MSMEs များ စဉ်ဆက်မပြတ်တိုးတက်မှုနည်းလမ်းများ အပိုင်း (၂)



ဒေါက်တာမောင်အောင်

 

မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) စဉ်ဆက်မပြတ် တိုးတက်လာ စေရေး အတွက် ပို့ကုန်ကိုဦးတည်သည့် MSMEs များဖြစ်လာစေရန် အဓိကရည်မှန်းပြီး ကျင့်ဝတ်ပိုင်း၊ အရည်အသွေးပိုင်း၊ ဘေးကင်းလုံခြုံမှုအပိုင်း စသည့်အပိုင်း များတွင် ပြင်ဆင်နိုင်ရေးနှင့် နိုင်ငံတကာရောင်းချနိုင်သည့် MSMEs များ ပိုမိုထွန်းကား လာစေရန် အပိုင်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုအပိုင်း (၂) တွင် MSMEs အပါအဝင် စီးပွားရေး လုပ်ငန်းများအတွက် တိုးတက်မှုနည်းလမ်းများစွာရှိသည့်အနက် အခြေခံအကျဆုံးနည်းလမ်းများကို ဖော်ပြမည်ဖြစ်ပြီး ယေဘုယျအားဖြင့် သမားရိုးကျတိုးတက်မှုနည်းလမ်းများနှင့် ခေတ်သစ်တိုးတက်မှု နည်းလမ်းများ ဟူ၍ ခွဲခြားဖော်ပြပါသည်။

 

MSMEs အခြေခံတိုးတက်မှုနည်းလမ်းများသမားရိုးကျနည်းလမ်းများ

MSMEs အပါအဝင် စီးပွားရေးလုပ်ငန်းများအတွက် ကျမ်းရိုး ဘောဂဗေဒပညာရှင်များ ဖော်ထုတ်ခဲ့သည့် နှိုင်းယှဉ်အကျိုးကျေးဇူးသဘောတရားအရထုတ်လုပ်မှုကို စရိတ်အသက်သာဆုံးနှင့် ထုတ်လုပ် နိုင်လျှင် ထုတ်ကုန်တန်ဖိုးတိုးမြှင့်နိုင်မည်ဖြစ်သည်။

 

တစ်ဆက်တည်းမှာပင် ထုတ်လုပ်မှုစရိတ်သက်သာရေးအတွက် မိမိတွင်ပေါပေါများများရှိသည့် ထုတ်လုပ်မှု အင်အားစုများဖြစ်ကြသော မြေယာ၊ လုပ်သား၊ အရင်းအနှီး အနည်း/ အများအပေါ် မူတည်ပြီး ပေါများစွာရှိသည့် ထုတ်လုပ်မှုအင်အားစုကို ဇောက်ချအသုံးပြုထုတ်လုပ် မည်ဆိုလျှင် စီးပွားရေး လုပ်ငန်းများ၊ နိုင်ငံများအနေဖြင့် စရိတ်သက်သာမှုကြောင့် ထုတ်ကုန်တန်ဖိုးတိုးတက်စေပြီး ယှဉ်ပြိုင်နိုင်သည့် စွမ်းအားကို မြင့်တက်စေမည်။ စရိတ်သက်သာမှုကို အခြေပြုသည့် နှိုင်းယှဉ် အကျိုးကျေးဇူးသဘောတရားသည် ကျမ်းရိုးခေတ်မှစ၍ ယနေ့ခေတ်သစ်ကာလများအထိ စီးပွားရေး လုပ်ငန်းတိုင်း၊ နိုင်ငံတိုင်း အတွက် အခြေခံအကျဆုံးတိုးတက်မှုနည်းလမ်းဖြစ်နေပြီး နည်းပညာများ တိုးတက်လာမှုကြောင့်လည်း ပို၍ကျယ်ပြန့်လာနေပြီဖြစ်သည်။

 

