည့် မူဝါဒနှင့် Action Plan များအဖြစ် ပြောင်းလဲပြီး Agro-based Industries ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရ မည်လည်းဖြစ်ကြောင်း။

 

“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့်အတိုင်း စိုက်ပျိုးမွေးမြူ ရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း များ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများ နှင့် ဒေသတွင်းနိုင်ငံများ၏ စျေးကွက် လိုအပ်ချက်ကိုပြည့်မီအောင် တင်ပို့နိုင်မည် ဆိုပါက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း။

 

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် လူသားအရင်းအမြစ်သည် အဓိက အကျဆုံးဖြစ်သည့်အတွက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကဏ္ဍမှာလည်း KG+9 အဆင့်ထိ အားလုံးသင်ယူနိုင်ကြရန် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

 

ပညာရေးကဏ္ဍနှင့်အတူ ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးကိုလည်း ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ “လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့် ခံယူချက်ဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ထိရောက် သည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း။

 

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်မှ တွန်းအားပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အသုံးစရိတ်များ၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ပေါ်ပေါက်လာရေး အတွက် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အသုံးစရိတ်များ၊ လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များ အပါအဝင် အခြားကဏ္ဍများတွင်လည်း အသုံးစရိတ်များကို လိုအပ်ချက်နှင့်အညီ နှစ်စဉ်ခွင့်ပြုပေးလျက်ရှိကြောင်း။

 

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုပေးထားသည့် ရန်ပုံငွေများနှင့် ယခုထပ်မံခွင့်ပြုမည့် ဖြည့်စွက်ခွင့်ပြုငွေများကို အကျိုးရှိ ထိရောက်စွာဖြင့် အလေအလွင့်မရှိအောင် စိစစ်သုံးစွဲကြရန်လိုကြောင်း။

 

ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူးရှင်းလင်းတင်ပြမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ထိုသို့ တောင်းခံမှုအပါအဝင် ရငွေ၊ သုံးငွေပြောင်းလဲမှုအရ ပြန်လည်ရေးဆွဲထားသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များကို ထပ်မံထောက်ပံ့ပေးရမည့် ထောက်ပံ့ငွေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ဝိုင်းဝန်း ဆွေးနွေးအတည်ပြုပေးကြရန် ပြောကြား လိုကြောင်း ပြောကြားသည်။

 

ထို့နောက်ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစောက ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြမှုအခြေအနေ၊ ဖြည့်စွက်ခွင့်ပြုငွေ များကို စိစစ်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ငွေလုံးငွေရင်း အသုံးစရိတ်အပိုင်းတွင် နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်အရ ယခုဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများ အတွက် အသုံးစရိတ်များ၊ လွှတ်တော်ကတိကဝတ် ပြုခဲ့သည့် ကိစ္စရပ်များအတွက် အသုံးစရိတ်များ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေမလုံလောက်သည့် လုပ်ငန်းများ၊ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ထပ်မံရရှိရန် သေချာပြီး ဘဏ္ဍာရေးနှစ်အတွင်း အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အသုံးစရိတ်များကို ဦးစားပေးစိစစ်၍ ခွင့်ပြုပေးခဲ့မှု အခြေအနေ၊ ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံမှုများမှ ပိုလျှံငွေအပ်နှံမှုများစွာ မရှိစေရန်၊ ဘတ်ဂျက်ခန့်မှန်းမှု အားကောင်းလာစေရန်အတွက် အချို့သော ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများ အား မူလခွင့်ပြုငွေအတွင်း ပိုလျှံသောခေါင်းစဉ်များမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ အထွေထွေ ပိုလျှံငွေ (GRF) သို့ အပ်နှံပြီး ပြန်လည်သုံးစွဲခြင်းတို့ကို ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေအပါအဝင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြုထောက်ခံပေးနိုင်ရန် ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ စိစစ်ပြီး ပြည်ထောင်စုမှ ထောက်ပံ့ပေးရမည့် ထောက်ပံ့ငွေများနှင့် စပ်လျဉ်း၍ သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ ကြွေးမြီအသုံးစရိတ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများနှင့် စိစစ်ခွင့်ပြုပေးခဲ့မှု အခြေအနေများနှင့် တိုင်းဒေသကြီးနှင့်  ပြည်နယ်များ၏၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ငွေစာရင်းနှင့်ပြုပြင်ပြီး ခန့်မှန်းခြေငွေ စာရင်းအရ ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ပေးရမည့် ဘဏ္ဍာငွေများအား ဘဏ္ဍာရေးကော်မရှင်က ဆွေးနွေး အတည်ပြုပေးနိုင်ရန် ဆွေးနွေးတင်ပြသည်။

 

