M League 2026 U20 ပြိုင်ပွဲ ရတနာပုံအသင်းအနိုင်ရရှိပြီး သစ္စာအားမာန်နှင့် ဒဂုံစတားယူနိုက်တက် သရေကျ



ရန်ကုန် အောက်တိုဘာ ၂

M League 2026 U20 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၇) နောက်ဆုံးပွဲစဉ်များကို ယနေ့ ညနေပိုင်းက ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ရတနာပုံအသင်းက ISPE အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး သစ္စာအားမာန်နှင့် ဒဂုံစတားယူနိုက်တက်အသင်း ပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီဖြင့် အမှတ်ခွဲယူခဲ့ကြသည်။


ဗဟန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အဆင့်(၅)နေရာမှ ရတနာပုံအသင်းနှင့် အဆင့်(၁)နေရာမှ ISPE အသင်း ပွဲစဉ်သည် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုများဖြင့် အကြိတ်အနယ်ရှိခဲ့သည်။ ရတနာပုံအသင်းသည် နောက်ဆုံးကစားခဲ့သည့်ပွဲတွင် မြဝတီအသင်းကို အနိုင်ရထားသလို ယခုပွဲစဉ်တွင်လည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲချိန် ၁၈၊ ၄၄၊ ၇၀ မိနစ်တို့တွင် တိုက်စစ်မှူး ပြည့်ဖြိုးအောင်၏ ဟတ်ထရစ်ဂိုးများဖြင့် ISPE အသင်းကို အနိုင်ရရှိခဲ့သည်။


ဇယားထိပ်ဆုံးမှ ISPE အသင်းသည် ချေပဂိုးနှင့် အနိုင်ဂိုးများပြန်လည်ရှိရေး ထိုးဖောက်ကစားခဲ့ပြီး ပွဲချိန် (၄၅+၁)မိနစ်တွင် ကောင်းခန့်ကျော်နှင့် (၉၀+၁) မိနစ်တွင် မင်းကိုခန့်တို့က တစ်ဂိုးစီသွင်းယူခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ရတနာပုံအသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။


YUSC ကွင်း၌ကစားခဲ့သည့် သစ္စာအားမာန်နှင့် ဒဂုံစတားယူနိုက်တက်အသင်း ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးကို စိုင်းခန့်မှူးက ပွဲချိန် ၅၆ မိနစ်တွင် သွင်းယူပေးခဲ့သော်လည်း သစ္စာအားမာန် အသင်းမှ မျိုးမင်းခန့်က ပွဲချိန် ၆၁ မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျကာ အမှတ်ခွဲယူခဲ့ကြသည်။


ပွဲစဉ်(၁၇)အပြီးတွင် ISPE အသင်းက ရမှတ် ၄၁ မှတ်ဖြင့် အဆင့်(၁)နေရာကို ဆက်လက်ရယူထားနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၃၉ မှတ်ဖြင့် ဒုတိယနှင့် ရှမ်းယူနိုက်အသင်းက ရမှတ် ၃၂ မှတ်ဖြင့် အဆင့်(၃)နေရာတွင် အသီးသီးရပ်တည်လျက်ရှိသည်။

နေမျိုး၊ ဓာတ်ပုံ-ML

No comments

Powered by Blogger.