ဆိုလိုသည်မှာ ယခင်ကထုတ်လုပ်မှုအင်အားစုဟုဆိုလျှင် မြေယာ၊ လုပ်သား၊ အရင်းအနှီးက အကျုံး ဝင်ခဲ့သော်လည်း ယခုအခါတွင်မူ နိုင်ငံကပိုင်ဆိုင်သည့် မြေယာဆိုလျှင် မြေပေါ်မြေအောက် သဘာဝ သယံဇာတအရင်းအမြစ်များ၊ လူ့စွမ်းအားဆိုလျှင် အရေအတွက်ထက် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်၊ အရင်းအနှီးဟုဆိုလျှင် လည်း ထုတ်လုပ်မှုအခြေပြုရင်းနှီးမြှုပ်နှံမှုများ စသည်တို့က တိုးတက်မှုကို ပို၍ထင်ဟပ်စေပါသည်။ ထို့အပြင် နိုင်ငံကပိုင်ဆိုင်သည့် ရေထု၊ လေထု၊ နေထုတို့မှာလည်း ယခင်ကထုတ်လုပ်မှုအင်အားစုဟု မသတ်မှတ်သော်လည်း နည်းပညာတိုးတက် လာမှုကြောင့် အဆိုပါအရင်းအမြစ်များက ခေတ်သစ်တွင် ထုတ်လုပ်မှုအင်အားစုများဖြစ်လာ၍ နိုင်ငံ အရွယ်အစားကြီးလေ နှိုင်းယှဉ်အကျိုးကျေးဇူးများလေဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှတွင် ကုန်းမြေတစ်ဆက်တည်း အကျယ်ဝန်းဆုံးနိုင်ငံ ဖြစ်သည့်အတွက် အခြားနိုင်ငံများထက် သဘာဝအရင်းအမြစ်များကပေးသည့် နှိုင်းယှဉ်အကျိုးကျေးဇူး များသည့်အတွက် နိုင်ငံအတွက်လည်းကောင်း၊ MSMEs အပါအဝင် စီးပွားရေးလုပ်ငန်းများ အတွက်လည်းကောင်း၊ တိုးတက်မှုအခွင့်အလမ်း ပို၍များပေသည်။

 

မြေအရင်းအမြစ် ပေါများသဖြင့် စိုက်ပျိုးရေးအတွက်လည်းကောင်း၊ သစ်တောနှင့် သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်ရေးအတွက်လည်းကောင်း၊ မြေရှားအပါအဝင် မြေအခြေပြုထုတ်လုပ်မှု လုပ်ငန်းများအတွက်လည်းကောင်း စသည်ဖြင့် အမျိုးမျိုးအသုံးပြုနိုင်ပေသည်။ ထို့အတူ ပေါများစွာ ရှိသည့် ရေအရင်းအမြစ်များကို စီးပွားရေး အကျိုးရှိစေရန် “စိုက်ပျိုးရေ” အဖြစ်အသုံးပြုခြင်း၊ သောက်သုံးရေအပါအဝင် ရေအသုံးပြုခြင်း စသည်ဖြင့်လည်းကောင်း၊ လေထုကိုအသုံးပြု၍ ရေတင်ခြင်းလုပ်ငန်း၊ လျှပ်စစ်ရအောင်စီမံခြင်းဖြင့်လည်းကောင်း၊ နေရောင်ခြည်အသုံးပြု၍ ဆိုလာစွမ်းအင်နှင့် အခြားထုတ်လုပ်မှုများ လုပ်ဆောင်နိုင်ခြင်းသည်လည်းကောင်း စသည်တို့မှာ ပေါများစွာရှိသည့် သဘာဝအရင်းအမြစ်များကို ထုတ်လုပ်မှုစွမ်းအား ရှိသည့် အရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲအသုံးချခြင်းဖြစ်သည်။

 

