အကြမ်းဖက် NUG အဖွဲ့အတွက် Nway Oo Hti Website မှတစ်ဆင့် တရားမဝင် ထီရောင်းချသူ ကိုယ်စားလှယ်များအား ဖမ်းဆီးရမိ



 

နေပြည်တော် အောက်တိုဘာ ၃၀

 

အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေရန်နှင့် အစိုးရအုပ်ချုပ်မှု ယန္တရားများပျက်ပြားစေရန်ရည်ရွယ်၍ သွေးထိုးလှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများအား အစဉ်တစိုက်ပြုလုပ်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထိုသို့ပြုလုပ်ခဲ့မှုများအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များအား ထောက်ခံမှုနှင့် အားပေးကူညီထောက်ပံ့မှုများ ပြုလုပ်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုလည်း ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

 

အကြမ်းဖက် NUG အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ၎င်းတို့အဖွဲ့ ရေရှည်ရပ်တည်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဩဂုတ်လခန့်မှစတင်၍ Nway Oo Hti Website အား အသုံးပြုကာ တရားမဝင်ထီရောင်းချခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းမှ ရရှိငွေများအား အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် ၎င်းတို့၏လက်ဝေခံအဖွဲ့များထံသို့ ထောက်ပံ့လျက်ရှိကြောင်း၊ အကြမ်းဖက် NUG အဖွဲ့သည် နွေဦးထီရောင်းချနိုင်ရန်အတွက် ၎င်းတို့ကို ထောက်ခံအားပေးသူများအား ကိုယ်စားလှယ်အဖြစ်ထားရှိ၍ တရားမဝင် နွေဦးထီအား ရောင်းချလျက်ရှိကြောင်း အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏လုပ်ရပ်များကို မလိုလားသော အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ သိရှိရသည်။

 

အဆိုပါတရားမဝင် နွေဦးထီရောင်းချသူ ကိုယ်စားလှယ်များအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ တရားမဝင်နွေဦးထီ ရောင်းချသူကိုယ်စားလှယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ နန္ဒာလှိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နေ ဆုမြတ်ဝေ (ခ) လေးပေါင်တို့ နှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရရှိခဲ့ပါသည်။

 

ဖမ်းဆီးရမိတရားခံ နန္ဒာလှိုင်သည် PRF ၏ အကြမ်းဖက်ထောက်ပို့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလခန့်မှစ၍ နွေဦးထီရောင်းချသူကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊ နွေဦးထီပေါက်သူများအား တရားမဝင် SDB ဘဏ်အကောင့်အသုံးပြု၍ ၎င်းမှတစ်ဆင့် ပြန်လည်လွှဲပေးရသူဖြစ်ကြောင်း၊ ဖမ်းဆီးရမိတရားခံ ဆုမြတ်ဝေ(ခ)လေးပေါင်သည် PRF ၏ အကြမ်းဖက်ထောက်ပို့အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇွန်လမှစ၍ တရားမဝင် နွေဦးထီရောင်းချသူ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ၎င်းကိုယ်တိုင် တရားမဝင်နွေဦးထီများအား လစဉ်ဝယ်ယူခဲ့ကြောင်းနှင့် ထီရောင်းချရသည့်ငွေများအား အကြမ်းဖက်အဖွဲ့များထံသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရှိရသည်။

 

ဖမ်းဆီးရမိ တရားခံနှစ်ဦးသည် PRF ၏ အကြမ်းဖက်ထောက်ပို့ အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခြင်း၊ အကြမ်းဖက်ထောက်ပို့ငွေများအား ငွေပေး/ငွေယူပြုလုပ်၍ လွှဲပြောင်းပေးခြင်း၊ တရားမဝင်နွေဦးထီလုပ်ငန်း တွင် ထီရောင်းချသူကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက် NUG အဖွဲ့၏ တရားမဝင်နွေဦးထီ ရောင်းချသူကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူများ၊ ဝယ်ယူအားပေးသူများနှင့် ပါဝင်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်ပါသည်။

 

CRPH၊ NUG အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အကြမ်းဖက်သမားများအား ထောက်ခံမှု၊ အားပေးကူညီမှုနှင့် ငွေကြေးထောက်ပံ့မှုများ မပြုလုပ်ခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်နှင့်အညီ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်အားပေး ထောက်ခံမှုပြုလုပ်နေသူများ၏သတင်းကို သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့တိုင်ကြားနိုင်ပြီး သတင်းပေးပို့လာသူများကိုလည်း ထိုက်တန်စွာ ဆုကြေးများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။  

 

သတင်းစဉ်

No comments

Powered by Blogger.