ဆက်လက်၍ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းစိစစ်ပြီးစီးမှုအခြေအနေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ စိစစ်ပြီးစီးမှု အခြေအနေ၊ ပြည်ထောင်စု၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မူလခန့်မှန်း ခြေငွေစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း၊ နိုင်ငံပိုင် နိုင်ငံခြားငွေအခြေအနေနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တို့ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သီတာဦးက ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ထောက်ခံမှုအခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်အရ အနာဂတ်ကာလတွင် ဆောင် ရွက်သင့်သည့် အချက်များကိုလည်း ကောင်း အကြံပြုဆွေးနွေးတင်ပြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တင်ပြကြသည်။

 

တင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ရငွေအပိုင်းတွင် နိုင်ငံတော်မှ အခွန်အခများ ပိုမိုရရှိစေရေးအတွက် အခွန်ငွေကို တိုးမြှင့်ကောက်ခံခြင်းထက် အမှန်တကယ်ကောက်ခံရရှိရမည့် အခွန်ငွေများကို အပြည့်အဝမှန်မှန်ကန်ကန် ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ စိစစ်ဆောင်ရွက် ကောက်ခံသွားကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် လိုအပ်သည့်ဘဏ္ဍာငွေများကို အပြည့်အဝ ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ အလားတူရငွေများ ပိုမိုတိုးတက်ရရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ မိမိတို့ဒေသအလိုက် ဒေသ၏အားသာချက်များကို အသုံးချ၍ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးအောင်လည်း အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဘဏ္ဍာငွေများ သုံးစွဲရာတွင်လည်း နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိသည့် သုံးစွဲမှုများဖြစ်စေရေးနှင့် မကုန်သင့်သည့် နေရာများတွင် အပိုသုံးစွဲမှုမဖြစ်စေရေး စနစ်တကျ စိစစ်သုံးစွဲသွားကြရန်လိုကြောင်း ဖြည့်စွက်ပြောကြားသည်။

 

ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ယနေ့ဘဏ္ဍာ ရေးကော်မရှင် အစည်းအဝေးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုစာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များကို ထောက်ပံ့ပေးရမည့်ငွေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ ကို ဆွေးနွေးအတည်ပြုပြီးဖြစ်ကြောင်း၊ ဆွေးနွေး အတည်ပြုထားသည့်အတိုင်း ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး အခြေခံ အုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားကဏ္ဍများကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန် အစား ထိုးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်တန်ဖိုး မြှင့်ကုန်ထုတ်လုပ်ငန်း၊ Agro-based Industries များနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြား လိုကြောင်း။

 

မြန်မာနိုင်ငံအတွက် လယ်ယာကဏ္ဍသည် စားရေရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အခြေခံအကျဆုံး ကဏ္ဍဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်နှင့် ပြည်သူ့ဝင်ငွေတိုးတက်လာကာ GDP မြင့်မား လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍ မြှင့်တင်ရေးသည် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးတို့အတွက် အရေးကြီးသည့် ပထမ ခြေလှမ်းဖြစ်ကြောင်း။

 

နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လမ်းပန်း ဆက်သွယ် ရေး ကောင်းမွန်မှုသည်လည်း အလွန်အရေးကြီးသည့် မောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊ “လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှ စီးပွားရေးဖွံ့ဖြိုးမည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူများသွားလာမှု ပိုမို မြန်ဆန်စွာချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် ကုန်းလမ်း၊ ရထားလမ်းနှင့် ရေကြောင်းလမ်း၊ လေကြောင်းလမ်း ပို့ဆောင်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီ အဆင့်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရေး သဘာဝဘေး အန္တရာယ်နှင့် ပဋိပက္ခများကြောင့် ပျက်စီးခဲ့ရသည့် လမ်း၊ တံတား၊ အခြေခံအဆောက်အအုံများကို လည်း အမြန်ဆုံးပြန်လည် ထူထောင်ပေးလျက်ရှိကြောင်း။

 

နိုင်ငံတော်အနေဖြင့် အဓိကကျသည့် ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍနှင့် အားကစားကဏ္ဍတို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထားဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေများကို နှစ်စဉ်တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း။

 

ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဖြည့်စွက် ခွင့်ပြုငွေ တင်ပြချိန်တွင် ရငွေတိုးမြှင့်ရရှိသည့်ဌာနများရှိသကဲ့သို့ ရငွေလျော့နည်းသွားသည့် ဌာနများရှိ ကြောင်း၊ ရငွေများကို လျာထားသည့်အတိုင်း အပြည့်အဝကောက်ခံရရှိရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုကြောင်း။

 

ယခုခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများအပါအဝင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လျာထား ခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်ဝစွာ အချိန်မီပြီးစီးစေရေး အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အလေအလွင့်မရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် သုံးစွဲမှုများကိုလည်း စနစ်တကျ စာရင်းစစ်ဆေးမှု ခံယူနိုင်ကြရန်လည်း သတိပေးမှာကြားလိုကြောင်း။

 

ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်း အသုံးစရိတ်များကို စနစ်တကျအကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲကြရန်၊ လုပ်ငန်းကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ပိုလျှံငွေအများအပြား ပြန်လည် အပ်နှံရမှု မဖြစ်စေရေးကို အထူးဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.