ဤသို့ ပြုလုပ်နိုင်ခြင်းမှာလည်း နှိုင်းယှဉ်ထုတ်လုပ်မှုစရိတ် သက်သာမှုကိုအခြေပြုသည့်အတွက် နှိုင်းယှဉ် အကျိုးကျေးဇူးပင်ဖြစ်သည်။ သတိပြုရမည်မှာ နှိုင်းယှဉ်အကျိုးကျေးဇူးသဘောတရားက နိုင်ငံ့ အရွယ်အစားကြီးမားမှုကြောင့် နိုင်ငံအတွက်လည်းကောင်း၊ MSMEs အပါအဝင် စီးပွားရေးလုပ်ငန်းများ အတွက်လည်းကောင်း ကြီးမားသည့်အခွင့်အလမ်းများဖြစ်သော်လည်း ယင်းတို့ကို ထုတ်ယူ သုံးစွဲမှု မပြုလုပ်နိုင်လျှင် စီးပွားရေးအရ အကျိုးကျေးဇူးမရှိသည့် ကုန်စည်များအဖြစ်ရှိနေမည်ဖြစ်ပြီး ထုတ်ယူ အသုံးပြုနိုင်မှသာ စီးပွားရေးအကျိုးကျေးဇူးရှိသည့် ကုန်စည်များ ဖြစ်လာပေမည်။ ဆိုလိုသည်မှာ နှိုင်းယှဉ်အကျိုးကျေးဇူးအရ အခွင့်အလမ်းကောင်းများကို လက်တွေ့ထုတ်ယူအသုံးပြုနိုင်သော စွမ်းဆောင်ရည် ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာစေရန် ကြိုးစားရမည့်အချိန်ဖြစ်သည်။

 

ဒုတိယနည်းလမ်းမှာ ထုတ်လုပ်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှု စွမ်းအားကိုမြှင့်တင်ခြင်းဖြင့်လည်း လုပ်ငန်းများ၏ တိုးတက်မှုကို ဖော်ဆောင်ခြင်းဖြစ်သည်။ ထုတ်လုပ်မှုစွမ်းအား တိုးတက်မှုကို ပြဋ္ဌာန်း သည့်အချက်များတွင် အဓိကထုတ်လုပ်မှုအင်အားစုများမှာ လုပ်သားအပါအဝင် စက်ကိရိယာများ၊ နည်းပညာများစသည်တို့ဖြစ်ပြီး လုပ်သားများ၏ ကြိုးစားအားထုတ်မှုနှင့် ကျွမ်းကျင်မှုတိုးတက်လေ လုပ်ငန်း၏ ထုတ်လုပ်မှုစွမ်းအားတိုးတက်လေဖြစ်သည်။

 

ထို့အတူ အသုံးပြုသည့် စက်ကိရိယာများ၏ ခေတ်မီတိုးတက်ခြင်း၊ နည်းပညာသစ်များအသုံးပြုနိုင်၊ ပိုမိုအသုံးပြုနိုင်ခြင်း စသည့်အချက်များသည်လည်း လုပ်ငန်း၏တိုးတက်မှုစွမ်းအားကို မြှင့်တင်ပေးလေ့ ရှိသည်။ ထို့အတွက် လုပ်ငန်းတွင်အသုံးပြုသည့် စုစုပေါင်းသွင်းအားစုများ၏ ထုတ်လုပ်မှုစွမ်းအား မြင့်တက်လေ၊ ထုတ်လုပ်မှုစွမ်းအား မြင့်တက်လေဖြစ်သည်။ အမြင်သာဆုံးအချက်မှာ လုပ်သား၏ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ခြင်းသည် ပေါ်လွင်ထင်ရှားသည့်အတွက် လုပ်သားများ၏ စွမ်းဆောင်ရည် မြင့်တက်နိုင်ရန်လုပ်ငန်းများက အထူးပြုလုပ်ဆောင်လေ့ရှိသည်။

 

