M League 2026-2027 ပြိုင်ပွဲ ဝင်းနိုင်ထွန်း၏ သွင်းဂိုးများဖြင့် ရန်ကုန်စီးတီးအသင်းအနိုင်ရ
ရန်ကုန် အောက်တိုဘာ ၁၇
Grand Royal M League 2026-2027 အပတ်စဉ်(၄) ဒုတိယနေ့ပွဲစဉ်အဖြစ် ယနေ့ ညနေ ၃ နာရီခွဲက သီဟဒီပကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်စီးတီးအသင်းက ချင်းလန်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ခဲ့သည်။
ယနေ့ပွဲစဉ်သည် ပြည်တွင်း၊ ပြည်ပ ကစား သမားများဖြင့် စုစည်းမှုကောင်းမွန်သည့် ချင်းလန်းအသင်းနှင့် ရန်ကုန်ဒါဘီပွဲစဉ်တွင် အနိုင်ရရှိထားသည့် ရန်ကုန်စီးတီးအသင်းတို့ တွေ့ဆုံခြင်းဖြစ်ပြီး ပွဲစသည်နှင့် နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ ပွဲချိန် ၁၉ မိနစ်တွင် ဝင်းနိုင်ထွန်းက ရန်ကုန်စီးတီးအသင်း အတွက် ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့သော်လည်း ပထမပိုင်း နာကျင်အချိန်ပို ၄၅+၄ မိနစ်တွင် ချင်းလန်းအသင်းမှ Van Hming Chuang က ချေပဂိုးသွင်းယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၈၂ မိနစ်တွင် ရန်ကုန်စီးတီးအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးသွင်းယူပေးခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ချင်းလန်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ AYA Pay Player of the Match ဆုကို ရန်ကုန်စီးတီးအသင်းခေါင်းဆောင် ဝင်းနိုင်ထွန်းက ရရှိခဲ့သည်။
အပတ်စဉ်(၄) တတိယနေ့ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၈ ရက်တွင် ဟံသာဝတီယူနိုက် တက်နှင့် ရတနာပုံ(ပဲခူးကွင်း)၊ စစ်ကိုင်းယူနိုက်တက်နှင့် ဒဂုံစတားယူနိုက်တက်အသင်း (စတားစီးတီးကွင်း)တို့ ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-ML

No comments