မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ ယနေ့ စတင်ကျင်းပမည်

 


ရန်ကုန်   အောက်တိုဘာ   ၁၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ကို အောက်တိုဘာ ၁၉ ရက်တွင်  စတင်ကျင်းပမည် ဖြစ်သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များမှာ သြဂုတ် ၁၀ ရက်တွင် ပြီးဆုံးခဲ့ပြီး   မြန်မာ့လက်ရွေးစင်အသင်းနှင့် လူငယ်လက်ရွေးစင် အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများ၊ မြန်မာ အမျိုးသမီးလိဂ်ကလပ် ဧရာဝတီအသင်း၏ အာရှ အမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲကြောင့် နှစ်လကျော်ကြာမှ ဒုတိယအကျော့ ပြန်လည်ကျင်းပခြင်းဖြစ် သည်။ ဒုတိယအကျော့ပွဲစဉ်များကို အောက်တိုဘာ ၁၉ ရက်မှ ဇန်နဝါရီ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ YUSC ကွင်း၊ Star City ကွင်း၊ ပဒေသာကွင်း၊ မန္တလေးမြို့ရှိ ဗထူး ကွင်းတို့၌ ပြုလုပ်မည်ဖြစ်သည်။ ရတနာပုံအသင်း သည် ဒုတိယအကျော့ပွဲစဉ်များအနက် အိမ်ကွင်း နှစ်ပွဲကို မန္တလေးမြို့ရှိ ဗထူးကွင်း၌ လက်ခံကျင်းပမည် ဖြစ်သလို ရန်ကုန်စီးတီးအသင်းမှာလည်း ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာကွင်း၌  အိမ်ကွင်းပွဲများ လက်ခံကျင်းပမည်ဖြစ်သည်။ ဒုတိယအကျော့အဖွင့်ရက်သတ္တပတ်ဖြစ်သည့်  ပွဲစဉ် ၁၀ ကို အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်တွင်  Star City ကွင်း၌ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်း၊ YUSC ကွင်း၌  ရန်ကုန်ယူနိုက်တက်အသင်းနှင့်   ရှမ်းယူနိုက်တက်အသင်း၊ အောက်တိုဘာ ၂၀ ရက်တွင် ပဒေသာကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့်  အား/ကာသိပ္ပံအသင်း၊ပဒုမ္မာကွင်း၌  သစ္စာအားမာန်အသင်းနှင့် မြဝတီအသင်း၊  အောက်တိုဘာ ၂၁ ရက်တွင်   ပဒုမ္မာကွင်း၌    ဇွဲကပင်ယူနိုက်တက်အသင်းနှင့် Young Lionesses အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ပထမအကျော့အပြီးတွင် အား/ကာသိပ္ပံအသင်းက ရာသီဝက်ချန်ပီယံအသင်းအဖြစ် ရပ်တည်နေပြီး အား/ကာသိပ္ပံ အသင်းက ၂၅ မှတ်၊ ဧရာဝတီအသင်းက ၂၂ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၁၉ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၇ မှတ်၊ သစ္စာအားမာန်အသင်းက ၁၆ မှတ်၊ ရတနာပုံအသင်းက ၁၁ မှတ်၊ မြဝတီအသင်းက ကိုးမှတ်၊ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် Young Lionesses အသင်းက ခြောက်မှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းသည် ကိုးပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MWL

No comments

Powered by Blogger.