တတိယနည်းလမ်းမှာ ထုတ်လုပ်မှုလုပ်ငန်းများ၏ တိုးတက်မှုကို လုပ်ငန်းအရွယ်အစား တိုးချဲ့ခြင်း အားဖြင့် တိုးတက်မှုဖော်ဆောင်လေ့ရှိသည်။ မြင်သာသည့်အချက်မှာ မိမိတွင်ရှိသည့် အရင်းအနှီး အနည်းငယ်ဖြင့် မိသားစုလုပ်အားကိုအခြေပြုပြီး လုပ်ငန်းစတင်လုပ်ဆောင်သည့် အသေးစား လုပ်ငန်းသည် အရွယ်အစားအားဖြင့် အသေးငယ်ဆုံးဖြစ်ပြီး လုပ်ငန်းအရှိန်ရလာ၍ ထုတ်လုပ်မှု တိုးချဲ့နိုင်မှုမှတစ်ဆင့် မိသားစုလုပ်အားသာမက လုပ်သားများ ငှားရမ်းအသုံပြုမှုနှင့် လုပ်ငန်း လည်ပတ်ငွေများ အသင့်အတင့်ရှိလာပြီဆိုလျှင် အဆိုပါလုပ်ငန်း အရွယ်အစားမှာလည်း ယခင်ကထက် ကြီးလာသည့် အငယ်စားလုပ်ငန်း ဖြစ်လာမှု၊ ထိုမှတစ်ဆင့် အလတ်စားလုပ်ငန်းများ၊ အကြီးစား လုပ်ငန်းများ၊ နောက်တစ်ဆင့်အနေဖြင့် ပြည်တွင်း၌သာမက နိုင်ငံတကာ ဖြန့်ကြက်လုပ်ဆောင်မှု စသည်ဖြင့် လုပ်ငန်းအရွယ်အစားကြီးမားလာလျှင် လုပ်ငန်း တိုးတက်လာမည်ဖြစ်သည်။

 

လုပ်ငန်းအရွယ်အစားနှင့်ဆက်စပ်နေသည့်အချက်မှာ ဈေးကွက်ရရှိနိုင်မှုဖြစ်သည်။ အသေးစားလုပ်ငန်း ဖြစ်လျှင် မိမိပတ်ဝန်းကျင် အနီးအနားဈေးကွက်တွင်သာ ရောင်းချလေ့ရှိပြီး အငယ်စားဖြစ်လာခဲ့လျှင် အနီးအနားဈေးများသာမက ဒေသတွင်းဈေးကွက်များကို ရောင်းချမှု၊ ထိုမှတစ်ဆင့် အလတ်စား လုပ်ငန်းဖြစ်လျှင် ပြည်တွင်းဈေးကွက်၊ အကြီးစားလုပ်ငန်းဆိုလျှင် ပြည်တွင်းဈေးကွက်တွင်သာမက နိုင်ငံတကာ ဈေးကွက်များအထိ ရောင်းချနိုင်သည့်အတွက် MSMEs အပါအဝင် စီးပွားရေး လုပ်ငန်းများ၏ ဈေးကွက်ဦးတည်ချက်နှင့် ဈေးကွက်ရရှိမှုတို့ကလည်း လုပ်ငန်း၏တိုးတက်မှုကို ထင်ဟပ်ပါသည်။

 

သမားရိုးကျ စတုတ္ထနည်းလမ်းမှာ ထုတ်ကုန်၏ အရည်အသွေးကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းဖြင့်လည်း ထုတ်ကုန်တန်ဖိုးကို မြင့်တက်စေသည့် နည်းလမ်းဖြစ်သည်။ အရည်အသွေး မှန်ကန်မှုက အခြေခံဖြစ်ပြီး လယ်ယာစားသောက်ကုန်များဖြစ်လျှင် လတ်ဆတ်မှု၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဓာတုဆေးဝါးကင်းစင်မှု၊ သေသပ်သည့်ထုပ်ပိုးမှု၊ ဆိုင်များတွင်ရောင်းချသည့် ကုန်ပစ္စည်း များဖြစ်လျှင် ပြည့်စုံမှန်ကန်သည့် ကုန်ပစ္စည်းအညွှန်းဖော်ပြမှု စသည်တို့နှင့် ပြည့်စုံရမည် ဖြစ်သည်။

 

အကယ်၍ မိမိထုတ်ကုန်များ၏ အရည်အသွေးပိုင်းကောင်းမွန် မှန်ကန်မှုကို စားသုံးသူများက အသိအမှတ်ပြု လက်ခံလာပြီဆိုလျှင် ထုတ်ကုန်၏ နာမည်ကောင်းရှိလာပြီဖြစ်၍ အဆိုပါကုန်စည်များ အတွက် ဝယ်လိုအားနှင့်ဈေးနှုန်းကိုပါ တိုးမြှင့်ပေးနိုင်မှုကြောင့် လုပ်ငန်းများ တိုးတက်အောင်မြင်လေ့ ရှိသည်။ နာမည်ကောင်းတည်ဆောက်နိုင်ရန်အတွက် အရည်အသွေး ကောင်းမွန်မှန်ကန်သည့်အပြင် အရည်အသွေး တစ်သမတ်တည်းရှိမှု၊ ထုတ်ကုန်၏ ပေါ်လွင်ထင်ရှားမှု၊ အခြားထုတ်ကုန်များနှင့် ခြားနားသည့် ဂုဏ်အင်လက္ခဏာများရှိမှသာလျှင် နာမည်ကောင်းရရှိနိုင်မည်ဖြစ်သည်။ ထို့အတွက် လည်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် အကောင်းဆုံးနည်းလမ်း တစ်ခုမှာ မိမိထုတ်ကုန်အရည်အသွေး အစဉ်တိုးတက်စေရန် ကြိုးစားလုပ်ဆောင်ခြင်းပင်ဖြစ်သည်။

 

ပဉ္စမနည်းလမ်း - ခေတ်သစ်နည်းလမ်းများ

MSMEs အပါအဝင် စီးပွားရေးလုပ်ငန်းများတိုးတက်မှုတွင် ယခင်သမားရိုးကျနည်းလမ်းများထက် သိသိသာသာ ပြောင်းလဲတိုးတက်လာသည့် နည်းလမ်းများပေါ်ထွက်ခဲ့သည်။ ဆိုလိုသည်မှာ ၁၉၇၀ ပြည့်နှစ်များနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် တတိယစက်မှုတော်လှန်ရေးတွင် နည်းပညာပြောင်းလဲ တိုးတက်မှုများကြောင့် စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှု နည်းလမ်းသစ်များပေါ်ထွက်ခဲ့သည်။ အထင်ရှားဆုံးမှာ ပဉ္စမနည်းလမ်းဖြစ်သည့် စီးပွားရေးလုပ်ငန်းများ ထုတ်လုပ်ရောင်းချရာတွင် တန်ဖိုးမြှင့် ဖန်တီးနိုင်မှုနည်းလမ်းဖြစ်သည်။

 

တစ်နည်းအားဖြင့်ဆိုလျှင် ပြုံးနေသည့် တန်ဖိုးမြှင့်ဖန်တီးနိုင်မှု မျဉ်းကွေးကို ဖော်ဆောင်ခြင်းဖြစ်သည်။ ဤနည်းလမ်းကို စီးပွားရေး လုပ်ငန်းတိုင်း ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံးမှုရှိသည်။ မိမိ ထုတ်ကုန်နှင့်ပတ်သက်၍ ထုတ်လုပ်မှုမပြုမီအပိုင်းတွင် ပြုလုပ်သည့် သုတေသန၊ ဒီဇိုင်းနှင့် အနည်းဆုံး သယ်ယူထောက်ပံ့စရိတ်များ လုပ်ဆောင်ခြင်းဖြင့် ထုတ်ကုန်တန်ဖိုးသိသိသာသာ တိုးတက် လာစေသည်။ အရေးအပါဆုံးမှာ သုတေသနနှင့် ဖွံ့ဖြိုးမှု များများလုပ်ဆောင် နိုင်လေလေ ထုတ်ကုန်တန်ဖိုးမြင့်တက်မှုများလေဖြစ်သည်။

 

ထို့အပြင် ထုတ်ကုန်နှင့်ပတ်သက်၍ ဆွဲဆောင်မှုရှိသည့် ဒီဇိုင်းပုံစံအမျိုးမျိုး ဆန်းသစ်တီထွင် နိုင်ခြင်းသည် ဒုတိယထုတ်ကုန်တန်ဖိုး အများဆုံးဖြစ်စေပြီး ကုန်ကြမ်းများနှင့် သွင်းအားစုများရယူရာ တွင်လည်း သယ်ယူထောက်ပံ့စရိတ်အနည်းဆုံးဖြစ်အောင် စီမံခြင်းဖြင့်ထုတ်ကုန်တန်ဖိုးကို မြင့်တက် စေသည်။ ကုန်ထုတ်လုပ်မှုပြုလုပ်တော့မည်ဆိုလျှင် ပျမ်းမျှစရိတ် အနည်းဆုံးအဆင့် ရောက်သည် အထိ တိုးချဲ့ထုတ်လုပ်ခြင်းဖြင့် ထုတ်ကုန်တန်ဖိုးမြင့်တက်စေသည်။ တစ်ဆက်တည်းမှာပင် ထုတ်လုပ်ပြီးကုန်စည်များ ဈေးကွက်သို့ ဖြန့်ဖြူး ရောင်းချမှုအပိုင်းတွင်လည်း ထုတ်ကုန်တန်ဖိုး အများဆုံး မြင့်တက်စေသည့်နည်းလမ်းမှာ ရောင်းချပြီးကုန်စည်များနှင့် ပတ်သက်၍ပေးသည့် ဝန်ဆောင်မှု လုပ်ဆောင်နိုင်လေ ထုတ်ကုန်တန်ဖိုးမြင့်တက် လေဖြစ်သည်။

 

ဆိုလိုသည်မှာ မိမိထုတ်ကုန်နှင့်ပတ်သက်၍ ချို့ယွင်းချက်၊ အားနည်းချက်များရှိလျှင် အခမဲ့ပြုပြင် ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း စသည့်ဝန်ဆောင်မှုများပေးခြင်းဖြစ်သည်။ ဒုတိယတန်ဖိုး မြင့်တက်မှု အများဆုံးမှာ မိမိထုတ်ကုန်ကို အများသိရှိစေရန် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ဒီဂျစ်တယ်နည်းပညာအသုံးပြု နည်းလမ်းများ လုပ်ဆောင်နိုင်လေ တန်ဖိုးတက်လေဖြစ်သည်။ ထို့အတူ ထုတ်ကုန်များဈေးကွက်ဖြန့်ဖြူးရောင်းချရာတွင်လည်း သယ်ပို့ထောက်ပံ့ စရိတ်အနည်းဆုံးဖြစ်စေရန် စီမံခြင်းဖြင့် ထုတ်ကုန်တန်ဖိုးတိုးတက် စေပါသည်။

 

အကျဉ်းချုံး၍ဆိုရသော် ဤနည်းလမ်းသည် MSMEs များ အပါအဝင်လုပ်ငန်းတိုင်းအတွက် အထူးအရေးပါသည့် တိုးတက်မှု နည်းလမ်းအဖြစ် သတ်မှတ်ထားသော်လည်း မြန်မာ့ MSMEs များ အနေဖြင့်မူ ထုတ်ကုန်နှင့်ပတ်သက်၍ ပြုလုပ်ရမည့် သုတေသနပြုလုပ်မှုနှင့် ထုတ်လုပ် ရောင်းချပြီးပေးသည့် ဝန်ဆောင်မှုအပိုင်းတို့တွင် အားနည်းနေသေးကြောင်း တွေ့ရသည်။ သို့ဖြစ်၍ MSMEs များ အနေဖြင့် စဉ်ဆက်မပြတ် တိုးတက်မှုဖော်ဆောင်နိုင်ရေးအတွက် အဆိုပါနှစ်ချက်ကို ပို၍အလေးထားလုပ်ဆောင်ရတော့မည့် အချိန် ဖြစ်ပါသည်။

