နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော်တည်ဆောက်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင်
ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်အောင်စန်းနှင့်
ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ
လိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး
အကောင်အထည်ဖော် တည်ဆောက်နေမှုအခြေအနေများကို
လိုက်လံကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင်
လမ်းသစ်ဖောက်လုပ်နေမှု
ဦးစွာ နိုင်ငံတော်သမ္မတသည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင်
လမ်းသစ်ဖောက်လုပ် နေမှုနှင့် အဆိုပါလမ်းသစ်ပေါ်ရှိ ရုံးပင်ချောင်းတံတားတည်ဆောက်နေမှု
အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက
နိုင်ငံတော်၏မြို့တော်သို့ ဝင်ရောက်သည့် လမ်းကြောင်း
တစ်ခုဖြစ်လာမည်ဖြစ်သဖြင့် လမ်းတံတားများ တည်ဆောက်ရာတွင် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့်
အဆင့်မီမီတည်ဆောက်ပြီးစီးနိုင် ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းတံတားများအား အနာဂတ်တွင်
တိုးတက်ဖြစ်ပေါ်လာနိုင်မည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်အသုံးပြု သွားလာမှုများအပေါ်
မူတည်ထည့်သွင်းတွက်ချက်၍လည်း တည်ဆောက်သွားရန်လိုကြောင်း၊ ဝင်လမ်း ထွက်လမ်းများနှင့်ပတ်သက်၍လည်း
ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစား၍ တည်ဆောက်သွားရန်လိုကြောင်း၊
တံတားများနှင့်လမ်းများ ကြံ့ခိုင်မှုရှိစေရေး၊ လမ်းပခုံး မြေသားနံရံများ စနစ်တကျဖြစ်စေရေးအတွက်လည်း
ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်တွင်
အရိပ်ရလေကာပင်များနှင့် အမြဲစိမ်းသစ်ပင်များ စိုက်ပျိုးသွား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို
လမ်းညွှန်မှာကြားသည်။
ထို့နောက် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ
ရာဇသင်္ဂဟလမ်းကြောင်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်
ထားရှိမှု၊ လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရ လေကာပင်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှု
စစ်ဆေးသည်။
ပြည်သူ့ရင်ပြင်တည်ဆောက်ရေးလုပ်ငန်းခွင်
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
နေပြည်တော် ပြည်သူ့ရင်ပြင်သို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့က နေပြည်တော် ပြည်သူ့ရင်ပြင်ဆိုင်ရာ
အချက်အလက်များ၊ ရင်ပြင်ပတ်လည်နေရာများ၌ အထင်ကရ
ပုဂ္ဂိုလ်များ၏ ရုပ်တုများ၊ စကျင်ကျောက်များဖြင့် ထုဆစ်ပုံဖော်ထားသည့် ရုပ်လုံးရုပ်ကြွများ
ထည့်သွင်း တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ ပန်းခြံနေရာများ၊ လျှောက်လမ်းများ၊
ဖျော်ဖြေရေး ရင်ပြင်နှင့် Shop House များ၊ ယာဉ်ရပ်နားရန်နေရာများနှင့် အခြားလိုအပ်သည့်
အဆောက်အအုံများ ထည့်သွင်းတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု
အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ
က နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေအား မြို့တော်အင်္ဂါရပ်နှင့်အညီ
ခေတ်မီပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော မြို့ပြတစ်ခုအဖြစ်ဖြစ်ပေါ်လာစေရေး ဘက်ပေါင်းစုံမှ
အကောင်အထည်ဖော် စဉ်းစားဆောင်ရွက် သွားကြရန်လိုကြောင်း၊
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့်
ရေရှည်တည်တံ့ ခိုင်ခံ့မှုရှိစေရေး၊ အဆင့်မီမီဖြစ်စေရေး စနစ်တကျ ဆောင်ရွက်သွားကြရန်လိုကြောင်း၊
ရုပ်တုများနှင့် ရုပ်လုံးရုပ်ကြွများ ထည့်သွင်းတည်ဆောက်ရာတွင် မြန်မာမှုနှင့် ပန်းချီပန်းပု
ပညာရှင်ကြီးများထံမှ အကြံဉာဏ်များရယူ၍ စနစ်တကျ ဆောင်ရွက်သွား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွန်မှာကြားသည်။
ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ပြည်ထောင်စုဂုဏ်ပြုဗိမာန်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမ၌
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊
ပြည်ထောင်စုဂုဏ်ပြုဗိမာန် အဆိုပြု 3D ပုံစံများနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ
ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ
က ပြည်ထောင်စုဂုဏ်ပြုဗိမာန်ကို ပြည်ထောင်စု နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ကြသူများနှင့်
ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများကို
ဂုဏ်ပြုနိုင်ရန်အတွက် ရည်ညွှန်းတည်ဆောက် စေခြင်းဖြစ်သဖြင့် ခမ်းခမ်းနားနားနှင့် အဆင့်မီမီ
ဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို
မောင်နှမများအပါအဝင် ပြည်ပနိုင်ငံများမှ လာရောက်
ဂုဏ်ပြုကြသူများအနေဖြင့် အဆင့်မီမီနှင့် စနစ်တကျ လာရောက်ဂုဏ်ပြုနိုင်ရေး အတွက်လည်း
လျာထားဆောက်လုပ်သွားရန်လိုကြောင်း၊ ပန်းစည်းချဂုဏ်ပြုမည့်နေရာများအတွက် လည်း စနစ်တကျ စီမံထည့်သွင်းသွားရန်လိုကြောင်း၊
ယာဉ်ရပ်နားရန် နေရာများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပမှုရှိစေရေး အမြဲစိမ်း သစ်ပင်များနှင့်
ပန်းမန်များကို စနစ်တကျဖြင့် ထည့်သွင်းစိုက်ပျိုးသွားရန်လိုကြောင်းနှင့်
အခြားလိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း
လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments