M League II ပြိုင်ပွဲ ခန့်သူလင်း၏ တစ်လုံးတည်းသောဂိုးဖြင့် ရခိုင်ယူနိုက်တက်အနိုင်ရ



ရန်ကုန် အောက်တိုဘာ ၁၇

M League II 2026-2027 ပြိုင်ပွဲ အပတ်စဉ် (၁) လက်ကျန်ပွဲစဉ်အဖြစ် ယနေ့ ညနေ ၃ နာရီခွဲက တက္ကသိုလ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရခိုင်ယူနိုက်တက်အသင်းက Junior Lions အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ရာသီအစကို ရလဒ်ကောင်းဖြင့် စတင်နိုင်ခဲ့သည်။


အဆိုပါပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို ပွဲချိန် ၃၁ မိနစ်တွင် တိုက်စစ်မှူး ခန့်သူလင်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ လူငယ်ကစား သမားများဖြင့် ဖွဲ့စည်းထားသည့် Junior Lions အသင်းသည် လူငယ်များ အတွေ့အကြုံရရှိစေရန် M League II ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ယခုပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းကို ယှဉ်ပြိုင်ကစားနိုင်ခဲ့ သော်လည်း ပွဲပြီးဆုံးချိန်တွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခုပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းမှ ခန့်သူလင်းက အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သောကြောင့် AYA Pay Player of the Match ဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။


အပတ်စဉ်(၁) ပြိုင်ပွဲများအပြီးတွင် ရာမညယူနိုက်တက်၊ တက္ကသိုလ်အသင်း၊ VUE နေပြည်တော်အသင်း၊ ရွိုင်ရယ်ဒဂုံနှင့် ရခိုင်ယူနိုက်တက်အသင်းတို့က ရမှတ် သုံးမှတ်စီရရှိထားပြီး Asia Lion အသင်း၊ Elite Kings အသင်း၊ မနောအသင်း၊ Enjoy Brother အသင်းနှင့် Junior Lions အသင်းတို့က ရမှတ်မရရှိသေးပေ။

နေမျိုး၊ ဓာတ်ပုံ-MLII

No comments

Powered by Blogger.