အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာအသင်း ဂူအမ်ကို ကိုးဂိုးပြတ်အနိုင်ယူ

 


ရန်ကုန်     အောက်တိုဘာ     ၅

မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ်   လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလား ယူ-၁၇  အမျိုးသမီးခြေစစ်ပွဲ  အုပ်စု(G)   ပထမ နေ့ကို အောက်တိုဘာ ၅ ရက်က စတင်ပြုလုပ်ရာ မြန်မာအသင်းက ဂူအမ်အသင်းကို ကိုးဂိုးပြတ် အနိုင်ရရှိသည်။

မြန်မာအသင်းသည်  အဖွင့်ပွဲတွင်  ကိုးဂိုးပြတ်အနိုင်ရခဲ့သဖြင့် ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက်ပိုကောင်းလာပြီး ဟောင်ကောင်အသင်းနှင့် အဆုံးအဖြတ်ကစားရမည်ဖြစ်သည်။ ဂူအမ်အသင်း၏ ခြေစွမ်းကြောင့် မြန်မာအသင်းအနေဖြင့် အိမ်ကွင်း၌ တစ်ဖက်သတ်နီးပါး ဖိကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးရရန် ရုန်းကန်ခဲ့ရသော်လည်း မိနစ် ၃၀ တွင် အဖွင့်ဂိုး ရပြီးနောက်  ဂိုးများဆက်တိုက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၇ အသင်း ပွဲထွက်လူစာရင်းတွင် ကျော့ကေခိုင် (ဂိုး)၊ မြတ်မိုးစံ၊ ကေသွယ်ငြိမ်း၊ နန်းမျိုးသူသူအောင်၊ စန်းစန်းထွေး၊ ရှင်းသန့်ဖြူစင်ပြုံး၊ နန်းခမ်ဟွမ်၊ ရီရီဖြိုး၊ ဝင်းရူပါ၊ ဟန်နီဖူးဝေ၊ သက်သက်ဝေတို့ ပါဝင်ခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက ဖိကစားနိုင်သော်လည်း တိုက်စစ်တွင် အချိတ်အဆက်လွဲချော်နေခြင်း၊  အဆုံးသတ်အားနည်းခြင်းတို့ကြောင့် ဂိုးရရန်  ရုန်းကန်ခဲ့ရသည်။   မိနစ် ၃၀ တွင် ဝင်းရူပါ၏ ဂိုးဖြင့် မြန်မာအသင်း အဖွင့်ဂိုးရခဲ့ပြီး ၄၁ မိနစ်တွင် နန်းခမ်ဟွမ်၊ ၄၃ မိနစ်တွင် ဟန်နီဖူးဝေတို့က ဂိုးများထပ်မံသွင်းယူသဖြင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်းက သုံးဂိုးပြတ်ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ၅၁၊ ၅၃၊ ၇၁ မိနစ်တွင် ဝင်းရူပါ၊ ၅၈ မိနစ်တွင် ဆောင်းသဇင်ဦး၊ မိနစ် ၆၀ တွင် ရှင်းသန့်ဖြူစင်ပြုံး၊ ၆၂ မိနစ်တွင် နေမျိုးသူသူအောင်တို့က အနိုင်ဂိုးများ ထပ်မံသွင်းယူကာ ကိုးဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းပါဝင်သော အုပ်စု(G) တွင် သုံးသင်းသာပါဝင်သဖြင့် တစ်နေ့တစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး ဒုတိယပွဲအဖြစ် အောက်တိုဘာ ၈ ရက်တွင် ဟောင်ကောင်အသင်းနှင့် ဂူအမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။   မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၁၁ ရက်တွင် ဟောင်ကောင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                                            

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF

No comments

Powered by Blogger.