 

ဆဋ္ဌမနည်းလမ်းမှာ ယှဉ်ပြိုင်နိုင်မှုအကျိုးကျေးဇူးပင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း နိုင်ငံတကာလုပ်ငန်းကြီး များ၏ ထုတ်ကုန်များသည် နည်းပညာအသစ်များ၊ ဒီဇိုင်းအသစ်များ၊ စွမ်းဆောင်ရည် ပိုမိုကောင်းလာမှုများ စသည်တို့ကိုအခြေပြုပြီး အစဉ်အလာအရ စရိတ်သက်သာမှု ကို ဦးစားမပေးဘဲ စွမ်းဆောင်ရည်အမြင့်ဆုံးနဲ့ ဆွဲဆောင်မှုအပြည့်အဝ ရှိသည့် ကုန်စည်အသစ်များဖြင့် ဈေးကွက်များတွင် ထိုးဖောက် အောင်မြင်လာမှုကို ယှဉ်ပြိုင်နိုင်မှု အကျိုးကျေးဇူးသဘောတရားအရ ထုတ်ကုန်တန်ဖိုး သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။

 

သတိပြုရမည့်အချက်မှာ မြန်မာ့ MSMEs များအနေဖြင့် ယှဉ်ပြိုင်နိုင်မှု အကျိုးကျေးဇူးသဘောတရားကို လိုက်နာကျင့်သုံးရန် မလွယ်ကူသေးသည့် အခြေအနေဖြစ်ပြီး နိုင်ငံတကာကုန်စည်အများစုကသာ ဤနည်းလမ်းကို လက်တွေ့ကျင့်သုံးကြသည်။

 

 သတ္တမနည်းလမ်းမှာ (business 4.0) ပုံစံသစ်ကြောင့် ထုတ်ကုန်တန်ဖိုး သိသိသာသာ တိုးတက်လာသည့် နည်းလမ်းဖြစ်သည်။ ယခု မျက်မှောက်ကာလများတွင် စက်မှုတော်လှန်ရေး IR 4.0 နှင့် (business 4.0- digitalization) ခေတ်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ဒီဂျစ်တယ်နည်းပညာများဖြစ်သည့် IoT -internet of things ၊ အလိုအလျောက်စက်များဖြင့် machine learning၊ မြန်နှုန်း မြှင့် 5G၊ ဉာဏ်ရည်တုနည်းပညာ၊ အနုစိတ်နာနိုနည်းပညာများ အသုံးပြု လာမှုကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်တက် လာသည့်အတွက် ထုတ်လုပ်မှုစွမ်းအားတက်လာသလို စရိတ်လျော့နည်းလာခြင်း နှင့် စွန့်စားမှု နည်းလာခြင်း စသည့်ကောင်းကျိုးများ ရှိလာပြီဖြစ်သည်။

 

တစ်ဖက်တွင်လည်း ဆိုရှယ်မီဒီယာများ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာသည့်အတွက် ထုတ်ကုန်များနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှုများ ယခင်ကထက်ပိုရှိလာပြီဖြစ်သည်။ business 4.0 ခေတ်တွင် ယခင်အသုံးပြုခဲ့သည့် ထုတ်လုပ်မှုတွင် စရိတ်အနည်းဆုံး ထုတ်လုပ်မှုအဆင့်နှင့် အုံနှင့်ကျင်းနှင့် အများအပြားထုတ်လုပ်မှု၊ စားသုံးသူဝန်ဆောင်မှုပေးခြင်း ဆိုသည့် အချက်များ တွင်လည်း အပြောင်းအလဲများစွာရှိလာနေပြီဖြစ်သည်။

 

