သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆) ပြည်သူ့စစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းကာလ လျှော့ပေါ့ခွင့်ရရှိကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ထိုက်တန်စွာချီးမြှင့်ပေးအပ်



နေပြည်တော် အောက်တိုဘာ ၃၀

 

“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၆) တွင် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးသွင်း၍ နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး တာဝန်များကို နိုင်ငံ့သားကောင်းများပီသစွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

 

အလားတူ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်နေသူ၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါပြည်သူ့ စစ်မှုထမ်းတာဝန်ထမ်းဆောင်လျက်ရှိသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့ စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိ လျှော့ပေါ့ပေးလျက်ရှိသည်။ ထို့အတူ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်နေသူ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူ ဖြစ်ပါကလည်းကောင်း အဆိုပါ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်လျက်ရှိသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန် ကာလ၏သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးလျက်ရှိသည်။

 

ထိုသို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) မှ ပြည်သူ့စစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းကာလ လျှော့ပေါ့ခွင့်ရရှိကြသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၇) မှ အမှတ်စဉ် (၁၄) အထိ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့စစ်မှုထမ်း ဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှတိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သတ်မှတ်စစ်မှုထမ်းကာလကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်၍ သတ်မှတ်စစ်မှုထမ်း ကာလပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းများ၊ ဂုဏ်ပြုနေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံ၍ နိုင်ငံ့သားကောင်းစစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

သတ်မှတ်စစ်မှုထမ်း ကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်း ကာလလျှော့ပေါ့ခွင့်ရရှိကြသည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် ၎င်းတို့၏ဘဝတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသော နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ခဲ့ကြသူများ အဖြစ်လည်းကောင်း၊ နိုင်ငံကြီးသားပီသစွာဖြင့် ဥပဒေပါတာဝန်များကို ကျေပွန်ခဲ့ကြသူ များအဖြစ်လည်းကောင်း သမိုင်းဝင်ကမ္ပည်းမော်ကွန်းထိုး မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက်တွင် ရသင့် ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှု များရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးခဲ့သည့်အပြင် နိုင်ငံတော်အတွက် လိုအပ်နေသည့်အချိန်တွင် အသက်ကို ပဓာနမထားဘဲ နိုင်ငံ့အကျိုးအတွက် တပ်မတော်၏အရန်အင်အားအဖြစ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့မှုအပေါ် နိုင်ငံတော်နှင့်တပ်မတော်က တန်ဖိုးထားလေးစားဂုဏ်ပြုလျက်ရှိသည်။

 

ပြည်သူ့ စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလ ပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်း‌ဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင် (သို့) အလားတူ ရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သောအကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများအနေဖြင့် အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ဆန္ဒရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်း အပါအဝင် ပြည်တွင်း/ ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးတို့အတွက် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” က သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းအချို့အနေဖြင့် သက်ဆိုင်ရာ ရုံး၊ ဌာနများနှင့် လုပ်ငန်းခွင်များတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

 

ထို့ပြင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်း အချို့သည်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင် လိုသည့်အတွက် ကိုယ်တိုင်ဆန္ဒပြု ၍ တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်ကြသည်များ လည်းရှိကြကြောင်း သိရသည်။

 

ယခုကဲ့သို့ နိုင်ငံ့တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့ကြပြီး သတ်မှတ်တာဝန်ကာလ ပြည့်မြောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မိမိတို့၏အခန်းကဏ္ဍကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများ၏ ကြိုးပမ်းအားထုတ်မှု၊ အနစ်နာခံမှုနှင့် တာဝန်သိစိတ်တို့ကို လေးနက်စွာ အသိအမှတ်ပြု ဂုဏ်ပြုခြင်းပင်ဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိကြသည့် ပြည်သူ့စစ်မှုထမ်းများ၊ သင်တန်းတက်ရောက်လျက်ရှိကြသည့် လူငယ်လူရွယ်များသာမက နောင်လာမည့်မျိုးဆက်သစ် လူငယ်များအတွက်ပါ နိုင်ငံသားတစ်ဦး၏ တာဝန်သိစိတ်၊ စည်းကမ်းလိုက်နာမှုနှင့် မိမိထမ်းဆောင်ရမည့် တာဝန်အပေါ်အလေးထားမှုတို့ကို စံနမူနာကောင်းတစ်ခုသဖွယ် တည်ရှိနေမည်ဖြစ်သည်။

 

သတ်မှတ်ကာလပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရသည်-

 

၁

ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံ့သားကောင်းတစ်ယောက် နိုင်ငံတော်က ချမှတ်ထားတဲ့ဥပဒေကို လိုက်နာဆောင်ရွက်ပြီးတော့ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ နှစ်နှစ်တာ အတွင်းမှာလည်း အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကတော့ အများကြီးရခဲ့ပါတယ်။ တာဝန်ထမ်းဆောင်လာမယ့် ကျွန်တော်တို့ ညီတော်မောင်တွေကိုလည်း ကျွန်တော်တို့က လက်ကမ်းကြိုပါတယ်ဗျ။ အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ကိုလည်း သိရှိအောင်ပေါ့။ ဘာမှလည်း ခက်ခဲတဲ့အရာတစ်ခု မဟုတ်ဘူး။ ကိုယ်ကဒီနိုင်ငံမှာ နေပြီးတော့ ဒီဥပဒေအတိုင်း လိုက်နာသွားရမှာ ဖြစ်တဲ့အတွက် အားလုံးကိုလာခဲ့ပါလို့ လက်ကမ်းကြိုဆိုပါတယ်။

 

၂

ကျွန်တော် ဒီပြည်သူ့စစ်မှုထမ်းကို ဝင်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့လူမျိုးကို ကာကွယ်ဖို့အတွက်နဲ့ အမျိုးဘာသာ သာသနာ ကာကွယ်ချင်တဲ့အတွက် ဝင်ရောက်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်အတွေ့အကြုံကတော့ ရှေ့တန်းစခန်းကုန်းတွေမှာ တာဝန်ပေးတဲ့အချိန်ဆို သူငယ်ချင်းတွေနဲ့ စည်းစည်းလုံးလုံး၊ စွန့်စွန့်စားစား အကုန်လုံး ဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်။ ဒီဂုဏ်ပြုလက်မှတ်ရတာကို ကျွန်တော်အတိုင်းမသိဝမ်းသာပါတယ်။ ကျွန်တော်တို့ ဒီဆု လက်မှတ်ရဖို့ဆိုတာ ချွေးနဲ့သွေးနဲ့ ရင်းပြီးမှ ရရှိခဲ့တာဖြစ်ပါတယ်။

 

၃

တာဝန်ကျတဲ့ တပ်မှာတော့ ကျွန်တော်တို့က သင်တန်းဆင်းပြီးတော့ လေယာဉ်တွေအကြောင်းကို လေ့လာတယ်။ လေယာဉ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေကို လေ့လာတယ်ခင်ဗျ။ အတွေ့ အကြုံကတော့ အပြင်လောကမှာ မမြင်ဖူးတဲ့ လေယာဉ်တွေအကြောင်းကို လေ့လာရတဲ့ အတွေ့အကြုံလေးတွေ ရှိပါတယ်။ အမှတ်တရကတော့ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီးတော့ အလုပ်လုပ်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ နှစ်နှစ်တာကာလ တာဝန်ပြီးမြောက်လို့ ပေးအပ်တဲ့ ဂုဏ်ပြုလွှာအတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်။

 

သတင်းစဉ်






No comments

Powered by Blogger.