M-League ပြိုင်ပွဲ ပွဲစဉ် ၄ အပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်း ဆက်လက်ဦးဆောင်

 


ရန်ကုန် အောက်တိုဘာ ၁၈

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့က အဓိကပံ့ပိုးကူညီသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ် ၄ နောက်ဆုံး နေ့ကို အောက်တိုဘာ ၁၈ ရက်က ဆက်လက်ကျင်းပရာ  ဒဂုံစတားယူနိုက်တက်အသင်း ဆက်လက် ဦးဆောင်ပြီး ဟံသာဝတီယူနိုက်တက်အသင်း ပထမဆုံးနိုင်ပွဲရရှိသည်။ 

သန်လျင်စတားစီးတီးကွင်း၌   ကျင်းပသည့်ပွဲတွင်   ဒဂုံစတားယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် တစ်ကျော့ပြန် နိုင်ပွဲနှင့်အတူ ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ နှစ်သင်းစလုံး အပြန်အလှန်သွင်းဂိုးများဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဒဂုံစတားယူနိုက်တက်အသင်းသည် နှစ်ဂိုးပြတ် ဦးဆောင်ပြီးမှ ဂိုးများပြန်ပေးရသဖြင့် သရေကျခဲ့သော်လည်း ပွဲပြီးခါနီးဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဒဂုံစတားယူနိုက်တက်အသင်းအတွက် ဂိုးများကို ၁၀ မိနစ်တွင် ပက်ထရစ်၊ ၅၄ မိနစ်တွင် အီဒီရမ်၊ ၈၈ မိနစ်တွင် သီဟဇော်၊ ၉၀+၃ မိနစ်တွင် ရန်ကျော်ထွေးက သွင်းယူပြီး စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ဂိုးများကို  ၆၄  မိနစ်တွင်  ကောင်းဇေယျာလင်းက တစ်ဂိုးသွင်းယူပြီး ကျန်တစ်ဂိုးမှာ ဒဂုံစတားအသင်းမှ ဝေယံလင်းသူ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ဒဂုံစတားယူနိုက်တက်အသင်းခေါင်းဆောင် သီဟဇော်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်းရရှိသည်။

ပဲခူး Grand Royal ကွင်း၌ကျင်းပသည့် ပွဲတွင်  ဟံသာဝတီယူနိုက်တက်အသင်းက ရတနာပုံအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ သုံးပွဲဆက်နိုင်ပွဲပျောက်ထားသည့် ဟံသာဝတီယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ နိုင်ပွဲစတင်ရရှိခဲ့ပြီး ရတနာပုံအသင်းမှာမူ ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ဟံသာဝတီယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၈၁ မိနစ်တွင် ဝင်းမိုးကျော်က သွင်းယူခဲ့သည်။ ယခုပွဲအတွက်  AYA Pay Player of the Match ဆုကို ဟံသာဝတီယူနိုက်တက် ဂိုးသမား  အောင်ပြည့်ဖြိုးက  အမှတ်တရဆုနှင့်  ဆုကြေးငွေကျပ်  ၁၀ သိန်း ရရှိသည်။

ပွဲစဉ်(၄)အပြီးတွင်  ဒဂုံစတားယူနိုက်တက်အသင်းက ၁၀ မှတ်၊ ရန်ကုန်စီးတီးအသင်းက ရှစ်မှတ်၊ ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းက ခုနစ်မှတ်စီ၊ ရန်ကုန်ယူနိုက်တက်အသင်းက ခြောက်မှတ်၊ သစ္စာအားမာန်အသင်းက ငါးမှတ်၊ စစ်ကိုင်းယူနိုက်တက်၊ အား/ကာသိပ္ပံနှင့် ဟံသာဝတီယူနိုက်တက်အသင်းက လေးမှတ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းက သုံးမှတ်၊ Chinland အသင်းနှင့် မြဝတီအသင်းက တစ်မှတ်စီရရှိထားသည်။ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Challenge League ပြိုင်ပွဲ အုပ်စုပွဲယှဉ်ပြိုင်နေရသဖြင့် ပွဲစဉ်(၄)မှ ဧရာဝတီယူနိုက်တက်-ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်-မြဝတီပွဲကို ရွှေ့ဆိုင်းထားသဖြင့် ယင်းလေးသင်းမှာ သုံးပွဲစီသာ ကစားရသေးသည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - M-League

No comments

Powered by Blogger.