ထုတ်လုပ်မှုပုံစံအသစ်တွင် အုံနှင့်ကျင်းနှင့် ထုတ်လုပ်မှုထက် ဝယ်သူအများဆုံးတောင်းဆိုနေသည့် ကုန်စည်များကို ရွေးချယ်ထုတ်လုပ် ရောင်းချသည့်ပုံစံ ထွန်းကားလာပြီဖြစ်သည်။ ကုန်စည် ရောင်းချမှု ပုံစံထက် စားသုံးသူများ၏ ကြိုက်နှစ်သက်မှုကို အများဆုံးဖြည့်စွမ်းပေးသည့် ဝန်ဆောင်မှုဖြင့် ရောင်းချခြင်းဖြစ်ပြီး ယခင်ကထက် စားသုံးသူတစ်ဦးချင်းစီ၏ ကြိုက်နှစ်သက်မှုကို ဖြည့်စွမ်းနိုင်ရေး အတွက် Mass Personalization ထုတ်လုပ်မှုကို ဆောင်ရွက်လာမှုကြောင့် လုပ်ငန်းများ ပိုမိုတိုးတက် လာသလို စားသုံးသူများ၏ လိုအင် ဆန္ဒကိုလည်း ပိုမိုဖြည့်စွမ်းလာနိုင်ပြီဖြစ်သည်။

 

ဖွံ့ဖြိုးပြီးနိုင်ငံ၏ လုပ်ငန်းများတွင် အလိုအလျောက်စက်များ၊ AI ဉာဏ်ရည်တုနည်းပညာများ အသုံးပြုပြီး သတင်းအချက်အလက်များ ရယူမှု၊ ကြိုတင်ခန့်မှန်းမှုများ၊ မြန်ဆန်သည့်ထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့် စားသုံးသူဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုပြုလုပ်လာနိုင်ပြီ ဖြစ်သည်။ မြန်မာ့ MSMEs များအပါအဝင် မြန်မာ့စီးပွားရေးလုပ်ငန်း များအနေဖြင့် AI နှင့် ဒီဂျစ်တယ်နည်းပညာများ အသုံးချမှု အပိုင်းတွင် အကန့်အသတ်များရှိနေသေးသော်လည်း AI နည်းပညာအသုံးပြုပြီး သတင်း အချက်အလက်များ ရယူခြင်း၊ မိမိထုတ်လုပ်မှုလုပ်ငန်းများ နှင့်ပတ်သက်၍ ခန့်မှန်း တွက်ချက်ခြင်းများဖြင့် တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။

 

ခြုံ၍ပြောမည်ဆိုလျှင် ယနေ့ခေတ်ထုတ်လုပ်မှုလုပ်ငန်းများ အနေဖြင့် စားသုံးသူများနှင့် အနီးကပ် ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်နိုင်မှသာ မိမိလုပ်ငန်းပိုမိုအောင်မြင် တိုးတက်နိုင်မည်ဖြစ်သည်။ ထို့အတွက် MSMEs များအပါအဝင် စီးပွားရေးလုပ်ငန်းများအတွက် တိုးတက်နိုင်မှုနည်းလမ်းများအနက် နောက်ဆုံးနည်းလမ်းနှစ်ခုကို လိုက်နာကျင့်သုံးရန် အကန့်အသတ်များရှိနေသော်လည်း ကျန်သည့် နည်းလမ်းများကို လက်တွေ့ဖော်ဆောင် ကျင့်သုံးခြင်းအားဖြင့် MSMEs များ၏ ထုတ်ကုန်တန်ဖိုး သိသာစွာတိုးတက်လာမည်ဖြစ်ပါသည်။ ။

 

ရည်ညွှန်းကိုးကား

- Deloitte; “Industry 4.0 business models”

 https://www.deloitte.com

- ESCAP; “Policy Guidebook for SMEs Development and Asia and Pacific, UN, 2012

- Jame Love & Roper White; “SME innovation exporting and growth,” ERC Stephen paper No.5, 2013

- ဒေါက်တာမောင်အောင် “စီးပွားရေးစိန်ခေါ်မှုများနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းများ” ဇွန်လ ၂၀၂၆

No comments

Powered by Blogger.