မိုးပျံဘောလုံးစီးနင်း၍ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် ပုဂံမြို့၏ရှုခင်းအလှကို ကြည့်ရှုခံစားမှုများလာ
ရန်ကုန် အောက်တိုဘာ
၂၅
မြန်မာနိုင်ငံ၏
ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံဒေသတွင် သီတင်းကျွတ် ပွဲတော်ကာလ၌
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဘုရားစေတီပုထိုးများနှင့် ပုဂံမြို့ပြ၏
သဘာဝရှုခင်းအလှကို ဝေဟင်မှ မိုးပျံဘောလုံးစီးနင်း၍ ကြည့်ရှုခံစားမှု များလာကြောင်း
အဆိုပါ မိုးပျံဘောလုံး ဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။
မိုးပျံဘောလုံး
ဝန်ဆောင်မှုကို အောက်တိုဘာ ၁၅ ရက်တွင် BOB ကုမ္ပဏီမှ စတင်ပျံသန်းခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် Oriental
Ballooning နှင့် အောက်တိုဘာ ၂၄ ရက်တွင် STT (ရှင်သန်သူ) တို့မှ ပျံသန်းခဲ့ကာ နိုဝင်ဘာ ၁၈ ရက်တွင် Golden Eagle ကုမ္ပဏီမှ စတင်ပျံသန်းသွားမည်ဖြစ်သည်။
မိုးပျံဘောလုံးစီးနင်းရာတွင် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၃၀၊ ၁၇၀၊
၁၆၅ နှင့် ၁၅၀ တို့ဖြင့် ဝန်ဆောင်မှုပေးထားပြီး နိုင်ငံသားများအနေဖြင့်
အဆိုပါသတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် စီးနင်းနိုင်ကြောင်း သိရသည်။
ပုဂံယဉ်ကျေးမှု
အမွေအနှစ် နယ်မြေသည် ၄၅ စတုရန်းကီလို မီတာကျယ်ဝန်းပြီး ဘုရားစေတီ ဂူပေါင်း ၃၈၃၇
ဆူတည်ရှိ၍ စေတီ ပုထိုးဝန်းကျင်ရှိ ဂန္တာရပင်များနှင့် ချုံနွယ်များကို
ရှင်းလင်းထားမှုဖြင့် ရှေးဟောင်း ဘုရားစေတီများအား ထင်ရှားစွာ
ဖူးမြော်နိုင်သည့်အပြင် ပုဂံဒေသ၏ သဘာဝအလှ၊ ရေကန်၊ ထန်းတော၊ ယာတော၊ တောတန်း၊
ကျေးရွာ၊ မြို့ပြ၊ တုရင်တောင်၊ နတ်သမီးကမ်းပါး၊ ဧရာဝတီမြစ်ပြင်နှင့် သောင်ပြင်
စိုက်ခင်းရှုခင်းအလှတို့ကို တွေ့မြင် ခံစားရကြောင်း သိရသည်။
မိုးပျံဘောလုံး
ပျံသန်းမှုကို အတွေ့အကြုံရင့် နိုင်ငံခြားသားများက ဦးဆောင်ပျံသန်းပြီး ကွင်းအမှတ်
(၂၈/၃) အမှတ်(၇)ဓာတ်အားပေးစက်ရုံ တောင်ဘက်နှင့် ဝက်ကြီးအင်းဂူပြောက်ငယ်
မျက်နှာချင်းဆိုင် တောင်ဘက်လမ်းကြားတို့မှ အများဆုံးလွှတ်တင်လေ့ရှိကာ Bagan Lodge
Hotel အနောက်ဘက်နှင့် နကြိုးအင်ကွင်းတို့တွင် ပြန်လည်ဆင်းသက်လေ့ရှိသည်။
ယခု သီတင်းကျွတ်ပွဲတော်ကာလ၌ ခရီးသွားများ ဝင်ရောက်လာမှုကြောင့် ပုဂံဒေသသည်
စည်ကားလျက်ရှိပြီး မိုးပျံဘောလုံး စီးနင်းကြသည့် ပြည်တွင်း/ ပြည်ပခရီးသွားများကို
နံနက်စောစောပိုင်းတွင် ဝန်ဆောင်မှုများပေးလျက် ရှိသည်။ ပြီးခဲ့သည့်သီတင်းကျွတ်
ပွဲတော်ကာလ ခရီးသွားရာသီ၌ မိုးပျံဘောလုံးကုမ္ပဏီသုံးခုမှ ဝန်ဆောင်မှုပေးခဲ့ပြီး
ယခုနှစ်တွင် ကုမ္ပဏီလေးခုမှ ဝန်ဆောင်မှုပေးလျက်ရှိကာ အဆိုပါမိုးပျံ
ဘောလုံးပျံသန်းမှုကို ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းအထိ ဝန်ဆောင်မှု
ပေးသွားမည်ဖြစ်၍ ရာသီဥတုကောင်းမွန်ပါက မတ်လအထိ ဆက်လက်ပျံသန်းပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
ဥသာ၊ ဓာတ်ပုံ -
ကိုလွင်

No comments