FIFA ASEAN Cup 2026 ပြိုင်ပွဲ Division 1 ထိုင်းနှင့် အင်ဒိုနီးရှားအသင်း ဗိုလ်လုပွဲကစားမည်



ရန်ကုန် အောက်တိုဘာ ၂

FIFA ASEAN Cup 2026 ပြိုင်ပွဲ Division 1 အုပ်စု(B) ပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယနေ့ညနေပိုင်းက အင်ဒိုနီးရှား နိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။


အဆိုပါပွဲစဉ်တွင် ထိုင်းနည်းပြ အန်ထိုနီဟတ်ဆန်က ကစားသမားကိုးဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး ဖိလစ်ပိုင်နည်းပြကားလ်စ် ကွာဒရပ်ကလည်း ခုနစ်ဦးအထိပြောင်းလဲ ကစားခဲ့ကြသည်။ ဖိလစ်ပိုင်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃ မိနစ်တွင် ခရစ္စတန်ဆန်က သွင်းယူပေးခဲ့သည်။ ထိုင်းအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၅၅ မိနစ်တွင် အစ်ကလပ်စ်ဆန်ရွန်က ပင်နယ်တီဧရိယာထိပ်မှ အပိုင်ကန်သွင်းယူပေးခဲ့သည်။ ပွဲချိန် ၆၈ မိနစ်တွင် ဖိလစ်ပိုင်အသင်း အတွက် အနိုင်ဂိုးကို ခရစ္စတန်ဆန်ကပင် ထပ်မံသွင်းယူပေးခဲ့သဖြင့် ပွဲပြီးချိန်တွင် ထိုင်းအသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် Division 1 အုပ်စု(B) နောက်ထပ် ပွဲစဉ်တစ်ပွဲ၌ ဗီယက်နမ်အသင်းက ပါကစ္စတန်အသင်းကို လေးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပါကစ္စတန်အတွက် ဦးဆောင် ဂိုးများကို ပွဲချိန် ၃၁ မိနစ်တွင် မိုဟစ်ဘ်အူလာနှင့် ၈၈ မိနစ်တွင် ကာလင်အူလာတို့က သွင်းယူ ပေးခဲ့ပြီး ဗီယက်နမ်အသင်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးများ ကို ပွဲချိန်မိနစ် ၅၀ တွင် ဟိုင်လောင် ငုယင်၊ ၅၇ မိနစ်တွင် ဟွမ်ဒတ် ငုယင်၊ မိနစ် ၈၀ တွင် ဒင်ဘက် ငုယင်နှင့် နာကျင်အချိန်ပို (၉၀+၁)မိနစ်တွင် မင်ဟွမ်ဝီလျံစ်တို့က အသီးသီးသွင်းယူပေးခဲ့ကာ ပွဲပြီးဆုံးချိန်တွင် ဗီယက်နမ်အသင်းက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


Division 1 အုပ်စုပွဲစဉ်များ အပြီးတွင် အုပ်စု(A) ပထမ အင်ဒိုနီးရှားအသင်းနှင့် အုပ်စု(B) ပထမ ထိုင်းအသင်းတို့ အောက်တိုဘာ ၅ ရက်တွင် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး တတိယနေရာလုပွဲအဖြစ် အုပ်စု(A) ဒုတိယမလေးရှားအသင်းနှင့် အုပ်စု(B) ဒုတိယဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အလားတူအောက်တိုဘာ ၃ ရက်တွင် Division 2 အုပ်စု(A) ပထမ ဟောင်ကောင်နှင့် အုပ်စု(B) ပထမ ကမ္ဘောဒီးယားအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-AFF

No comments

Powered by Blogger.